နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှတစ်ဆင့် လေးရက်အတွင်း နိုင်ငံတော်သမ္မတထံသို့ ပေးပို့လာသည့် တိုင်ကြားစာများသည် ပစ်စာသဘောမျိုး ပေးပို့မှုက များပြားနေဟု နိ
နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်မှတစ်ဆင့် လေးရက်အတွင်း နိုင်ငံတော်သမ္မတထံသို့ ပေးပို့လာသည့် တိုင်ကြားစာများသည် ပစ်စာသဘောမျိုး ပေးပို့မှုက များပြားနေဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ၎င်း၏ facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။
နိုင်ငံတော်သမ္မတရုံး Mail Box ကို နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် စက်တင်ဘာလ ၇ ရက်နေ့က စတင်ပြီး ဖွင့်လှစ်ခဲ့ရာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ တင်ပြတိုင်ကြားစာ ၅၀ ကျော် ရောက်ရှိထားပြီးဖြစ်သည်ဟု သိရသည်။
''နိုင်ငံတော်အပိုင်းကနေပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတအဆင့်အထိ အရေးတကြီးတင်ပြရန် ကိစ္စရပ်တွေ၊ အမှန်တစ်ကယ်ထိခိုက်နစ်နာမှုတွေ စသည်တို့ကို တင်ပြပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်''ဟု နိုင်ငံတော်သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတရုံး Mail Box ဖွင့်လှစ်ရခြင်း အကြောင်းအရင်းမှာ ၁။ နိုင်ငံတော်သမ္မတ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စသည့်မူဝါဒများနှင့်စပ်လျဉ်း၍ ပြည်သူများ၏ ထင်မြင်ယူဆချက် များ၊ အကြံပြုချက်များ သိရှိနိုင်စေရန်၊ ၂။ ပြည်သူများမှ နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြလိုသော အရေးကြီးကိစ္စရပ်များ၊ ပြည်သူများ၏ အမှန်တစ်ကယ် နစ်နာဆုံးရှုံးနေမှုများ စသည်တို့မှာ ရံဖန်ရံခါတွင် ရုံးလုပ်ငန်းအဆင့်ဆင့်အရ ကြန့်ကြာနေသော ကိစ္စရပ်များကို သိရှိ ဖြေရှင်းပေးနိုင်ရန်၊ ၃။ နိုင်ငံတော်အတွက်ဖြစ်စေ၊ နိုင်ငံသားများအတွက်ဖြစ်စေ အထူးပင် အရေးကြီးလှသော National Security နှင့် National Interest ကိစ္စရပ်များကို အချိန်မီ သိရှိဖြေရှင်း ဆောင်ရွက်နိုင်ရန်၊ ၄။ အဓိကအားဖြင့် ပြည်သူလူထုအနေဖြင့် နိုင်ငံတော်သမ္မတနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သော လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာစေခြင်းအားဖြင့်လည်းကောင်း၊ အမှန်တစ်ကယ် ထိခိုက်နစ်နာနေမှုများကို သိရှိကာ ဖြေရှင်းဆောင်ရွက် နိုင်ခြင်းအားဖြင့်လည်းကောင်း နိုင်ငံတော်သမ္မတနှင့် ပြည်သူများအကြား ယုံကြည်မှု ပိုမိုတိုးမြင့်လာစေနိုင်ရန်၊ ၅။ နိုင်ငံတော်သမ္မတ မျှော်မှန်းဆောင်ရွက်လျက်ရှိသော Clean Government နှင့် Good Governance ဖော်ဆောင်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ရန်။ ၆။ ပြည်သူများအကြားတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ ပြည်သူများအကြားတွင် ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှုများ၊ ပြည်သူများမှ ဖြစ်ပေါ်လာစေသော လိုလားချက်ဆန္ဒများ စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ သိရှိကာ လိုအပ်သော မူဝါဒ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရန်၊ ၇။ နိုင်ငံတော်သမ္မတသည် ပြည်သူလူထုအတွင်း၌ ဖြစ်ပေါ်နေသော အခြေအနေများ၊ ပြည်သူလူထု၏ ရင်ထဲတွင် ခိုအောင်းနေသော မျှော်လင့်ချက်များကို သိရှိ နားလည်သဘောပေါက်ကာ ထိရောက်အောင်မြင်သည့် ပြည်သူ့ရေးရာ မူဝါဒလေ့လာသုံးသပ်ခြင်းများ ဆောင်ရွက်နိုင်ရန်တို့ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ www.president-office.gov.mm ဖြစ်သည်။
Category:



