အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် နေပြည်တော်သို့ သွားရောက်၍ သမ္မတရုံး၊ ကာချုပ်ရုံး၊ လွှတ်တော်ရုံးများတွင် ဆန္ဒဖော်ထုတ်မည့် အစီအစဉ် တာဝန်ရှိသူများ တားမြစ်ချက်ကြောင့် အစီအစဉ် ရွှေ့ဆိုင်း
စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေး စစ်ဦးစီးချုပ်ရုံး၊ လွှတ်တော်ရုံးများနှင့် နိုင်ငံတ၀န်းရှိမြို့များတွင် ပြည်တွင်းစစ်ပဋိပက္ခနှင့် တည်ငြိမ်အေးချမ်းမှု မရှိသည့် ဒေသအသီးသီးမှ ပြည်သူများအတွက် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်မှာ အနောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့၏ တားမြစ်ချက်အရ ခွင့်ပြုချက်ရမည့်ကာလအထိ ရွှေ့ဆိုင်းလိုက်ရကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုမရန်ဂျော်ဂွန်းထံမှ သိရှိရသည်။
အဆိုပါဆန္ဒဖော်ထုတ်မည့် အစီအစဉ်များမှာ ငြိမ်းချမ်းရေးသီချင်းများ
သီဆိုခြင်း၊ ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်စဲရေးအတွက် ပြည်သူ့ဆန္ဒအား
ဖော်ဆောင်သည့် ဆိုင်းဘုတ်၊ ပိုစတာများကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်မှုများနှင့်
ဆန္ဒဖော်ထုတ်မည့် ရုံးများတွင် ငြိမ်းချမ်းရေးပန်းစည်းများ ကမ်းလှမ်းမည့်
အစီအစဉ်များ ပါဝင်ခဲ့သော်လည်း ခွင့်ပြုချက် မရသေးသဖြင့် ရန်ကုန်မြို့မှပင်
ထွက်ခွာခွင့်မပြုနိုင်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ
ဒုရဲမှုးကြီးဦးမျိုးအောင်၏ တားမြစ်ချက်အရ ကွန်ယက်ဝင်များ အနေဖြင့်
ဆန္ဒဖော်ထုတ်မည့် အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရပါသည်။
''တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဝတ်စုံကို အပြည့်အစုံ ၀တ်ဆင်ထားတဲ့
လူအင်အား ၂၅၀ လောက်နဲ့ နေပြည်တော်ကို သွားမှာပါ။ ငြိမ်းချမ်းစွာ
စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအရလည်း တရားဝင်
တင်ပြထားပါတယ်။ ခွင့် ပြုချက်မရလည်း ဆန္ဒပြသွားမှာပါ'' ဟုဦးဆောင်စီစဉ်သည့်
ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မမေစပါယ်ဖြူက ဆန္ဒပြမည့် ဆုံးဖြတ်ချက်အား
ပြောကြားခဲ့ပါသည်။နေပြည်တော်သို့ ထွက်ခွာရန် ကွန်ယက်ဝင်များနှင့် လိုက်ပါမည့်သူများ မြေနီကုန်း၊ ဒဂုန်စင်တာရှေ့တွင် စုဝေးနေစဉ် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက်တားမြစ်ခဲ့ကာ ကွန်ယက်ဝင်များ ငှါးရမ်းလာသည့် အဝေးပြေးယာဉ်လေးစီးအား ခရီးစဉ်အတွက် လိုက်ပါပို့ဆောင်မှု မပြုရန် တားမြစ်ချက်ကြောင့် ကွန်ယက်ဝင်များမှာ ပြည်သူ့ရင်ပြင်သို့ လမ်းလျှောက်သွားရောက်ရန် စုဝေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ ထပ်ဆင့်တားမြစ်ခဲ့သည်။
ကွန်ယက်ဝင်များအနေဖြင့် မြေနီကုန်းကားမှတ်တိုင်မှ ပြည်သူ့
ရင်ပြင်အတွင်းသို့ တက္ကစီယာဉ်များ ဖြင့် သွားရောက်ခဲ့သော်လည်း
ရဲတပ်ဖွဲ့ဝင်များမှ ထပ်ကြပ်လိုက်ပါ ထွက်ခွာခိုင်းသဖြင့် ရှင်စောပုလမ်းနှင့်
စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်း ရှေ့တွင် ငြိမ်းချမ်းရေး သီချင်းများ
သီဆို၍ လူစုခွဲခဲ့ကြောင်း သိရှိရပါ သည်။''ဥပဒေလည်း ပြဋ္ဌာန်းထားပြီးတဲ့အတွက် ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်တာကို ခွင့်မပြုနိုင်ပါဘူး။ မြေနီကုန်း ကားမှတ်တိုင်ကနေပြီးလည်း ကျော်လွန်သွားခွင့် မပြုပါဘူး''ဟု ဒုရဲမှုးကြီး ဦးမျိုးအောင်က ဆန္ဒဖော်ထုတ်သူများအား ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲတွင် နိုင်ငံတ၀န်းရှိ ပရဟိတလူမှုအဖွဲ့အစည်း
၃၀ ခန့်မှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ ပခုက္ကူ၊
ဗန်းမော်၊ စစ်ကိုင်း ၊ ရွှေဘို၊ တောင်ငူ၊ မြစ်ကြီးနား၊ အင်းလေး၊ ဟိုပုန်း၊
လားရှိုး၊ ဆီဆိုင် ၊ကျောက်မဲ၊ ပြည်၊ ပေါင်းတည်၊ ဖားအံ့၊ မော်လမြိုင်၊ မူဆယ်၊
သန်လျင်၊ လှိုင်သာယာနှင့် အခြားသော မြို့နယ်အချို့တွင် တပြိုင်နက်
ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့ ညနေ လေးနာရီတွင်
၅မိနစ်တိတိ ငြိမ်သက်၍ စစ်၏ဆိုးကျိုးများ ခံစားနေရသူများအတွက်
ဝမ်းနည်းဆုတောင်းခြင်းနှင့် ငြိမ်းချမ်းရေး ဆန္ဒပြုခြင်းများ
ပြုလုပ်ရန်စီစဉ်ခဲ့ကြောင်းလည်း သိရှိရပါသည်။
ကချင်ပြည်နယ်အတွင်း စစ်ပွဲများ အမြန်ဆုံးရပ်စဲ၍ စစ်မှန်သော
ငြိမ်းချမ်းရေးရရှိရန် ဖားကန့်မြို့နယ် ဒေသခံများနှင့် ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များ စုပေါင်းလက်မှတ်ရေးထိုးပြီး တောင်းဆိုမှုအား
ဖားကန့်မြို့၊ မဏိဇေယျုံ ဘုန်းကြီးကျောင်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇
ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်
ငြိမ်းချမ်းရေးအတွက် စုပေါင်းလက်မှတ်ရေးထိုးခဲ့သည့်စာကို နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်(KIO)
သို့ ပေးပို့သွားမည်ဖြစ်သည်ဟု သိရှိရသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား
တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လက စတင်ခဲ့ကာ မြစ်ကြီးနား၊
ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ်များတွင် ဒေသခံများနေရပ်မှ
တိမ်းရှောင်နေကြရပြီး ဖားကန့်ဒေသတွင်မူ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍
တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် ဒေသခံများ၏ စီးပွားရေး၊ လူမှုရေးပိုင်း
ထိခိုက်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။''နိုင်ငံတော်သမ္မတက လက်ရှိမှာ ထိုးစစ်တွေရပ်ဖို့ တရားဝင်အမိန့် ထုတ်ပြန်ခဲ့သလို ပြည်သူ့အကြီးအကဲလည်း ဖြစ်ပါတယ်။ ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးကလည်း လက်ရှိ မငြိမ်းချမ်းနိုင်သေးတဲ့ စစ်ပွဲတွေမှာ တာဝန်ရှိနေသလို ဒီတိုက်ပွဲတွေ ရပ်ဖို့အတွက်လည်း အဓိကကျတဲ့သူပါ။ ပြည်ထောင်စုလွှတ်တော်ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းပေးခဲ့သလို ပြည်သူ့အသံကို အမှန်ဆုံး ဆုံးဖြတ်ပေးနိုင်တဲ့သူမို့ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ ကေအိုင်အေအကြား ဖြစ်ပွားနေတဲ့ ပြသနာတွေကို မျှတစွာ ရပ်တန့်နိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် ဒီရုံး သုံးရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပါသည်။

လက်ရှိကာလတွင် ကချင်ငြိမ်း ချမ်းရေးကွန်ယက်၏ ဆန္ဒဖော်ထုတ်ရန် တင်ပြစာများအား ခွင့်ပြုချက်မရသဖြင့် ရန်ကုန်မြို့အတွင်း လှည့်လည်ခြင်းသာ ပြုလုပ်နိုင်ခဲ့သော်လည်း ခွင့်ပြုချက်ရသည့် ကာလတွင် ဆန္ဒဖော်ထုတ်နိုင်ရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ကိုမရန်ဂျော်ဂွန်းက ပြောကြားခဲ့ပါသည်။
Category:



