နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် ပြင်ဆင်ရမည့်အချက်များကို နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်ပေးကာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ထား

White Star | 水曜日, 9月 26, 2012 |



နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြုခဲ့သည့် နောက်ဆုံးရက်အစည်းအဝေး            ဓာတ်ပုံ-ဝေယံဖြိုးဦး
စက်တင်ဘာလ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား နိုင်ငံတော်သမ္မထံသို့ ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတမှ ပြင်ဆင်ရမည့်အချက်များအား သဘောထားမှတ်ချက်ပြုကာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ထားကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား ပြင်ဆင်ရမည့် အချက်များကို သဘောထားမှတ်ချက်ပေးရာတွင် ပြင်ဆင်ရမည့်အချက်များစွာ ပါဝင်သည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားခဲ့သည်။
သို့သော် ပြင်ဆင်ရမည့်အချက်များ များပြားသည်ဟုဆိုသော်လည်း ခက်ခဲစွာပြင်ဆင်ယူရမည့် အချက်များ ပါဝင်မှုမရှိသလောက် နည်းပါးကြောင်းလည်း သိရှိရပါသည်။
''စက်တင်ဘာလ ၇ ရက်နေ့ မှာ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေကြမ်းကို စက်တင်ဘာလ ဒုတိယအပတ်အတွင်းမှာ နိုင်ငံတော်သမ္မတအနေနဲ့ လက်မှတ်ရေးထိုးအတည်ပြုနိုင်ဖို့ ပေးပို့ခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေအရ နိုင်ငံတော်သမ္မတက ပြင်ဆင်စရာတွေရှိရင် ပြင်ဆင်ချက်နဲ့အတူ ဥပဒေကြမ်းကို လွှတ်တော်ကို ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။ ပြင်ဆင်စရာ မရှိရင်တော့ အဲဒီဥပဒေ ကြမ်းက ၁၄ ရက်အတွင်း အတည်ဖြစ်ပါတယ်။ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို နိုင်ငံတော်သမ္မတထံကနေ ပြင်ဆင်ချက်သဘောထားမှတ်ချက်နဲ့အတူ လွှတ်တော်ကို  ပြန်လည်ပေးပို့လာတယ်လို့ သိရပါတယ်။ ပြင်ဆင်ချက်တွေ များတယ်လို့တော့ သိရပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ နိုင်ငံတော်သမ္မတထံက ပြန်လည်ပေးပို့လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အောက်တိုဘာလအတွင်းမှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ပြန်လည်ဆွေးနွေးအတည်ပြုသွားမှာ ဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံဥပဒေမူ ကြမ်းတွင် ပါဝင်သည့် နိုင်ငံခြားသား ၄၉ ရာခိုင်နှုန်း၊ နိုင်ငံသား ၅၁ ရာခိုင်နှုန်းမှာ ကိုယ်ကျိုးစီးပွားကာကွယ်လွန်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တွန့်ဆုတ်သွားစေနိုင်သည့်အချက်အဖြစ် ပြည်တွင်း ပြည်ပ ပညာရှင်များက ထောက်ပြခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်မှ အဆိုပါအချက်ကို နိုင်ငံခြားသား ၅၀ ရာခိုင်နှုန်း၊ နိုင်ငံသား ၅၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲအတည်ပြုပေးခဲ့ကြောင်း သိရပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင်ပါဝင်သည့် ကနဦး ရင်းနှီးမြှုပ်နှံရမည့်ပမာဏ အမေရိကန်ဒေါ်လာငါးသန်း အနည်းဆုံးမြှုပ်နှံရမည့်ဆိုသည့်အချက်ကိုလည်း ပယ်ဖျက်ပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုသို့ ခက်ခဲစေသည့်အဓိကအချက်များကို ပြင်ဆင်ကာ အတည်ပြုပြီးမှ ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံတော်သမ္မတမှ ပြင်ဆင်သင့်သည် အချက်များကို သဘောထားမှတ်ချက်ပြုကာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတမှ ပြင်ဆင်သင့်သည်ဟု သဘောထားမှတ် ချက်ပြုထားသည့် အချက်များကို မကြာမီ သိရှိရမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ