လှည်းတန်းခုံးကျော်တံတားကို လာမည့် ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်ရန် ညွှန်ကြားထား
လှည်တန်းခုံးကျော်တံတားကို လာမည့်ဒီဇင်ဘာလအတွင်းအပြီး တည်ဆောက်သွားရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တံတားအား တာဝန်ယူတည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီသို့ တံတား တည်ဆောက်ရေးလုပ်ငန်းများ လာ ရောက်ကြည့်ရှုစဉ် ညွှန်ကြားမှုပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
လှည်တန်းခုံးကျော်တံတား တည်ဆောက်ရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပန္နက်တင်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပြီး လှည်းတန်းခုံးကျော်တံတားအတွက် ဘိုးပိုင်ရိုက်ခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် စတင်ခဲ့ကာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဘိုးပိုင်ရိုက်ခြင်းနှင့် ပင်မတိုင်ခင်းခြင်း လုပ်ငန်းများ ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ တံအားအတွက် လိုအပ်သည့် သံယက်မ၊ သံပေါင်များကို ကန်ထရိုက်စနစ်ဖြင့် တင်သွင်းသွား မည်ဖြစ်ကြောင်း သိရသည်။ ထို့အတွက် တံတားတစ်ခုလုံးအား လာမည့် ၂၀၁၃ ဧပြီလတွင် ရာခိုင်နှုန်း ပြီးစီးနိုင်မည်ဟု ရွှေတောင်ကုမ္ပဏီမှ တင်ပြခဲ့သည်ဟု သိရသည်။
သို့သော် တံတားအား ပန္နက် စတင်သည့်အချိန်မှ တစ်နှစ်အတွင်း အပြီးတည်ဆောက်ရန်မှာ နှောင့်နှေးကြန့်ကြာမှုဖြစ်နေကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပွားနေသည့်အတွက် ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်ရန် ၀န်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့နေရာအနှံ့တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားလာသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန်အတွက် လမ်းဆုံမီးပွိုင့်များဖြစ်သော လှည်းတန်း၊ ဘုရင့်နောင်နှင့် ရွှေဂုံတိုင်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလကတည်းက စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ထိုအချိန်က ခုံးကျော်တံတားများအား လေးလအတွင်းအပြီး တည်ဆောက်ရန် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအထဲမှ လှည်းတန်းခုံးကျော်တံတားမှာ ပထမဆုံး စတင်တည်ဆောက်သည့် တံတားဖြစ်ကြောင်း သိရသည်။
လှည်းတန်းခုံးကျော်တံတားသည် သံမဏိယက်မနှင့် သံကူကွန် ကရစ်အမျိုးအစားဖြစ်ပြီး တံတားအရှည်မှာ ၂၄၆၆ ပေရှိကာ တံတား ယာဉ်သွားလမ်းအကျယ်မှာ ၄၄ ပေ ၈ လက်မရှိကြောင်း သိရပါသည်။ လူသွားလမ်းအကျယ်မှာ တစ်ဖက် လေးပေရှိမည်ဖြစ်ပြီး ယာဉ်တစ်စီး ချင်းခွင့်ပြု အလေးချိန်မှာ တန် ၆၀ ခံနိုင်မည်ဖြစ်ပြီး တံတားနှင့် အောက်ခြေကင်းလွတ်အမြင့်မှာ ၁၈ ပေ အသီးသီးရှိမည်ဖြစ်ကြောင်း သိရှိရသည်။
Category:



