မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်အား ထောက်ခံအားပေးကြောင်း စည်းကမ်းရှိစွာ ဆန္ဒထုတ်ဖေါ်ပွဲများ ပြုလုပ်

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးနိုင်တာကို ကြိုဆိုထောက်ခံကြောင်း မွန်ပြည်နယ် မုဒုံမြို့မှာ ဒေသခံ တစ်ထောင်ကျော်က ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။
အဲဒီ့ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့တဲ့ မြို့ခံ ဦးထိန်ဝင်းက ငြိမ်းချမ်းရေးရရှိဖို့အတွက် အရေးကြီးတဲ့ အပစ်ခတ်ရပ် စဲရေးကို စတင်အကောင်အထည်ဖော်နိုင်တာကို ပြည် သူတွေအနေနဲ့ ထောက်ခံကြောင်း ပြသတာဖြစ်တယ် လို့ ပြောပါတယ်။
"ကျနော်တို့က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ပေါ့ဗျာ၊ အဲဒီ့စာချုပ်ချုပ် ဆိုနိုင် တဲ့အတွက် ထောက်ခံတယ်ဆိုတဲ့အကြောင်း ဆန္ဒဖော်ထုတ်တာပေါ့ဗျာ၊ ဒီသဘောတူစာချုပ် ကနေပြီးတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲတဲ့ စာချုပ်ကို နှစ်ဦး နှစ်ဖက်ရေးထိုးဖို့အတွက် ကျနော်တို့က ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်၊ တစ်နိုင်ငံ လုံးနဲ့ တစ်မျိုးသားလုံးအတွက်ငြိမ်းချမ်းရေးရရင် ကျနော်တို့နိုင်ငံအတွက် ကောင်းမယ်၊ ငြိမ်းချမ်းရေးနဲ့ အတူ တည်ငြိမ်မှုတွေရှိလာမယ်၊ ဖွံ့ဖြိုးတိုးတက်မှုတွေရလာမယ်၊ ကျနော် တို့ကအင်မတန်လိုလားလို့ ဆန္ဒထုတ်ဖော် တာပါ"
အဲဒီ့ဆန္ဒဖော်ထုတ်ပွဲကို မုဒုံမြို့ပေါ် ရပ်ကွက် လေးခုနဲ့ ဘဲရမ်း၊ ကျုံဖိုက်၊ ၀က်သဲ စတဲ့ ကျေးရွာ ခုနှစ်ရွာလောက် က ဒေသခံတွေပါဝင် တက်ရောက်ခဲ့ကြပါတယ်။
မွန်ပြည်နယ် သထုံမြို့နဲ့ ကျိုက်မရောမြို့တွေမှာလည်း ဒေသခံတွေက အလားတူ ဆန္ဒဖော်ထုတ်ပွဲတွေကို ဒီနေ့ ပြုလုပ်ခဲ့ ကြပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က နိုင်ငံတော် သမ္မတရှေ့မှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
RFA
မုဒုံမြို့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသ ဘောတူစာချုပ် (NCA)မူကြမ်း သဘောတူ လက်မှတ်ရေးထိုးနိုင်မှုအား ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပြုလုပ်


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်း သဘောတူလက်မှတ် ရေးထိုးနိုင်မှုအား ထောက်ခံသောအားဖြင့် ဧပြီ(၅)ရက် နံနက် (၇)နာရီခွဲတွင် မုဒုံမြို့၌ အင်အား(၁၀၀၀)ခန့်သည် ခွင့်ပြုချက်ရယူ၍ ဆန္ဒဖော်ထုတ်ခဲ့သည်။
အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းကို မုဒုံမြို့ မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်ရှေ့တွင် စုရပ်ပြုလုပ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်းအား အပြည့်အ၀ ထောက်ခံသည်။ ထာဝရငြိမ်းချမ်းရေး အမြန်ရအောင် ဆောင်ရွက်ပေး၊ ရဟန်းရှင်လူ ပြည်သူအားလုံး အပစ်အခတ်ရပ်၍ ငြိမ်းချမ်းမှုကို လိုလားသည်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြီးသတ်စာချုပ် အမြန်ချုပ်ဆိုပေး စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး”၊ “အပြီးသတ်စာချုပ် အမြန်ချုပ်ဆို ပေးရေး”၊ “ထာဝရ ငြိမ်းချမ်းရေး အမြန်ရအောင် ဆောင်ရွက်ပေးရေး” စသည့် ကြွေးကြော်သံ များဖြင့် မော်-သံလမ်းအတိုင်း မြို့မ(၄)ရပ်ကွက်၊ ချမ်းမြကန်သာလမ်းထိပ်မှ ရွှေဟင်္သာဈေးရှေ့၊ ၄င်းမှ ကျွန်းရွာလမ်းနှင့် ဝိဇယလမ်းဆုံအထိ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြပြီး နံနက်(၈)နာရီ (၁၅)မိနစ်တွင် ဆန္ဒဖော်ထုတ်ပွဲ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
MOI
ငြိမ်းချမ်းရေးကို လိုလားသူများ စုပေါင်းကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်း သဘောတူ လက်မှတ်ရေးထိုးနိုင်မှုအား ထောက်ခံဆန္ဒဖော်ထုတ်



တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)မူကြမ်း သဘောတူ လက်မှတ်ရေးထိုး နိုင်မှုအား ကြိုဆိုထောက်ခံပြီး ဧပြီလကုန်ပိုင်းတွင် အပြီးသတ်လက်မှတ်ရေးထိုး နိုင်ရေးအတွက် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငြိမ်းချမ်းရေး လိုလားသူ ဒေသခံတိုင်းရင်းသား ပြည်သူများစုပေါင်းကာ ဧပြီ ၅ ရက် နံနက် ၇ နာရီ ၄၅ မိနစ်မှစတင်၍ ခွင့်ပြုချက်ရယူပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။
“ဦးလေးတို့က ငြိမ်းချမ်းရေးကို လိုချင်လွန်းအားကြီးလို့ ခုလိုဆန္ဒဖေါ်ထုတ်တာပါ။ ဦးလေး မွေးတဲ့ အချိန်ကစအခုထက်ထိပေါ့ နိုင်ငံကမငြိမ်းချမ်းခဲ့ဘူး တိုင်းရင်းသားအချင်းချင်း အကြောင်း အမျိုးမျိုးကြောင့် တိုက်ကြခိုက်ကြနဲ့ နောက်ပြီး ဦးလေးက နယ်စပ်မှာနေခဲ့တာဖြစ်တဲ့အတွက် ပိုခံစားရ တယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတနဲ့ တာဝန်ရှိသူတွေ ကြိုးပမ်းနေကြတဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်း ရေးကို လိုလားတယ်၊ ထောက်ခံတယ်။ ခပ်မြန်မြန်လေး ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ဆန္ဒဖေါ်ထုတ်ရာတွင် ပါဝင်သည့် ကရင်တိုင်းရင်း သားများအား ဦးဆောင်သူ မြို့နယ်ကရင်စာပေ နှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစောစံတင် က ပြောသည်။
ထိုသို့ဆန္ဒဖော်ထုတ်ရာတွင် ဒေသခံပြည်သူများနှင့် သထုံမြို့နယ် အတွင်းရှိ ကရင်၊ ပအိုဝ်း၊ မွန် တိုင်းရင်းသားများ စုစုပေါင်း အင်အား ၁၁၅၀ ကျော်တို့က ခရိုင်အားကစားကွင်းမှ စတင်ထွက်ခွာကာ ရဟန်းရှင်လူ ပြည်သူအားလုံး အပစ်အခတ်ရပ်၍ ငြိမ်းချမ်းရေး ကိုလိုလားသည်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ပေးပါ။ စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် မြသပိတ်ဘုရားလမ်းမှ တစ်ဆင့် ရန်ကုန်-မော်လမြိုင်လမ်းအတိုင်း ယင်းမှရွှေစာရံ ဘုရားလမ်းအတိုင်း ခရိုင်အားကစားကွင်းသို့ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။
ပအိုဝ်းတိုင်းရင်းသားများကို ဦးဆောင်သူ မြို့နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးခွန်ကျော်သိန်းက “ဒီကနေ့ ပအိုဝ်းတိုင်းရင်းသားတွေ ကိုယ်စားပြုပြီး ပါဝင်ရတဲ့ သဘောကတော့ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အားလုံးကကြိုးပမ်းပြီး လက်မှတ်ရေးထိုးခဲ့ကြတာကို ထောက်ခံပြီးလာမယ့် ဧပြီလကုန်လောက်မှာ အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တာပါ”ဟု ၎င်း၏ဆန္ဒကို ပြောကြားသည်။
ယခုကဲ့သို ငြိမ်းချမ်းရေးကို လိုလားသူများ စုပေါင်းကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းအား ထောက်ခံသည့် ဆန္ဒဖော်ထုတ်ခြင်းကို မွန်ပြည်နယ် အတွင်း ဧပြီ ၅ ရက်တွင် သထုံမြို့၊ ကျိုက်မရောမြို့နှင့် မုဒုံမြို့တို့တွင် တစ်ပြိုင်တည်းပြုလုပ် ခဲ့ကြကြောင်း သိရသည်။
MOI
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း