တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှစ်ခု ထပ်မံဖွဲ့စည်း၊ အခြား ကျောင်းသား သမဂ္ဂတို့နှင့် ပူးပေါင်းသွားမည်

White Star | 火曜日, 9月 18, 2012 |

ပွင့်လင်းလာသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီ ပညာရေး ဖော်ဆောင်ရာတွင် တက္ကသိုလ် သမဂ္ဂ အခန်း ကဏ္ဍများ ပါဝင်လာစေရန်နှင့် ကျောင်းသား ကျောင်းသူများ၏ အခွင့်အရေးများ၊ သဘောဆန္ဒများ၊ အခက်အခဲများကို ကိုယ်စားပြု ဆောင်ရွက်ရန်အတွက် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နှစ်ခုကို ယနေ့ နံနက် ၉ နာရီက ဗိုလ်အောင်ကျော် လမ်းရှိ HOME ခန်းမတွင် ထပ်မံဖွဲ့စည်းလိုက်သည်။


ယခု ထပ်မံ ဖွဲ့စည်းလိုက်သော ကျောင်းသားများ သမဂ္ဂနှစ်ခုမှာ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ကျောင်းသားများ သမဂ္ဂနှင့် ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (လှိုင်သာယာ)တို့ ဖြစ်သည်။ ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (လှိုင်သာယာ)ကို အဖွဲ့ဝင် ၅ဝ ကျော်ဖြင့် စတင်ဖွဲ့စည်းခြင်းဖြစ်သည်။ လက်ရှိတွင် အင်တာနက် www.facebook.com/wytustudentsunion စာမျက်နှာ ဖွင့်လှစ်ကာ ယင်းတက္ကသိုလ်၏ သတင်းအချက် အလက်များ၊ ဓာတ်ပုံများကို ဖတ်ရှုနိုင်ပြီ ဖြစ်သည်။ ဆက်လက်၍ ယင်းသမဂ္ဂမှ အခြားကျောင်းသား သမဂ္ဂ တို့နှင့် ပူးပေါင်းကာ ကျောင်းသား အားလုံး၏ လိုအပ်ချက်များအပြင် အဆင့်မြင့် တက္ကသိုလ် ဖွင့်လှစ်ခြင်း ကိစ္စများနှင့် ပတ်သက်၍လည်း သမ္မတထံသို့ လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဟု သိရသည်။

အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ကျောင်းသားများ သမဂ္ဂ၏ ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စများနှင့် ပတ်သက်၍ ယင်းသမဂ္ဂမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ထက်အောင်လျှမ်းဝေက “ကျွန်တော်တို့ ကျောင်းသားထု ကြားထဲမှာ ယုံကြည်မှု တည်ဆောက်မယ်။ ကျောင်းသား အချင်းချင်း ရင်းနှီးမှုကို ရယူမယ်။ ပြီးရင် အားလုံး စည်းလုံးမှု ရရှိအောင် လုပ်ဆောင်ပါမယ်”ဟု ပြောကြားသည်။ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်တွင် ကျောင်းသား အရေအတွက် နည်းပါးပြီး ကျောင်းသူ များပြားခြင်းကြောင့် သမဂ္ဂဖွဲ့စည်းရာတွင် ကြောက်စိတ် ကြီးမားနေ သဖြင့် ယခုအချိန်၌ အဖွဲ့ဝင် အင်အား နည်းပါးလျက် ရှိကြောင်း သိရသည်။ ယင်းသမဂ္ဂ၏ သတင်းနှင့် အချက်အလက် များကို တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်းခြင်းများကို ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ဖော်ဆောင် ခဲ့ကြသည်။ ယခုအခါ ရန်ကုန်မြို့၌ ကျောင်းသားများ သမဂ္ဂ ၇ ခု ဖွဲ့စည်းပြီး ဖြစ်သည်။ မန္တလေး၌လည်း ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ဖွဲ့စည်းပြီးသော တက္ကသိုလ် ကျောင်းသား သမဂ္ဂများကို ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)မှ မည်သို့ ပံ့ပိုးပေးမည့် အကြောင်းကို ယင်းအဖွဲ့ချုပ်မှ ဒီငြိမ်းလင်းက “ကျွန်တော်တို့ ကျောင်းသား သမဂ္ဂ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မယ်။ အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ အရည်အချင်းတွေ မြှင့်တင်မယ်။ စာဖတ်ဝိုင်းတွေ လုပ်မယ်။ အတွေ့အကြုံတွေ ပြန်ဝေမျှမယ်”ဟု မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

ယခုဖွဲ့စည်းထားသော ကျောင်းသား သမဂ္ဂများကို တရားဝင် အဖွဲ့အစည်းများ ဖြစ်လာစေရန်လည်း ကြိုးပမ်း လုပ်ဆောင်ကြမည် ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးသော တက္ကသိုလ်များမှာ ဒဂုံတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ မှော်ဘီ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္ကသိုလ်(လှိုင်သာယာ) နှင့် အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်တို့ ဖြစ်ကြသည်။


Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ