နိုင်ငံခြားခရီးသွားဧည့်အ၀င်များချိန်၌ ရထားဝန်ဆောင်မှုမြှင့်တင်၍ သီးသန့်ရထားနှင့် အိပ်စင်အထူးတွဲများ ချိတ်ဆက်ပြေးဆွဲရန်ဆောင်ရွက်
ရန်ကုန်-မန္တလေးရထားလမ်းခရီးစဉ်နှင့် မန္တလေး-ပုဂံရထားခရီးစဉ်များတွင် နိုင်ငံခြားခရီးသွားဧည့်သည်အ၀င်များသော ကာလများ၌ အိပ်စင်အထူးတွဲများနှင့် RBE(Rail Bus Enging) အထူးရထားများပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
''အခုနှစ်ပိုင်းတွေမှာ ပြည်ပခရီးသွားဧည့်သည် အ၀င်များလာတာကြောင့် မီးရထား သယ်ယူပို့ဆောင်ရေးအနေနဲ့ ပြည်တွင်းခရီးစဉ်တွေကို ရထားအသုံးပြုပြီး သွားလာနိုင်အောင်ဝန်ဆောင်မှုတွေတိုးမြှင့်ပြီး လုပ်ဆောင်နေပါတယ်။ ခရီးသွားရာသီမှာ နိုင်ငံခြားသားတွေ အသွားများတတ်တဲ့ ရန်ကုန်-မန္တလေးခရီးစဉ်နဲ့ မန္တလေး-ပုဂံခရီးစဉ်တွေကို အိပ်စင် အထူးတွဲတွေ RBE (Rail Bus Eng-ing) အထူးရထားတွေ ပြေးဆွဲပေးနိုင်ဖို့ ပြည်တွင်းခရီးသွားကုမ္ပဏီတွေနဲ့ ခေါ်ယူဆွေးနွေးနေပါတယ်။ ခရီး သွားကုမ္ပဏီတွေဘက်က အကြောင်းပြန်တာနဲ့ ပြေးဆွဲဖို့အဆင်သင့်ပါ''ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အထူးရထားများပြေးဆွဲနိုင်ရန် ညှိနှိုင်းဆွေးနွေးရာတွင် ခရီးသွားကုမ္ပဏီများဘက်မှ ခရီးစဉ်များကို ခရီးသွားရာသီတွင် တိုးချဲ့ခြင်းထက် တစ်နှစ်ပတ်လုံး ပြေးဆွဲပေးရန်နှင့် ရထားလက်မှတ်ခများကိုလည်း လက်ရှိအသုံးပြုနေသော ကုန်းလမ်း၊ ရေ လမ်းဈေးနှုန်းများနှင့် ကွာခြားမှုနည်းသောနှုန်းများဖြင့် ပြေးဆွဲပေးရန် နှင့် မန္တလေး-ပုဂံခရီးစဉ်ကို ပြေးဆွဲချိန် ရှစ်နာရီဖြင့်ပြေးဆွဲပေးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန္တလေးဘူတာကြီးမှ ပုံမှန်ပြေးဆွဲနေသော ခရီးစဉ်များတွင် နိုင်ငံခြားခရီးသွားများ လိုက်ပါမှုအနည်းငယ်ရှိပြီး တစ်ဦးလျင် မန္တလေး-ရန်ကုန် ခရီးစဉ်တွင် အိပ်စင် ၃၃ ဒေါ်လာ၊ အထက်တန်း ၃၀ ဒေါ်လာနှင့် ရိုးရိုးတန်း ၁၁ ဒေါ်လာ၊မန္တလေး-ပုဂံခရီး စဉ်တွင် အထက်တန်း ၁၀ ဒေါ်လာ၊ ရိုးရိုးတန်း ၄ ဒေါ်လာ၊ မန္တလေး- မြစ်ကြီးနားခရီးစဉ်တွင် အထက်တန်း ၂၇ ဒေါ်လာ၊ ပထမတန်း ၂၀ ဒေါ်လာ၊ ရိုးရိုးတန်း ၁၀ ဒေါ်လာ၊ မန္တလေး-လားရှိုးခရီးစဉ်တွင် အထက် တန်း ၁၂ ဒေါ်လာ၊ ပထမတန်း ၁၀ ဒေါ်လာ၊ ရိုးရိုးတန်း ၅ ဒေါ်လာ နှုန်း သတ်မှတ်ထားကြောင်း၊ အထူးရထားများ ပြေးဆွဲမည်ဆိုပါက သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
Category:



