သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်ဖြစ်ပွားသည့်အမှုတွင် The Voice ဂျာနယ်အား ပုဒ်မ ၅၀၀ ဖြင့်စွဲချက်တင်လိုက်ကြောင်း ဒဂုံမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့

White Star | 木曜日, 9月 20, 2012 |



စက်တင်ဘာလ ၂၀ ရက်ရုံးချိန်းသို့ လာရောက်ကြသူများအား တွေ့ရစဉ်
သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်တို့ဖြစ်ပွားသည့် အမှုတွင် The Voice ဂျာနယ်အား ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်လိုက်ကြောင်း ဒဂုံမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးက စက်တင်ဘာလ ၂၀ရက်တွင် အမိန့် ချမှတ်ခဲ့သည်။
ယင်းအမိန့်နှင့်ပတ်သက်ပြီး The Voice ဂျာနယ်ဘက်မှ ခရိုင်သို့ ပြင်ဆင်မှု လျှောက်ထားသွားမည်ဖြစ်ကြောင်း The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေဦးသိန်းညွှန့်က ပြောကြားခဲ့သည်။
''ဒီအမှုဟာ ဘယ်သူနိုင်နိုင် တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ဒီစွဲချက်တင်တဲ့ကိစ္စကို ခရိုင်ကို တက်မယ်။  ဒီအမှုသည် စတုတ္တမဏ္ဍိုင်နဲ့ ပြည်ထောင်စုအစိုးရနဲ့ ဖြစ်တဲ့ပွဲဖြစ်သွားပြီ။ အဲဒါဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ပြုပြင်ပြောင်းလဲရေးအ တွက်ထိခိုက်တယ်။ အဆိုးမြင်ဝါဒီများကိုသာ အကျိုးပြုတဲ့ပွဲဖြစ်သွားမယ်''ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။
''ပြည်ထောင်စုအစိုးရနဲ့ ဂျာနယ်ဖြစ်တဲ့အမှုသည် ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အင်မတန်မှ ထိခိုက်တဲ့အပြင် ပြည်ထောင်စုအစိုးရရဲ့ ပုံရိပ်ကိုစိန်ခေါ်ပြီး မေးခွန်းထုတ်နိုင်တဲ့အမှုဖြစ်တဲ့အတွက် ဒီအမှုကို အမြန်ဆုံးပြီးပြတ်ဖို့ ရှိနိုင်သမျှ  နည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်တယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြောလိုပါတယ်''ဟု ဦးသိန်းညွှန့်က ဆက်လက်ပြောကြားခဲ့သည်။
''အခုလိုစွဲချက်တင်ဖို့ အမိန့်ချလိုက်တော့ ကိုယ်မှန်ကြောင်းတစ်ဖက်နဲ့တစ်ဖက် သက်သေပြရယ့်အဆင့် ရောက်သွားပြီ။ အရင်ကတော့ စေ့စပ်ညှိနှိုင်းတာမျိုး လုပ်ဖို့ စဉ်းစားထားတာ။ ဒီအတိုင်းဆိုရင် အပြန်အလှန် တိုက်ပွဲအသွင် ဆောင်သွားနိုင် တယ်။ ဒီကိစ္စက တရားစီရင်ရေးမဏ္ဍိုင် ဘယ်လောက်ကြံ့ခိုင်လဲဆိုတာမှာ မူတည်နေတယ်''ဟု The Voice ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြားခဲ့သည်။
အဆိုပါအမှုအား ဆက်လက် စစ်ဆေးရန်အတွက် လာမည့် အောက်တိုဘာလ ၅ ရက်နေ့တွင် ရုံးချိန်း ထပ်မံခေါ်ယူထားပြီး ယင်းရုံးချိန်းတွင် ပြန်ခေါ်သက်သေများ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၀ ရက်နေ့က ခေါ်  ယူခဲ့သည့် ရုံးချိန်းမှာ ၁၄ ကြိမ်မြောက် ရုံးချိန်းဖြစ်ကြောင်းလည်း သိရှိရပါသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ်ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား စက်တင်ဘာလ ၆ ရက်တွင် ဒဂုံမြို့နယ်တရားရုံးက စွဲချက်တင်သင့် မတင်သင့် အမိန့်ချမှတ်ရန် ရုံးချိန်းခေါ်ယူခဲ့သော်လည်း The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေမှာ နိုင်ငံခြားခရီးစဉ်ကြောင့် တရားရုံးသို့ မလာရောက်နိုင်သည့်အတွက် အမိန့်ချမှတ်မှုကို စက်တင်ဘာလ ၂၀ ရက်မှသာ ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်သည့်အမိန့် ချမှတ်ခဲ့သည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ်တရားစွဲထားသည့်အမှုတွင် သတင်းရေးသားသူအမည်ကို အယ်ဒီတာချုပ်က ဖော်ထုတ်ပေးရန် တောင်းဆိုထားမှုကို ဒဂုံမြို့နယ်တရားရုံးမှ ပလပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့က ကြား နာစစ်ဆေးခဲ့သည့်ရုံးချိန်းမှ သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့်စွဲဆိုထားသည့်အမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြနိုင်ရန် လက်ရှိစစ်ဆေးနေမှုကို ဆိုင်းငံ့ပေးရန် The Voice   ဂျာနယ်ဘက်မှ လျှောက်ထားမှုကို  ဒဂုံမြို့နယ်တရားရုံးက ဇွန်လ ၂၀ ရက်ရုံးချိန်းတွင် ပယ်ချသည့်အမိန့် ချမှတ်ခဲ့ကြောင်းလည်း သိရှိရသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ်အတွဲ-၈၊ အမှတ် ၁၃ ၌ ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ သတင်းကို မျက်နှာဖုံး သတင်းအနေဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
သတင်း၏ ပထမပိုဒ်၌ ပြန်ကြားရေးဝန်ကြီးဌာနအပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများ၏ ကျပ်သိန်းပေါင်းထောင်ချီသော ငွေကြေးအလွဲသုံးစားပြုမှုများနှင့် ငွေစာရင်း မမှန်မကန် ဖော်ပြမှုများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းကို ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ်မ ၅၀၀ ဖြင့်လက်ခံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ