သမိုင်းဝင် ရွှေကြက်ယက်-ရွှေကြက်ကျဘုရား လှေဦးတိုက်ပွဲ အစဉ်အလာမပျက်ကျင်းပ

နှစ်စဉ်ကျင်းပမြဲဖြစ်သော မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ရွှေကြက်ယက်-ရွှေကြက်ကျဘုရား လှေဦးတိုက်ပွဲကို အောက်တိုဘာလ ၇ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှေဦးတိုက်ပွဲကို မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲများတွင် တစ်ပွဲအပါအ၀င်ဖြစ်သော လှေပြိုင်ပွဲသဘင် ကျင်းပလေ့ရှိသည့် တော်သလင်းလတွင် ကျင်းပလေ့ရှိပြီး ရွှေကြက်ယက်-ရွှေကြက်ကျဘုရား လှေဦးတိုက်ပွဲ၏ ထူးခြားချက်မှာ ကျေးရွာအလိုက် ငှက်လှေများဖြင့် လှော်ခတ်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
ယခုနှစ် လှေဦးတိုက်ပြိုင်ပွဲတွင် ရွှေကြက်ယက် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာရှိသည့်အနက် ၁၁ ရွာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နှစ်သင်းစီ ပွဲစဉ်ငါးပွဲယှဉ်ပြိုင် လှော်ခတ်ခဲ့ကာ တစ်သင်းမှာမူ ဗိုလ်လုပွဲအဆင့်မှ စောင့်ဆိုင်းယှဉ်ပြိုင်ရကြောင်း သိရသည်။
''လှေဦးတိုက်ပွဲကနှစ်စဉ်ကျင်းပရတဲ့ပွဲပါ။ရေကြောင်းခရီးနဲ့ သွားလာလုပ်ကိုင်နေတဲ့သူတွေ အန္တရာယ်တွေကင်းအောင် ရွှေကြက်ကျဘုရား ကို ဦးတိုက်ရတဲ့သဘောပါ။နှစ်တိုင်း တော်သလင်းလဆိုရင် ဒီပွဲကမလုပ်မဖြစ်တဲ့ပွဲပါ'' ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
လှေဦးတိုက်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကလည်း ''ရွှေကြက်ယက်လှေဦးတိုက်ပွဲက ရှေး မြန်မာမင်းတွေ လက်ထက်ကတည်းက အစဉ်အလာမပျက်ကျင်းပလာတဲ့ပွဲပါ။ ဒီပွဲကို ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ကျေးရွာအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုကောင်းဖို့အတွက်ပါ။ ဒီနှစ်မှာတော့ အရင်နှစ်တွေကထက် ဆုကြေးတွေပိုပေးထားပြီး ပါဝင်ယှဉ်ပြိုင်တဲ့အသင်းတိုင်းကိုလည်း နှစ်သိမ့်ဆုတွေပေးသွားမှာပါ'' ဟု ပြောကြားသွားခဲ့သည်။
ယခုနှစ်လှေဦးတိုက်ပွဲကျင်းပရာ အောက်တိုဘာလ၇ရက်နေ့နှင့် ၈ ရက်နေ့များတွင် ယဉ်ကျေးမှုအနုသဘင်ဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
Category:



