မြန်မာနိုင်ငံသူနိုင်ငံသားများ (အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် မေတ္တာသင်္ဂဟအဖွဲ့က ကျပ် ၄၃သိန်း လှူဒါန်း)

အနုပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် မေတ္တာသင်္ဂဟအဖွဲ့သားများ စုပေါင်း၍ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် အလှူငွေ ကျပ် ၄၃ သိန်းကို မတ် ၃၁ ရက်တွင် အနုပညာ ဆည်းဆာရိပ် အလုပ်အမှုဆောင်အဖွဲ့သို့ လှူဒါန်းမှုကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ၌ ပြုလုပ်ခဲ့သည်။
မေတ္တာသင်္ဂဟ အဖွဲ့မှ သရုပ်ဆောင် ခန့်စည်သူက "ကျွန်တော်တို့ အားလုံး ဒီနေရာကို လှူဒါန်းချင်တဲ့ ဆန္ဒ ရှိတဲ့ အတွက် လှူဒါန်းဖြစ်တာပါ။ ဘိုးဘွားတွေ လှူဒါန်း ဖြစ်တာကတော့ ကျွန်တော်တို့လည်း အနုပညာ သမားပဲလေ အသက်ကြီးလာတဲ့အခါ ခိုကိုးရာမဲ့တယ် ကျန်းမာရေးအတွက် စောင့်ရှောက်မှု လိုတယ် အဲလိုတွေအတွက် ကိုယ်ချင်းစာပြီး လှူဖြစ်တာပါ" ဟု ပြောသည်။
ဖေဖော်ဝါရီ ၂ ရက်တွင် စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ဦးဆောင်ပြီး စာရေးဆရာ ဆရာမများ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ ပန်းချီ၊ ကာတွန်း ပန်းရိုးရာ ပညာရှင်များနှင့် စေတနာ အလှူရှင်များ တွေ့ဆုံဆွေးနွေးပြီး အနုပညာ ဆည်းဆာရိပ် ဘိုးဘွား ရိပ်သာ တည်ဆောက်ရန် အတွက် သဘောတူ ခဲ့ခြင်းဖြစ်သည်။
အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်ရှိ လှတော ဆရာတော် ဒေါက်တာ အရှင်ခေမာသီရိမှ မြေ တစ်ဧကကျော် လှူဒါန်း ထားသည့်အတွက် ထိုမြေနေရာတွင် လေးထပ်ဆောင် ဆောက်လုပ်ရန် စတင်စီစဉ်ထားသည်။
အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ တည်ဆောင်ရာတွင် ပါဝင်သည့် ဒေါ်ချစ်ချစ်ဇော်က " အနုပညာ နယ်ပယ် အားလုံးနဲ့ သက်ဆိုင်တဲ့ ဘိုးဘွား ရိပ်သာ ဆောက်ချင်တာ အဲဒီလိုကနေ တိုင်ပင် ဆွေးနွေးရင်း အခုလို လုပ်ဖြစ်တာပါ။ အခု အလှူငွေတွေ စ ကောက် တော့ အမတို့ မှန်းထားတာထက် ပိုရတယ် အခု ဆောက်ဖို့ မြေစဖို့နေပြီ" ဟု ပြောသည်။
အနုပညာ ဆည်းဆာရိပ်တွင် မိသားစု စောင့်ရှောက်မှုကနေ ကင်းမဲ့နေသည့် အနုပညာရှင်များ၊ ကျန်းမာရေးချို့တဲ့ပြီး အိုမင်းလာချိန်တွင် အနုပညာ အတွက် ဆက်လက် ရှင်သန် ရပ်တည်ရန် ခက်ခဲနေသူများ၊ အသက် ၇၀နှစ် အထက် အနုပညာရှင် ကြီးများ၊ အနုပညာရှင်ကြီးများ၏ အနုပညာ စွမ်းဆောင်ခဲ့မှု အပေါ် ကဏ္ဍကိုယ်စီမှ အနုပညာရှင်များက ထောက်ခံမှု ပေးခြင်းခံရသူ၊ အနုပညာ ဆည်းဆာရိပ် အလုပ်အမှုဆောင်အဖွဲ့မှ အတည်ပြု ဆုံးဖြတ်ပြီး လက်ခံသူများကို ထားရှိ သွားမည် ဖြစ်သည်။
အနုပညာ ဆည်းဆာရိပ်အတွက် သရုပ်ဆောင် လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်၊ ဖူးစုံ၊ မြတ်ကေသီအောင်တို့မှ ရင်းနှီးသည့် အိမ်များ၊ အနုပညာရှင် အိမ်များသို့ ဖေဖော်ဝါရီလတွင် အလှူငွေများ သွားရောက် ကောက်ခံ ခဲ့ကြရာတွင် အလှူငွေ ၄၇သိန်း ရရှိခဲ့သည်။ ယခုအချိန် မှာတော့ အခြားသော အလှူရှင်များ လှူဒါန်းမှုဖြင့် အနုပညာ ဆည်းဆာရိပ် တည်ဆောက်ရန် အလှူငွေပေါင်း သိန်း ၁၀၀ ကျော် ရရှိနေပြီ ဖြစ်သည်။
ပန်းမြတ်ဇော်
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း