မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ နေ့စဉ်တိုင်ကြားစာပေါင်း သုံးဆယ်ဝန်းကျင် ရောက်ရှိ
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ နေ့စဉ်တိုင်ကြားစာပေါင်း သုံးဆယ်ဝန်းကျင် ရောက်ရှိနေကြောင်းနှင့် အများဆုံးတိုင်ကြားမှုများမှာ မြေယာပြဿနာများဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရ၏ပြောကြားချက်အရ သိရသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ''တိုင်စာကတော့ မျိုးစုံဖြစ်ပါတယ်။ တိုင်ကြားတဲ့သူတွေ စိတ်မပျက်အောင် လောလောဆယ်မှာတော့ တက်နိုင်သမျှ ကိုင်တွယ်ဆောင်ရွက်ပါတယ်။ ဘယ်လိုဟာမျိုးတွေကို ကိုင်တွယ်မယ်ဆိုတာကိုတော့ အတိအကျ မသတ်မှတ်နိုင်သေးဘူး။ တရားရုံးကိုရောက်နေတဲ့ကိစ္စတွေကိုတော့ ကျွန်တော်တို့ မကိုင်တွယ်ဘူးလို့တော့ ကျွန်တော်တို့ ကြေညာထားပါတယ်။ တရားရုံးကသာ ဥပဒေကြောင်းအရ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတယ်။ ကျွန်တော်တို့ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က အကြံပြုတာပဲရှိပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ ဒါဆို ကျွန်တော်တို့အဖွဲ့ကို ဘာလို့ဖွဲ့ထားလည်းလို့မေးရင် တရားရုံးမှာအမှုတွေ မနိုင်တာတွေ ရှိတယ်။ ကြန့်ကြာတာတွေ ရှိတယ်။ အခု လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို တရားရုံးကို တိုင်မယ်ဆိုရင် လတွေ၊ နှစ်တွေနဲ့ချီပြီး ဖြစ်နေတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရရင် တရားရေးနဲ့ ဆိုင်တဲ့အဖွဲ့တွေကို အကြံပြုပါတယ်''ဟု ပြောပြခဲ့သည်။
လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင် အစိုးရဌာနများနှင့် ပတ်သက်သည့် တိုင်ကြားစာများသည် များသောအားဖြင့် အဖြေရရှိခြင်း မရှိကြောင်း၊ အစိုးရဌာနများနှင့် သက်ဆိုင်ရာတာဝန်ရှိသူအချို့အနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများ ပြင်ဆင်ရန်လိုအပ်ကြောင်း၊ လူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းများဖော်ဆောင်ရာတွင် အဆင်ပြေစေရန် အစိုးရ၀န်ထမ်းများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူ့အခွင့်အရေးကော်မရှင် စတင်ဖွဲ့စည်းစတွင် တစ်နေ့လျှင် ကော်မရှင်သို့ တိုင်ကြားလာသည့် တိုင်ကြားစာပေါင်း လေးဆယ်ကျော်ရှိကြောင်းနှင့် တိုင်ကြားစာအများစုမှာ လယ်ယာမြေအမှု အများဆုံးဖြစ်ကြောင်း သိရသည်။
Category:



