တိုးတက်ခေတ်မီတဲ့ နိုင်ငံတည်ဆောက်ဖို့ဆိုရင် ညီညီ ညွတ်ညွတ် သဘောထားပြီး လက်တွဲ ကြရမှာပါ။

hnm | 金曜日, 4月 03, 2015 |



ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအား နှစ်ဖက် သဘောတူ ညှိနှိုင်းပြုစုရေးဆွဲ ပြီးစီးကြောင်း အတည်ပြုချက်အား ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုး နိုင်ခဲ့သည်။
အဆိုပါ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် မူကြမ်းရရှိရေးအတွက် မြစ်ကြီးနားမြို့တွင် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က(UPWC)နှင့်(NCCT)တို့အကြား ပထမဆုံး အကြိမ် စတင်ဆွေးနွေးခဲ့ပြီး ပြည်တွင်း ပြည်ပတွင် အလွတ် သဘော(၂၂)ကြိမ်၊ တရားဝင်(၇)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခု ကဲ့သို့ နှစ်ဖက်သဘောတူညီသည့် စာချုပ်မူကြမ်း ပြုစုနိုင်ခဲ့ခြင်းမှာ မြန်မာနိုင်ငံရေးသမိုင်းတွင် သမိုင်း တွင်သည့် အဖြစ်အပျက်တစ်ခုအပြင် ပြည်သူများ၏ ငြိမ်းချမ်းရေးမျှော်လင့် ချက်ကို အကောင်အထည်ဖော်မည့် ခြေလှမ်းသစ်ဖြစ်ခြင်းကြောင့် မင်္ဂလာ ရှိသည့် နေ့တစ်နေ့အား မန္တလေး ပြည်သူများ၏ ဝမ်းသာပီတိစကားများ ဖြင့် ဖော်ပြလိုက်ပါသည်။

ဆရာဆူးငှက်(အမျိုးသားစာပေဆုရှင်)
မြန်မာပြည်က နှစ်ပေါင်းရာချီပြီး သူ့ကျွန်လက်အောက် ကိုလိုနီဘဝ ရောက်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြန် တော့လည်း အချင်းချင်းသဘောထား မညီညွတ်ကြမှုကြောင့် ပြည်တွင်းစစ် မီးကြီး တောက်လောင်ခဲ့လို့ တိုင်းရင်းသား ပြည်သူလူထုအားလုံးက ငြိမ်း ချမ်းရေးရချင်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်ကတည်းကပါ။ငြိမ်းချမ်းမှ ညီညွတ်မယ်။ ညီညွတ်မှ တိုးတက်မယ်။ တိုးတက်ခေတ်မီတဲ့ နိုင်ငံတည်ဆောက်ဖို့ဆိုရင် ညီညီ ညွတ်ညွတ် သဘောထားပြီး လက်တွဲ ကြရမှာပါ။ ဒီအတွက် အခြေခံဖြစ်တဲ့ ငြိမ်းချမ်းရေးဟာ အရေးကြီးဆုံးပါ။ ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ။

ဦးမင်းလွင်
(ဆေးလူမှုဆက်ဆံရေးအရာရှိ)

ဒီနေ့မနက်သတင်းစာကို ဖတ် လိုက်ကတည်းက စိတ်ထဲမှာပေါ့ပါးလန်းဆန်းသွားတယ်။၂ဝ၁၁ ခုနှစ်က စပြီး နိုင်ငံတော်သမ္မတကြီးတာဝန်ယူ ခဲ့တဲ့အချိန်အတွင်း ငြိမ်းချမ်းရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအတည်ပြုချက် လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်းဟာ နိုင်ငံသားတွေ အတွက် စိတ်ပျော်ရွှင်အေးချမ်း မှုကို ရရှိစေပါတယ်။ လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းမှ တကယ့် ငြိမ်းချမ်းရေးကိုရမယ်။ ငြိမ်းချမ်းရေး ရမှသာလျှင် နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးမှုတွေ အများကြီးလုပ်နိုင် မယ်။ အဲဒီကမှတစ်ဆင့် တစ်ယောက် နဲ့တစ်ယောက် ယုံကြည်မှုတွေရရှိပြီး နှစ်ပေါင်း ၆ဝ ကျော် ဖြစ်ပွားလာတဲ့ တိုက်ခိုက်မှုတွေ အပြီးတိုင်ချုပ်ငြိမ်း သွားမယ်။ ကျွန်တော်တို့ ကျန်းမာရေး အပိုင်းမှာလည်း လူတိုင်းသက်တမ်း စေ့နေနိုင်ရေးနဲ့ ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးစောင့် ရှောက်ပေးဆိုတဲ့ မူဝါဒရှိပါတယ်။ငြိမ်းချမ်းရေးရရှိလာပြီးရင် နေရာ ဒေသမရွေး ကျန်းမာရေးစောင့် ရှောက်မှုတွေကို ပိုပြီးဆောင်ရွက်လာ နိုင်မှာမို့ လှိုက်လှဲစွာကြိုဆိုပါတယ်။

ဒေါ်စန်းစန်းအေး (ပညာရေးဝန်ထမ်း)
ကိုယ့်နိုင်ငံအတွင်းမှာအတူ တကွနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြတော့မယ်၊ ငြိမ်းချမ်းတော့မယ် ဆိုတာ သိရတော့ အလွန်ဝမ်းသာမိပါတယ်။ ငြိမ်းချမ်းရေးဟာ ပြည်သူပြည်သားတွေ အလွန်လိုလား တောင့်တနေတဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်ပါပဲ။ တိုင်းပြည် အေးချမ်းသာယာမှ ဒေသမရွေး တာဝန်ထမ်းဆောင်မယ့် ပညာရေး ဝန်ထမ်းတွေ များပြားလာမယ်၊ ဆရာ လိုအပ်ချက်တွေ ပြည့်စုံလာမယ်။ဝေးလံဒေသမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးလိုအပ်ချက်တွေ ပြည့်စုံမှ တိုင်းပြည်အနာဂတ် တိုးတက်မှာပါ။အဓိကကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်း ကြရင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေ တန်းတူညီမျှ တိုးတက် ကောင်းမွန်လာတော့မှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအလင်း တန်းကြီးကို မျှော်လင့်နေပါတယ်။
မင်းထက်အောင်(မန်းကိုယ်ပွား)
MOI

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ