တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် သမ္မတဦးသိန်းစိန်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည်ဟု ဘန်ကီမွန် မျှော်လင့်

White Star | 土曜日, 9月 22, 2012 |



BankiDawsu
ကုလသမဂ္ဂ ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဘန်ကီမွန်း တွေ့ဆုံနေစဉ် (UN Photo/Eskinder Debebe)
မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ အားလုံး ပါဝင်နိုင်သည့် ဒီမိုကရေစီရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် သမ္မတဦးသိန်းစိန်နှင့် အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည်ဟု ကြီးမားသည့် မျှော်လင့်ချက်ထားရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်  ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဒါနဲ့ ပတ်သက်လို့လည်း ကျွန်တော့်အနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ သူတို့အနေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေး တည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လမ်းကြောင်းပေါ်မှာ အတူတကွ လမ်းလျှောက်နေကြပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက် ထောက်ခံမှုအပေါ်မှာလည်း တကယ့်ကို အားကိုးအားထားပြုပါတယ်" ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အကောင်အထည်ဖော်မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ မီးမောင်း ထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဘန်ကီမွန်တို့သည် မီဒီယာများနှင့် မတွေ့ဆုံမီ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းရေး အကောင်အထည်ဖော်မှုတွင် ကုလသမဂ္ဂအနေဖြင့် မည်ကဲ့သို့ ကူညီနိုင်မည်နည်း အပါအ၀င် အကြောင်းအရာ အတော်များများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ၄င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် မေလက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဘန်ကီမွန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တွေ့ဆုံမှုတွင် ကုလသမဂ္ဂရုံးချုပ်ကို လာရောက်လည်ပတ်ရန် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်က ဖိတ်ခေါ်ခဲ့သည်။  

ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်မှုများအတွက် ''ကမ္ဘာ့ လူ့အခွင့်အရေး၏ သင်္ကေတ'' အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဘန်ကီမွန်က ချီးကျူးစကား ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်အဖြစ် သာမက လွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေမှု၏ အရေးပါမှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် ၄င်း၏ အထင်ကရ အမေရိက ခရီးစဉ်အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် သီးခြား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုမှ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ