၂၄နာရီပတ်လုံး ၀န်ဆောင်မှုပေးမည့် အခမဲ့ အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး လုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်မည်
အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်း နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းလုပ်ဆောင်သည့် ၂၄ နာရီ ပတ်လုံးဝန်ဆောင်မှုပေးမည့် အခမဲ့ အရေးပေါ်လူနာအသက်ကယ်တင် ကုသပို့ဆောင်ရေးလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်သွားမည်ဟု သိရသည်။
အဆိုပါအခမဲ့အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေးယာဉ်တွင် ကျွမ်းကျင်ဆရာဝန်များ အချိန်မီအသက်ကယ် ပြုစုကုသမှုများပြုလုပ်ပေးမည့်အပြင် ခေတ်မီအသက်ကယ် ပစ္စည်းကရိယာများဖြစ် သောနှလုံးနှိုးစက်၊အသက်ရှုကိ ရိယာ၊ ဆေးပစ္စည်းများ၊ အရိုးကျိုး ခြင်းစသည့် ထိခိုက်ဒဏ်ရာ အတွက် အထောက်အကူပြုပစ္စည်းများပါ ရှိမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဖောင်ဒေးရှင်းအတွက် မြန်မာနိုင်ငံ ဆရာဝန် အသင်းမှ လှူဒါန်းထားသော ယာဉ်နှစ်စီး၊ ဦးဇော်ဇော်၏ ဧရာဝတီ ဖောင်းဒေးရှင်းမှ လှူဒါန်းထားသော ယာဉ်ငါးစီးအပြင် အခြားအလှူရှင် များမှ လှူဒါန်းထားသော ယာဉ် ငါးစီး စုစုပေါင်း အရေးပေါ်လူနာတင် ယာဉ် ၁၂ စီး ရှိကြောင်း သိရသည်။
အရေးပေါ် လူနာအသက်ကယ်တင် ကုသရေးလုပ်ငန်း စတင်ခြင်း ဆောင်ရွက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အလှူငွေကျပ် သိန်း ၁၀၉၀ ကျော် နှင့် အရေးပေါ်လူနာတင်ယာဉ် ၅ စီးရရှိခဲ့ကြောင်း သိရသည်။
အရေးပေါ်လူနာတင်ယာဉ်ကို အရေးပေါ်ဖြစ်စဉ်များဖြစ်သော ယာဉ်တိုက်မှု၊ မီးလောင်ခြင်းနှင့် အခြား သောသဘာဝဘေးအန္တရာယ်ဖြစ်စဉ်များနှင့် ရုတ်တရက်အရေးပေါ်ပြုစု ကုသရန် လိုအပ်သော နှလုံးရောဂါ၊ လေဖြတ်ခြင်းစသည့် ကိစ္စရပ်အပြင် ရာဇ၀တ်မှုဖြစ်စဉ်များအတွက် ခေါ်ယူနိုင်မည်ဖြစ်သည်။
“နောက်သုံးလေးလလောက် ဆိုရင်တော့ မန္တလေးကိုပါ ဆက်လက်လုပ်ဆောင်သွားမှာပါ နောက် တခြားမြို့နယ်နဲ့ တိုင်းဒေသကြီး တွေမှာဆက်လက်ချဲ့ထွင်သွားဖို့ အစီစဉ်ရှိပါတယ်” မြန်မာနိုင်ငံဆရာဝန် အသင်း(ဗဟို)၊ ဥက္ကဌ ပါမောက္ခ ဦးကျော်မြင့်နိုင်က ပြောပါသည်။
ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဇော်ဇော်မှ “ အရေးပေါ်လူနာတင်ယာဉ်ဖြစ်တဲ့အတွက် တကယ်အရေး ပေါ်ဖြစ်တဲ့အခါမှာပဲခေါ်ယူနိုင်ပါဖြစ် ပါတယ်၊ ရိုးရိုးဖျားနာတာလောက်နဲ့တော့ ခေါ်လို့မရပါဘူး။ အခမဲ့ ဆိုပေမယ့် ငွေကြေးတတ်နိုင်တဲ့ လူဆိုရင်တော့ ဖောင်ဒေးရှင်းအတွက် လှူဒါန်းနိုင်ပါတယ်။ နောက်ပြီး ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ အတွက်နောက်ပိုင်းမှာ ဇာတ်လမ်းတိုလေးရိုက်ပြီး ထုတ်လွှင့်ဖို့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
အရေးပေါ်လူနာတင်ယာဉ် ခေါ်ယူလိုပါက ဖုန်းနံပါတ် ၀၉၄၂၁၀ ၆၀၉၉၉၊ ၀၉-၄၂၁၀၆၃၉၉၉၊ ၀၉-၄၂၁၀၇၂၉၉၉သို့ ဆက်သွယ် ခေါ်ယူနိုင်ကြောင်း သိရသည်။
Category:



