ကျည်ဆန်တွေအစား ပန်းများပွင့်စေ

ကြေညာချက်များ ထုတ်ပြန်
နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်အား မတ် ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်း ချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC) ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့မှ အဖွဲ့ဝင်များ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းအပေါ် ဥရောပသမဂ္ဂ၊ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားတို့က မတ် ၃၁ ရက်တွင် ကြေညာ ချက်များ ထုတ်ပြန်ခဲ့ကြသည်။
ဥရောပသမဂ္ဂ
ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ သံရုံးများ၏ ကြေညာချက်တွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအကြား (၇)ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား အောင်မြင်စွာ အဆုံးသတ်နိုင်မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ မစ်ရှင်အကြီး အကဲများက ကြိုဆိုကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲ စတင်စဉ်ကတည်းကပင် ငွေကြေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ပံ့ပိုးမှုပြုခဲ့သည်ဖြစ်ရာ မိမိတို့အနေဖြင့် ဤသဘောတူညီချက်မူကြမ်း သည် မြန်မာနိုင်ငံငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာ မည်ဟု မျှော်လင့်ကြောင်း၊ ဥရောပသမဂ္ဂသည် တိုင်းရင်း သားအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းများ တွက် ညီတူညီမျှ အကူအညီပေးရန် ကြိုးပမ်းခဲ့ကြောင်း၊ စိန်ခေါ် မှုများနှင့် စိုးရိမ်မှုများရှိနေသည်ဟု သဘော ပေါက်လင့် ကစား နှစ်ဖက်စလုံးအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ အစား ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး မှုများဖြင့် မကျေနပ် ချက်များ ဖြေရှင်းရန်လိုအပ်သည်ဟု သဘောပေါက် ကြောင်း၊ ကျွန်ုပ်တို့အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား လာမည့်ရက် သတ္တပတ်များအတွင်း လက်မှတ်ရေး ထိုးနိုင်မည်ဟု မျှော်လင့်ထားပြီး နိုင်ငံရေးဆွေးနွေးပွဲ ပူးတွဲမူဘောင် ဆိုင်ရာ လူတိုင်းပါဝင်သော လုပ်ငန်းများကို စတင်တွေ့ရ တော့မည်ဟု မျှော်လင့်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် နှစ်ဖက်အဖွဲ့ အစည်းများအကြား ဆယ်စုနှစ်များစွာကြာ ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ဘုံရည်မှန်း ချက်များကို အောင်မြင်စေရန် ဆက်လက်ပံ့ပိုးရန်နှင့် မြန်မာပြည်သူများ၏ ကောင်းမွန်သော အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို ဖော်ဆောင်ပေးရန် အသင့်ရှိကြောင်းဖြင့် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဤ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အောင်မြင်မှုရရှိရန် အရေးပါသော ခြေလှမ်း တစ်ရပ်အဖြစ် ပကတိစိတ်ထားအမှန်ဖြင့် ကြိုဆိုကြောင်း၊ ဂျပန်အစိုးရသည် ဂျပန်အစိုးရ၏ အထူးသံ တမန်မစ္စတာ ဆာဆာကာဝါနှင့်အတူ မြန်မာအစိုးရ နှင့် တိုင်းရင်းသားလူနည်းစုများအကြား အမျိုးသားပြန် လည်ရင်ကြားစေ့ရေး အတွက် အောင်မြင်ရေးလုပ်ငန်းစဉ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ထောက်ပံ့ ပေးလျက် ရှိကြောင်း၊ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် ဂျပန်နိုင်ငံက ၅ နှစ်တာ ကာလအတွင်း ဂျပန်ယန်းငွေ ၁ဝ ဘီလီယံ ထောက်ပံ့မည့်အစီအစဉ်ကို ကြေညာခဲ့ပြီး ပဋိပက္ခဖြစ်ပွားရာနယ်မြေများရှိ ပြည်သူများ၏ သက်မွေး ဝမ်းကျောင်း လုပ်ငန်းများ တိုးတက်လာစေရန်ကိုလည်း ကြိုးပမ်းအားထုတ် လျက်ရှိကြောင်း၊ ဤသဘော တူညီစာချုပ်၏ ရလဒ်တစ်ခုအဖြစ် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါ လက်မှတ်ရေးထိုးမှုကို မဆိုင်းမတွ ဖြစ်ပေါ်လာမည်ဖြစ်ပြီး တိုင်းရင်းသားလူနည်းစုနယ်မြေများအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ဦးတည်လာစေမည်ဟု ဂျပန်နိုင်ငံက ခိုင်ခိုင်မာမာ မျှော်လင့်ကြောင်း၊ ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာ စစ်နောက်ပိုင်း နှစ်ပေါင်း ၇ဝ ကြာ ငြိမ်းချမ်းသော လမ်းကြောင်းကို လျှောက် လှမ်းပြီးနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့မှု များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်းဖြင့် ဖော်ပြထားသည်။
နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန
နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံ အတွင်း ပဋိပက္ခကို ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ် လည်းဖြစ် သည်ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး Borge Brende က ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတစ်ရပ် တည်ဆောက်မှုမလုပ်ဆောင်မီ ဖြေရှင်းရန်လိုအပ် နေသေးသည့် စိန်ခေါ်မှုများမှာ ရှုပ်ထွေးပွေလီလှကြောင်း၊ ယခု သဘောတူညီချက်စာချုပ်မူကြမ်းသည် အလွှာပေါင်းစုံ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ်အတွက် ကနဦးခြေလှမ်းဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားသည့် ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် အဖြေရှာခြင်းသည် မြန်မာနိုင်ငံတွင် အကောင်အ ထည်ဖော်ဆောင်ရွက် နေသော ဒီမိုကရေစီ လုပ်ငန်းစဉ်အတွက် အရေးကြီးသော ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးမူကြမ်းအပေါ် သဘောတူညီချက် ရရှိခြင်းသည် နိုင်ငံတော်အတွင်း တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတစ်ရပ်ရရှိရန် ကြိုးပမ်း အားထုတ်မှုများကို ဖြစ်ပေါ်စေ မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ နော်ဝေအစိုးရအနေဖြင့် ယင်းကြိုးပမ်း အားထုတ်မှုများအပေါ် ကူညီပံ့ပိုး သွားမည်ဖြစ်ကြောင်း၊ နော်ဝေအစိုးရသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ ညီချက်ရရှိ ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာအဖွဲ့များ၏ ကြိုးပမ်းမှု ကို ၂ဝ၁၂ ခုနှစ်ကတည်းက ကူညီပံ့ပိုးခဲ့ကြောင်းဖြင့် ဖော်ပြပါရှိသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား ၏ ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာအရေး ကိစ္စများ ဖြေရှင်းနိုင်ရေး အတွက် ဆွေးနွေးပွဲများကို ကျယ်ပြန့်စွာ ကျင်းပနိုင်ရန် ပထမခြေလှမ်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပြည်သူအားလုံးပါဝင်ပြီး သဟဇာတဖြစ်သည့် အနာဂတ်ကို ဖော်ဆောင်ပေး မည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားကြောင်း သိရှိရသည်။
MOI
ကျည်ဆန်တွေအစား ပန်းများပွင့်စေတော့မည့် ငြိမ်းချမ်းရေးကြီးဆီသို့

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်ကို မတ် ၃၁ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ ငြိမ်းချမ်းရေးအတွက် သဘောတူ လက်မှတ်ရေးထိုး နိုင်သည့်အပေါ် နိုင်ငံသားအချို့၏ သဘောထားအမြင်များကို တင်ပြလိုက်ပါသည်။
ဦးလှမောင်ရွှေ
(ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ နည်းပညာအထောက် အကူပြုအဖွဲ့)
ကျွန်တော်တို့ မျှော်လင့်တာကတော့ သိပ်မကြာခင်မှာ တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်မှာ လက်မှတ်ရေးထိုးမယ့်ရက် မဝေးတော့ဘူးလို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း မေတ္တာရပ်ခံပါတယ်။ လက်မှတ်ရေးထိုးပွဲကြီး ကျင်းပပြီးတဲ့နေ့ကစပြီး ရက်ပေါင်း ၆ဝ အတွင်းကနေ ရက် ပေါင်း ၉ဝ အတွင်းမှာ နိုင်ငံရေးဆွေး နွေးပွဲကြီးစမယ်လို့ စာချုပ်ထဲမှာပါတယ်။ ဒါကြောင့်မို့ တစ်ရက်စောထိုးနိုင်လေ နိုင်ငံရေးဆွေးနွေးပွဲကို တစ်ရက် စောစနိုင်လေပါပဲ။ ဒါကို အမြန်ဆုံးရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။
ဦးကိုကိုထွေး
(တော်ဝင်ဆောက်လုပ်ရေး)
စီးပွားရေး လုပ်ငန်းရှင်တွေကတော့ တိုင်းပြည်အေးအေးချမ်းချမ်းနဲ့ ရှိနေရင် အကုန်လုံးအတွက်လည်း ကောင်းမွန်သလို စီးပွားရေးလုပ်ငန်းအတွက်လည်း ကောင်းမွန်ပါတယ်။ တိုင်းပြည်က အေးချမ်းမှ စီးပွားရေးလုပ်လို့ကောင်းမယ်။ စီးပွားရေးသမားတွေ အားလုံးကတော့ ငြိမ်းချမ်းရေး လိုချင်ကြတာပဲ။ အဲလိုပဲ ပြည်သူတွေအားလုံးကလည်း ငြိမ်းချမ်းရေးလိုချင်ကြတာပဲ။ စစ်ဘေးဒေသကသူတွေ၊ ပဋိပက္ခဒေသက လူတွေဟာ အင်မတန် ဒုက္ခရောက်တာ။ တို့ရန်ကုန်ကလူတွေဟာ စိတ်ပူရုံပဲ ပူရတာ။ သူတို့က ကိုယ်တိုင်ဒုက္ခရောက်တာ။ တကယ်တော့ အားလုံးဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်မယ်ဆိုရင် အဲဒီလူတွေရဲ့ ဒုက္ခကို ကယ်တင်နိုင်မယ်။ ငြိမ်းချမ်းတာကိုလည်း အားပေးပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် လုပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဆူဆူပူပူဖြစ်အောင်၊ ဆူပူအောင်လှုံ့ဆော်နေတဲ့ သူတွေကိုတော့ ရှုတ်ချပါတယ်။
ဦးဇော်ဇော် (Max-Myanmar Holding Limited)
တေးသံရှင် ဇော်ပိုင်
ကျွန်တော်တို့ တိုင်းပြည်အတွက် အလားအလာကောင်းတဲ့ လက္ခဏာတွေ အများကြီးဖြစ်ပေါ်လာပြီလို့ ယုံကြည်ပါတယ်။ အဲဒါကြောင့်လည်း တစ်နိုင်ငံလုံးကိုယ်စား ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး
အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အောင်မြင်တော့မယ့် အနေအထားတွေ မြင်နေရပြီ ကြားနေရပြီပေါ့နော်။ ဘာပဲဖြစ်ဖြစ် ရာခိုင်နှုန်းတော်တော်များများဟာ အောင်ကိုအောင်မြင်မယ်လို့ ယူဆလို့ရကြပြီဆိုတဲ့အခါမှာ အလွန်ကို ဝမ်းသာတယ်။ အလွန်ကို ပီတိဖြစ်တယ်။ ကျွန်တော်တို့တွေ အလိုချင်ဆုံးကလည်း ငြိမ်းချမ်းရေးပါပဲ။ တိုင်းပြည်တစ်ပြည်ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုးတိုးတက်တက်နဲ့ တကယ့်ကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးမှာ နေထိုင်ရတဲ့ နိုင်ငံသား တစ်ယောက် အလွန်ကို ဖြစ်ချင်ပါတယ်။ အဲဒီအတွက်ကို ငြိမ်းချမ်းရေး မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့်မို့ အားလုံးဟာ တစ်ယောက်အပေါ်မှာ တစ်ယောက်နားလည်မှုနဲ့ ရိုးရိုးသားသားနဲ့ ပေးထားတဲ့ကတိတွေအားလုံးကို ဒီထဲမှာပါတဲ့သူတွေ အားလုံးဟာလေးစားလိုက်နာကြပြီးတော့ တကယ့်ငြိမ်းချမ်းရေးအစစ်ကို တည်ဆောက်နိုင်ပါစေလို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်။ အလွန်ကို လိုချင်တာပါခင်ဗျာ ငြိမ်းချမ်းရေးကို။ ကျေးဇူးတင်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် လွင်မိုး
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို သဘောတူလိုက်ပြီဆိုတာ ကြားရတဲ့အတွက် တကယ်လည်း ဝမ်းသာမိပါတယ်။ တကယ်လည်း ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ် မြန်မာနိုင်ငံဟာ ဒီထက်ပိုပြီး တိုးတက်ဖို့လိုသလို ဒီထက်ပိုပြီး ငြိမ်းချမ်းဖို့လည်း လိုအပ်ပါတယ်။ ဒါတွေဟာ အခု အခြေခံအုတ်မြစ်တစ်ခုအနေနဲ့ လာမယ့်နှစ်တွေမှာ အစစအရာရာ အဆင်ပြေချောမွေ့ပါစေလို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
MOI
ငြိမ်းချမ်းရေးလမ်းစမှသည် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့

ငြိမ်းချမ်းရေးကို ကျေးလက်ဒေသမှ မြို့ပြထိ လူကြီးလူငယ်မရွေး၊ ဘာသာမရွေး၊ ကျားမ မရွေး လိုလား တောင့်တကြသည်။ နိုင်ငံငြိမ်းချမ်းသည်နှင့် အမျှ တောင်ပေါ်မြေပြန့်၊ မြို့ပြနှင့် ကျေးလက်ကွာဟမှုများ နည်းပါး၍ မည်သည့် အချိန်ကာလမရွေး စီးပွား ရေး၊ လူမှုရေး၊ ကူးလူး ဆက်သွယ်သွားလာနိုင်ပေမည်။
ထို့အတွက်လည်း ခေတ်အဆက်ဆက်သော အစိုးရအဖွဲ့များနှင့် တိုင်းရင်းသား ပြည်သူများက ငြိမ်းချမ်းရေး အတွက် ဘက်စုံကဏ္ဍစုံက ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
သို့ရာတွင် အကြောင်းမတိုက်ဆိုင်၍ နှစ်ပေါင်း ၆ဝ ကျော် ဝေးကွာခဲ့ရပြီး ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်တွင် ငြိမ်းချမ်းရေး၏ ပထမခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ညီညွတ်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပဏာမငြိမ်းချမ်းရေး အတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားညီအစ်ကို များ စည်းလုံးညီညွတ်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့မှုအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ရင်တွင်းပီတိသံကို ကြားသိခဲ့ရသမျှ ဖော်ပြလိုက်ရပါသည်။
ဗိုလ်မှူးချုပ်ခင်မောင်အေး
(အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်)
ကျွန်တော်တို့နိုင်ငံ နယ်ချဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့ပြီး နယ်ချဲ့တို့ရဲ့သွေးခွဲ အုပ်ချုပ်မှု ကြောင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု လျော့ပါးလာတဲ့အတွက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပြီး နယ်မြေ အေးချမ်းတည်ငြိမ်မှု မရှိတဲ့အတွက် ဒေသဖွံ့ဖြိုးရေးကို သက်ဆိုင်ရာ အစိုးရက ဆောင်ရွက်မပေးနိုင်ဘူး။
နယ် မြေလုံခြုံမှု မရှိတဲ့အတွက် အခြားဒေသက ဝန်ထမ်းတွေ ကြာရှည်မနေနိုင်ကြဘူး။ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးမှာ အခြားဒေသတွေထက် နောက်ကျကျန်ခဲ့ရတယ်။ ‘ဒါတွေက နယ်မြေ အေးချမ်း တည်ငြိမ်မှု မရှိလို့ဖြစ်ပါတယ်။
တိုင်းပြည် အေးချမ်းတည်ငြိမ်မှုမရှိရင် မတိုးတက်နိုင်ဘူးဆိုတာ ခေတ်အဆက်ဆက်က အစိုးရအဆက် ဆက် တွေက နားလည်သဘောပေါက်တဲ့အတွက် ငြိမ်း ချမ်းရေးရဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်ခဲ့ကြပါ တယ်။ ‘ဒါပေမယ့် ခိုင်မာတဲ့ငြိမ်းချမ်းရေးကို မဖော် ဆောင်နိုင်ခဲ့ဘူး။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ မှန်ကန်တဲ့ ချဉ်းကပ်နည်းနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ဆွေးနွေးမှုအချိန် တစ်နှစ်နဲ့ ငါးလအတွင်း တရား ဝင်(၇)ကြိမ်နဲ့ အလွတ်သဘော အကြိမ်(၂ဝ)ကျော် ဆွေးနွေးခဲ့ကြပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ်မူကြမ်းကို ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှာ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဦးထွန်းထွန်းဦး
(ကချင်ပြည်နယ် မန်စီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
ကချင်ပြည်နယ်က နှစ်ပေါင်း ၆ဝ လောက် မငြိမ်းချမ်းမှုရဲ့ ဒဏ်ကို ခါးစည်းခံခဲ့ရပါတယ်။ ကျွန်တော့် မြို့နယ် အနေနဲ့လည်း ရွာပေါင်း ၆၄ ရွာရှိပြီး ရှေးတုန်းက အင်ပင် နွယ်ရစ် လယ်တောဖြစ်ဆိုသလို အေးချမ်းစွာအိမ်ကြီး အိမ်ကောင်းတွေနဲ့ နေထိုင်ခဲ့ရတယ်လို့ ရှေ့မီနောက်မီ လူကြီးတွေက ပြောပြခဲ့ပါတယ်။ နောက်ပိုင်း မငြိမ်းချမ်း တဲ့အတွက် ကျောင်းနေအရွယ်တွေလည်း ကျောင်းမနေရဘူး၊ ပညာရေးတွေ တစ်ပိုင်းတစ်စနဲ့ လူငယ်တွေရဲ့ဘဝ မရေရာခဲ့ဘူး။
ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ကေအိုင်အေအဖွဲ့နဲ့ သွား ရောက်ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော့်အသက် ၆ဝ ရှိပါပြီ။ ကိုယ်တိုင်လည်း မငြိမ်းချမ်းတဲ့ကြားမှာ ပညာ သင်ကြားခဲ့ရတဲ့အတွက် ပညာရေးတစ်ပိုင်း တစ်စဖြစ်ခဲ့ရတယ်။ အခုအချိန်မှာ ပြည်နယ်အတွက်ရော နိုင်ငံအတွက်ရော ငြိမ်းချမ်းရေးလမ်းပေါ်ကို စတင်လျှောက်လှမ်း နိုင်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်တော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ သမ္မတကြီးပြောသလို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဆီသို့ ဆိုတဲ့အတိုင်း အခုမှစပြီးလှမ်းတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။
ဦးအောင်ကြည်ညွန့်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
နှစ်ပေါင်း ၆ဝ ကျော်ကြာ ‘ဒီလိုတစ်ယောက်နဲ့ တစ်ယောက် ပြောနိုင်၊ ဆိုနိုင်တာမျိုးတွေမရှိတဲ့အတွက် တိုင်းပြည်အများကြီး ထိခိုက်နစ်နာခဲ့ပါတယ်။ အခုလို တစ်ယောက်နဲ့တစ်ယောက် တွေ့ကြမယ်၊ ဆုံကြမယ်၊ ပြောကြမယ်ဆိုတော့ အခက်အခဲရှိနေခဲ့ရင်တောင် ‘ဒီလို အခြေအနေမျိုးဖြစ်လာတာ မျှော်လင့်ချက်ရောင်ခြည်ရှိ ပါတယ်။ ‘ဒါတွေကို ပိုပြီးတော့ ခိုင်မာအောင်လုပ်ရပါမယ်။ နောက်ထပ်ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုသွားတဲ့ အခါမှာ တိုင်းပြည်ရဲ့ အကျိုးကိုမျှော်ကိုးရမယ်။ ‘ဒီလို အကျိုးကို မျှော်ကိုးပြီးတော့ သဘောထားကြီးမှုတွေ သည်းခံမှုတွေနဲ့ စီစဉ်ဆောင်ရွက်သွားဖို့ ရှေ့တစ်လှမ်းတက် နိုင်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
ဦးမန်းကံညွန့်
(ဘားအံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောရရင် အခု လို အခြေအနေမျိုးကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့် ရဲခဲ့ဘူး။ ‘ဒါပေမယ့် သဘောတူညီမှု မူကြမ်းလက်မှတ်ထိုးတဲ့ အဆင့်ကိုရောက်သွားချိန်မှာ ကျွန်တော့်ရင်ထဲမှာ အတိုင်း အဆမရှိ ဝမ်းသာကြည်နူးမှုဖြစ်ရပါတယ်။ ပြောမယ်ဆိုရင် အခုအခြေအနေရောက်သွားတာကို ကျွန်တော်တို့ သိပ်ဝမ်းသာပါတယ်။ ဒါပေမယ့် ‘ဒီအဆင့်နဲ့မပြီးသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။
တကယ့်တကယ် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးပြီးရင်တောင်မှ နောက်က နေပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေက လာဦးမှာဖြစ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုလက်မှတ်ရေးထိုး နိုင်တာကိုပဲ ကျွန်တော်တို့ ကရင်တိုင်းရင်းသားများ အနေနဲ့ရော ပြည်နယ်သူ၊ ပြည်နယ်သားများ အနေနဲ့ ရော အင်မတန်မှ ဝမ်းသာကြည်နူးမှု ဖြစ်ရပါတယ်။
တကယ့်တကယ် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးပြီးရင်တောင်မှ နောက်က နေပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေက လာဦးမှာဖြစ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုလက်မှတ်ရေးထိုး နိုင်တာကိုပဲ ကျွန်တော်တို့ ကရင်တိုင်းရင်းသားများ အနေနဲ့ရော ပြည်နယ်သူ၊ ပြည်နယ်သားများ အနေနဲ့ ရော အင်မတန်မှ ဝမ်းသာကြည်နူးမှု ဖြစ်ရပါတယ်။
ဒီလုပ်ငန်းစဉ်တွေ အောင်မြင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရဲ့ အနိဋ္ဌာရုံဟာ မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။ တိုင်းရင်းသားအားလုံးလည်း သိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရမယ့် သယံဇာတအရင်းအမြစ် တွေအများကြီးရှိပါတယ်။ သို့သော်ငြားလည်း ငြိမ်းချမ်း မှုမရှိတဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျခဲ့ရပါတယ်။ အခုပဋိပက္ခဖြစ်စဉ်တွေ ပြီးဆုံးသွား တော့မယ့် အနေအထားမျိုးတွေ မြင်နေရတဲ့အခါမှာ တိုင်းပြည်ရဲ့ အနာဂတ်မျှော်လင့်ချက်ရောင်နီတွေသန်းပြီး၊ အလင်း ရောင်တွေရပြီး ဖွံ့ဖြိုးတိုးတက်တော့မယ်ဆိုတဲ့ အမြင်မျိုး၊ တိုင်းပြည်သာယာဝပြောတော့မယ်ဆိုတဲ့ အမြင်မျိုး ရင်ထဲမှာခံစားရပါတယ်။
ဦးခန်ဆွမ်းမုံ(တီးတိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်)
ကျွန်တော် သတင်းစာတွေမှာ ဖတ်ခဲ့ရပါတယ်။ တော်တော်များများ ပြောသလိုပေါ့။ နိုင်ငံအတွက် တကယ့် ငြိမ်းချမ်းရေး ရဖို့က တကယ်လမ်းစဖြစ်နေ ပါတယ်။ ကျွန်တော် အများကြီးကြိုဆိုပါတယ်။ ဝမ်းလည်းသာ ပါတယ်။ ချင်းပြည်နယ်က လက်နက်ကိုင် အဖွဲ့အစည်း CNF ဆိုတာလည်းပါတယ်။ ချင်းကိုယ်စားလှယ်တွေ ကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးပြီး လက်မှတ်ထိုးတဲ့အဖွဲ့မှာလည်း ပါတယ်ဆိုတော့ ကျွန်တော် အများကြီး ဝမ်းသာပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်အတွက်ရော၊ တစ်နိုင်ငံလုံးအတွက် ဒီငြိမ်းချမ်းရေးရလာမှ နိုင်ငံ တိုးတက်မှာဆိုတော့ အများကြီး ဝမ်းမြောက်ဂုဏ်ယူပါတယ်။
ဦးစိုင်းကျော်ဇောခမ်း
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
နှစ်ဖက် ဆွေးနွေးကြတဲ့သူတွေကို ကျေးဇူးတင်ရပါမယ်။ နိုင်ငံတော်အစိုးရဘက်က ခင်းပေးတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် လျှောက်လာပြီလေ။ ကောင်းသွားမယ်လို့လည်း ထင်တာပဲ။ ဦးနိုင်ဟံသာတို့အဖွဲ့လည်း ငြိမ်းချမ်းရေး တကယ်လိုလားတဲ့ ပုဂ္ဂိုလ်တွေလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ သမ္မတကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ငြိမ်းချမ်းရေး လိုလားနေတာပဲ။ အဲဒီတော့ ဖြစ်သွားမယ်လို့တော့ မျှော်လင့် ပါတယ်။ ယုံလည်း ယုံကြည်နေပါတယ်။
MOI
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း