ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံတွင် အမေရိကန်ကွန်ဂရက် ရွှေတံဆိပ်ဆု လက်ခံရယူသည့် သတင်းကို နိုင်ငံပိုင်ရုပ်သံမီဒီယာတွင် ထုတ်လွှင့်
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က
အရပ်သူအရပ်သားများအား ဂုဏ်ပြုပေးအပ်သည့် ဆုများအနက် အမြင့်ဆုံးဆုဖြစ်သော
အမေရိကန်ကွန်ဂရက် ရွှေတံဆိပ်ဆုကို စက်တင်ဘာလ ၁၉ ရက် နေ့တွင် လက်ခံရယူခဲ့သည့်
သတင်းကို နိုင်ငံပိုင်ရုပ်သံမီဒီယာ ဖြစ်သော မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားတွင် စက်တင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီသတင်း၌ ထုတ်လွှင့်ခဲ့သည်။
ထုတ်လွှင့်မှုတွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရက်လွှတ်တော်က အရပ်သူအရပ်သားများအား ပေးအပ်သည့် ဆုများအနက် အမြင့်ဆုံးဖြစ်သည့် အမေရိကန် ကွန်ဂရက် ရွှေတံဆိပ်ဆုကို မနေ့က ဗုဒ္ဓဟူးနေ့က လက်ခံရယူခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော် ကယ်လီဂိုမြို့လွှတ်တော် အဆောက်အအုံတွင် ကျင်းပသော ယင်းဆုပေးပွဲအခမ်းအနားသို့ အမေရိကန် ထိပ်တန်းလွှတ်တော် အမတ်များနှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် အမေရိကန် သမ္မတဟောင်းကတော် လော်ရာဘုရှ်တို့လည်း တက်ရောက်ပြီး ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း၊ အလားတူအဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံသမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေတို့လည်း တက်ရောက်ခဲ့ကြောင်း ထုတ်လွှင့်ခဲ့သည်။
အဆိုပါအခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာတွင် "မြန်မာနိုင်ငံရဲ့ နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းများသည် သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း၊ သမ္မတကြီးရဲ့ ဦးဆောင်မှုနှင့်အတူ သက်တမ်းနုနယ် သေးသော်လည်း လျှင်မြန်စွာ ရင့်ကျက်နေပြီဖြစ်တဲ့ ဥပဒေပြုအဖွဲ့အစည်းနဲ့ ဒီမိုကရေစီတန်ဖိုးကို အမြတ်တနိုး တန်ဖိုးထားကြတဲ့ မြန်မာပြည်သူ တရပ်လုံးတို့သည် ခေတ်သစ်ကမ္ဘာကြီးထဲမှာ မြန်မာနိုင်ငံကို ထိုက်သင့်တဲ့ နေရာမှန်တစ်ခုမှာ ရောက်ရှိနိုင်စေရေးအတွက် အားအင်အပြည့်နဲ့ လက်တွဲကြိုးပမ်း ရှေ့တိုးစွမ်းဆောင်နိုင်ကြမှာ ဖြစ်ကြောင်း၊ ယခုအခမ်းအနားသို့ မြန်မာနိုင်ငံမှ ၀န်ကြီးဦးအောင်မင်း ကိုယ်တိုင် တက်ရောက်လာသည့်အတွက် လွန်စွာမှ အားတက်မိပါကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များရဲ့ အနာဂတ်ပေါ်မှာလည်း ယုံကြည်မှုများ ပိုမိုတိုးပွားလာစေပါကြောင်း၊ ရှေ့ခရီးမှာ ရင်ဆိုင်တွေ့ကြုံရဦးမဲ့ အခက်အခဲ အတားအဆီးများ အားလုံးကိုလည်း ကမ္ဘာ့မိတ်ဆွေများ၏ ကူညီပံ့ပိုးမှုနဲ့ အောင်မြင်စွာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါကြောင်း"ကို ထည့်သွင်း ပြောကြားခဲ့သည်ဟု ထုတ်လွှင့်ခဲ့သည်။
ထို့အပြင် "မြန်မာပြည်သူများအားလုံး ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်နိုင်စေမယ့် စစ်မှန်သည့် ဒီမိုကရက်တစ် လူ့ဘောင်သို့ ချီတက်မည့် ခရီးလမ်းသည် ခက်ခဲမည် မှန်သော်လည်း မိမိတို့ပြည်သူများ အားလုံးရဲ့ ငြိမ်းချမ်းညီညွတ်စွာ လက်တွဲပူးပေါင်း ဆောင်ရွက်မှုဖြင့် အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါကြောင်း" ကိုလည်း ပြောကြားခဲ့ကြောင်း ဆက်လက်ထုတ်လွှင့်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆုလက်ခံရယူပြီးနောက် အမေရိကန်သမ္မတ အိုဘားမားနှင့် နာရီဝက်ခန့် သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ် စတင်ခဲ့သည့် အင်္ဂါနေ့ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ၀ါရှင်တန်ရှိ အမေရိကန် ငြိမ်းချမ်းရေးသိပ္ပံမှာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး ၎င်းမိန့်ခွန်းမှာ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ထပ်မံလျှော့ချမှု ပြုလုပ်ရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုအရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ရန်အတွက် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု နည်းလမ်းအပေါ် မှီခိုရန်မသင့်ဟု ယူဆပါကြောင်း၊ အမေရိကန်၏ ဒီမိုကရေစီရှေ့ခရီးကို မိမိတို့ စွမ်းအားဖြင့်သာ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်" ဟု ထုတ်လွှင့်သွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံရပြီးနောက် ယခုအကြိမ်သည် တတိယမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး မေလ ၂၉ ရက်နေ့က သွားရောက်ခဲ့သည့် ထိုင်းခရီးစဉ်နှင့် ဇွန်လ ၁၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဥရောပနိုင်ငံများ ခရီးစဉ်များကို ထုတ်လွှင့်ခဲ့ခြင်းမရှိဘဲ ယခုအကြိမ်သည် နိုင်ငံပိုင်ရုပ်သံများတွင် ပထမဆုံးထုတ်လွှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Category: