ဘုရင့်နောင် ပွဲရုံဝင်းအတွင်း စက်တင်ဘာ ၁၇ ရက်နေ့မှစတင်ကာ ဆန်ကုန်စည်ဒိုင် တိုးချဲ့ဖွင့်လှစ် ရောင်းချလျက်ရှိ

ဘုရင့်နောင်ပွဲရုံ ၀င်းအတွင်းရှိ ယုဇနလမ်း (မြ၀တီဘဏ်ထောင့်)၌ ဆန်ကုန်စည်ဒိုင်(ဘုရင့်နောင်)ကို စက်တင်ဘာလ ၁၇ရက်နေ့မှစတင်ကာ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း အဆိုပါဆန်ကုန်စည်ဒိုင်မှ ယာယီ ကော်မတီဥက္ကဌ၊ ဦးအောင်မင်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်း ဆိပ်ကမ်းမြို့နယ်ရှိ ယခင်ဖက်စပ်(၂) အဆောက်အဦဘေးရှိ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင် အသင်းရုံးတည်ရှိရာတွင် ဆန်ကုန်စည်ဒိုင် ဖွင့်လှစ်ခဲ့ရာမှ ဘုရင့်နောင် ပွဲရုံဝင်းအတွင်းပါ တိုးချဲ့ခြင်းဖြစ်ကြောင်း၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်း လက်ရှိအနေအထားတွင် ဆန်ကုန်သည်များ၊ ပွဲစားများအနေဖြင့် ကံ့ကော် လမ်းနှင့် ပိတောက်လမ်းထိပ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နေ့စဉ်အရောင်းအ၀ယ် ပြုလုပ်ခဲ့ရကြောင်း သိရသည်။
“အရင်တုန်းက ဘုရင့်နောင်ထဲ မှာ ဆန်အရောင်းအ၀ယ်လုပ်ရင် ပြုံးပန်းတစ်ရာ လ္ဘက်ရည်ဆိုင်မှာပဲ အရောင်းအ၀ယ် လုပ်ကြရတယ်။ အခု တော့ ဆန်ကုန်စည်ဒိုင်(ဘုရင့်နောင်) ကို စက်တင်ဘာလ ၁၇ရက်(တနင်္လာ)နေ့က စပြီး ဖွင့်လှစ်ရောင်းချနေပါပြီ။ ၀ါးတန်းလမ်းမှာလည်း ကုန်စည်ဒိုင်ရှိပါတယ်။ ဒါက ရန်ကုန်မှာ ဒုတိယမြောက်ဖွင့်လှစ်တဲ့ ကုန်စည်ဒိုင်ပေါ့။ ၀ါးတန်းလမ်းဆန် ကုန်စည်ဒိုင်ကိုတော့ ရေလမ်းကလာတဲ့ ဆန်တွေ အရောင်းအ၀ယ် လုပ်ကြပါတယ်။ ဘုရင့်နောင်ကတော့ ကုန်းလမ်းကလာတဲ့ ဆန်တွေကိုအဓိက အရောင်းအ၀ယ် လုပ်ပါတယ်။ ဆိုလိုတာက တိုက်ကြီး၊သုံးဆယ်၊ တောင်ငူစ တဲ့ပဲခူးအရှေ့၊ အနောက်က ဆန်တွေ က ဘုရင့်နောင်ကိုပဲ ၀င်တာဆိုတော့ အဲဒီဆန်တွေကို အရောင်းအ၀ယ်လုပ် ကြမှာပါ။ ၀ါးတန်းလမ်းမှာ ပေါ် ဆန်းများပေမယ့် ဘုရင့်နောင်မှာတော့ ဆန်ကြမ်းများပါတယ်”ဟုလည်း ဆန်ကုန်စည်ဒိုင်(ဘုရင့်နောင်)မှ ဦးအောင်မင်းက ပြောကြားခဲ့သည်။
ဆန်ကုန်စည်ဒိုင်(ဘုရင့်နောင်) ကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ ဦးဆောင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူရောင်းချနိုင်ကြောင်း သိရသည်။
Category:



