မြန်မာ့သင်္ဘောကျင်းလုပ်ငန်းပိုင် မြေ ၉၁ ဧကပေါ်ရှိ သင်္ဘောကျင်းလုပ်ငန်းများအား လာမည့် ဘဏ္ဍာရေးနှစ်မှစတင်ကာ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်

White Star | 木曜日, 9月 20, 2012 |


ဆင်မလိုက်ရှိ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ် ဓာတ်ပုံ-ရွှန်းလဲ့ဝင်း
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းပိုင် မြေ ၉၁ ဧကပေါ်ရှိ သင်္ဘောကျင်းလုပ်ငန်းများအား လာမည့် ၂၀၁၃ ခုနှစ်ဘဏ္ဍာရေးနှစ်မှစတင်ကာ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်စိုး၏ ပြောကြားချက်အရ သိရသည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် မြေဧက ၁၁၉ ဒသမ ၂၄၆ ဧကပေါ်တွင် ရေယာဉ်တည်ဆောက်ရေး၊ ရေယာဉ်ပြင်ဆင်ရေးနှင့် အထွေထွေ သံထည်တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် ဆောင် ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် သင်္ဘောကျင်းလုပ်ငန်းမှာ လျှောလမ်းသုံး သင်္ဘောကျင်း မြေနေရာဖြစ်သည့် မြေဧက ၉၁ ဧကသာဖြစ်ပြီး ကျန်မြေဧက ၂၈ ဒသမ ၂၃၅ ပေါ်ရှိ တန်ချိန် ၁၂၀၀၀ ရှိ ရေလုံသင်္ဘောကျင်းလုပ်ငန်းကိုမူ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှသာ ဆက်လက်လုပ်ကိုင်သွားမည်ဟု သိရသည်။
ယင်းသို့ လုပ်ကိုင်ရခြင်းမှာ အနာဂတ်တွင် ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် သင်္ဘောကျင်းလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်မည်ဆိုပါက မြေနေရာ ထပ်မံရှာဖွေရန်မလိုဘဲ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်ဖြစ်သည်ဟု သိရသည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ဖက်စပ်ကုမ္ပဏီထူထောင်ရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအား အဆိုပြုလွှာများ ခေါ်ယူခဲ့ရာ စင်ကာပူနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂၆ ခုတို့ လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည်။
ယင်းကုမ္ပဏီ ၂၇ ထဲမှ တစ်ခုအား ရွေးချယ်ပြီး ၂၀၁၃ ခုနှစ်ဘဏ္ဍာရေးနှစ်မှ စတင်ကာ သင်္ဘောကျင်းလုပ်ငန်းများအား ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။
''အောက်တိုဘာလ ၁၂ ရက် နေ့မှာ ဖက်စပ်ကုမ္ပဏီလုပ်ကိုင်ဖို့ အဆိုပြုလွှာ ခေါ်ယူတဲ့ရက်ပြည့်မှာပါ။ အဲဒီနောက်ပိုင်းမှာ အဆိုပြုလွှာစိစစ် ရွေးချယ်ရေးအဖွဲ့နဲ့ စိစစ်ရွေးချယ်ပြီး လာမယ့်ဘဏ္ဍာရေးနှစ်စတာနဲ့ ဖက်စပ်ကုမ္ပဏီထူထောင်ပြီး လုပ်ကိုင်သွား မှာပါ''ဟု ဦးကြည်စိုးက ပြောကြားခဲ့သည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ယင်းသို့ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်မည်ဆိုခြင်းမှာ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ Update ဖြစ်ရန်လိုအပ်မှုနှင့် ဈေးကွက်အရ လိုအပ်ချက်တို့ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်း သည် ၁၉၇၀ ပြည့်နှစ်မှ စတင်ကာ နိုင်ငံပိုင်လုပ်ငန်းအဖြစ် စတင်လုပ်ဆောင်ခဲ့သည်။ စတင်လုပ်ဆောင်ခဲ့စဉ်တွင် လျှောလမ်းသုံး သင်္ဘောကျင်းအဖြစ် သာသင်္ဘောများကို ပြုပြင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တန်ချိန် ၁၂၀၀၀ ရှိ ရေလုံသင်္ဘောကျင်းအား တိုးချဲ့ဖွင့်လှစ်ခဲ့ကာ သင်္ဘောကျင်းလုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ