နှစ်နှစ်ကျော်အတွင်း စားသုံးရန် မသင့်သည့် စားသောက်ကုန်ကျပ်သန်း ၁,၃၀၀ ကျော် ဖျက်ဆီး

နှစ် နှစ်ကျော်အတွင်း စားသုံးရန် မသင့်သည့် စားသောက်ကုန် ကျပ်သန်း ၁,၃၄၅ ဒသမ ၃ ဖိုး မီးရှို့ ဖျက်ဆီးခဲ့သည်ဟု တရားမ၀င် ကုန်သွယ်မှုရွေ့လျားတားဆီးရေးအဖွဲ့ (Mobile Team ) ၏ စာရင်းများတွင် ဖော်ပြထားသည်။
Mobile Team အဖွဲ့စတင်ဖွဲ့စည်းသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ တရားမ၀င် ကုန်သွယ်မှုများကို စစ်ဆေးဖမ်းဆီးခဲ့ရာတွင် စားသုံးရန် မသင့်သည့် စားသောက်ကုန်ပစ္စည်းတန်ဖိုး ကျပ်သန်း ၁,၃၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
Mobile Team ၏ တရားမ၀င်ကုန်သွယ်မှု စစ်ဆေးရေးနယ်မြေများအနက် မူဆယ်-မန္တလေး လမ်းကြောင်းမှ စားသုံးရန် မသင့်သည့် စားသောက်ကုန်များကို အများဆုံး ဖမ်းဆီးရမိခဲ့ပြီး ကျပ် ၆၄၆ ဒသမ ၉ သန်း ဖမ်းဆီးရရှိခဲ့ကာ အမှုတွဲ ၁၈၁ မှု ဖွင့်လှစ်အရေးယူထားသည်။
မူဆယ်တွင် စားသုံးရန် မသင့်သည့် စားသောက်ကုန်တန်ဖိုး ကျပ် ၄၁၄ ဒသမ ၁ သန်း ဖမ်းဆီးရမိခဲ့ပြီး အမှုတွဲ ၁၇၀ မှု ဖွင့်လှစ်အရေးယူထားသည်။ မြ၀တီ-ရန်ကုန်လမ်းကြောင်းတွင် စားသုံးရန်မသင့် စားသောက် ကုန်တန်ဖိုး ကျပ် ၂၁၈ ဒသမ ၄ သန်း၊ အမှုတွဲ ၈၇ မှု၊ တမူးတွင် စားသောက်ရန် မသင့် စားသောက်ကုန် တန် ဖိုး ၂၂ သန်း၊ တာချီလိတ်တွင် စားသောက်ရန် မသင့် စားသောက်ကုန်တန်ဖိုး ကျပ် ၂၂ သန်း၊ ကျိုင်းတုံတွင် စား သောက်ရန် မသင့် စားသောက်ကုန်တန်ဖိုး ၂၁ သန်းစီ ဖမ်းဆီးအရေးယူထားသည်။
မြန်မာနိုင်ငံအတွင်း စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ၀င်ရောက်လာခြင်းကို တားဆီးနိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး FDA မှ အဓိကျသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဓာတ် ခွဲခန်းများဖြင့် စစ်ဆေးလျက်ရှိသည်။
စားသုံးသူအကာအကွယ်ပေးရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က စားသုံးရန်မသင့်သည့် ကုန်စည်များ မီးရှို့ဖျက်ဆီးသည့်အပြင် တင်သွင်းလာသူများကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ပြောဆိုထားသည်။
သီဟကိုကို
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း