ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးသို့ သွားရောက်လေ့လာရာတွင် ပြည်သူများထံမှ တိုင်ကြားစာများ ရရှိခဲ့
ပြည်သူ့လွှတ်တော်၊
တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ စက်တင်ဘာလ ၂၆ရက်နေ့တွင်
ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရှိ ထောင်သို့ သွားရောက်လေ့လာနေစဉ်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးသို့ သွားရောက်လေ့လာခဲ့ပြီး စက်တင်ဘာလ ၂၆ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံးသို့ သွားရောက်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော်၊
တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ စက်တင်ဘာလ ၂၆ရက်နေ့တွင်
ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရှိ ထောင်သို့ သွားရောက်လေ့လာနေစဉ်၌
ပြည်သူများမှ တိုင်ကြားစာများ ပေးနေစဉ်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြည်သူ့လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ သွားရောက်လေ့လာစဉ်အတွင်း တရားစီရင်ရေးနှင့် ဥပဒေဆိုင်ရာ လာဘ်ပေးလာဘ်ယူမှု ဖြစ်စဉ်များကို ပြည်သူများမှ လာရောက်စောင့်ဆိုင်းကာ တိုင်ကြားစာများ ပေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင် ဦးသိန်းညွန့်က''ကျွန်တော်တို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင်က ရန်ကုန်မှာ ယိမ်းယိုင်နေပြီး မန္တလေးမှာ မြေပေါ်ပြိုကျသွားပါပြီ။ ဒါ့ကြောင့် ကျွန်တော်ကတော့ ကျန်တဲ့သက်တမ်း ၃ နှစ်မှာ တရားရေးမဏ္ဍိုင် တည့်မတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားပါမယ်။ တိုင်းပြည်မှာ တရားတာကို မတရားလုပ်ရင် ၊ မတရားတာကို တရားလုပ်ရင် တိုင်းပြည်ပျက်မှာပဲ။ ကျွန်တော်တို့ ဒီကိုလာရောက်ရတာကလည်း ကော်မတီရဲ့ လုပ်ငန်းတာဝန်အရ တရားဥပဒေနဲ့အညီ နေထိုင်ဖို့ နှိုးဆော်တယ်။ တိုက်တွန်းတယ်။ ထိန်းညှိကူညီတယ်။ အခုဒီမှာ အမျိုးသမီးတစ်ယောက် တိုင်သွားတာပဲ။ ၅ သောင်းတောင်းတာတို့၊ ၁သိန်းတောင်းတာတို့။ အခုလိုကာလမျိုးမှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အသံတိတ်ထားရမှာလား။ ဒါကျွန်တော်တို့ အလုပ်ပဲ။ ကျွန်တော်တို့ တရားစီရင်ရေးမဏ္ဍိုင်ကို ၀င်ရောက်စွက်ဖက်တာ မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို သြဂုတ်လ ၇ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ကော်မတီတွင် ဥက္ကဌအဖြစ် ဆောင်ရွက်နေသည်။
Category:



