မြန်မာနိုင်ငံ၏ လျှပ်စစ်ပြဿနာနှင့်ပတ်သက်၍ RUMFCCI ဒုတိယဥက္ကဋ္ဌများက ဂျပန်လုပ်ငန်းရှင်များကို အာမခံပြောကြား

White Star | 水曜日, 10月 10, 2012 |



mt2
ဂျပန်နိုင်ငံမှ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်အချို့ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများ၏ စိုးရိမ်မှုတစ်ခုဖြစ်နေသော လျှပ်စစ်ရရှိမှုပြဿနာအတွက် ဂျပန်လုပ်ငန်းရှင်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌဦးဇော်မင်းဝင်းက အောက်တိုဘာလ ၉ ရက်က နှစ်ဖက်လုပ်ငန်းရှင်များ တွေ့ဆုံရာတွင် အာမခံပြောကြားလိုက်သည်။ 
"မကြာသေးမီကပဲ အစိုးရက ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းပြီး ၅၀၀ မဂ္ဂါဝပ်ထုတ်နိုင်မယ့် အစီအစဉ်တစ်ခုလုပ်နေပါပြီ။ ပြည်တွင်းမှာလည်း ၃၀၀ မဂ္ဂါဝပ်လောက်ပိုပြီး ထုတ်လုပ်ဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။ ရန်ကုန်မှာ နောက်နှစ်နှစ်လောက်ဆိုရင် မီးကိစ္စလုံလုံလောက်လောက် ပြေလည်သွားမှာပါ" ဟု ၎င်းက ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဂျပန်နိုင်ငံ၏ ကဏ္ဍစုံမှစီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံကာ ရင်းနှီးမြှုပ်နှံမှုအနေအထား များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။  လျှပ်စစ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ယခင်ကအစိုးရကသာ လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ နိုင်ငံခြားကုမ္ပဏီများ၊ ပြည်တွင်းကုမ္ပဏီများသို့ ပုဂ္ဂလိကပေးကာ လုပ်ကိုင်ခွင့်ပြုနေပြီဖြစ်သဖြင့် နောင်တွင် လျှပ်စစ်ပြဿနာနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း အသင်း၏ဒုတိယဥက္ကဋ္ဌဦးအောင်လွင်ကလည်း ပြောကြားခဲ့သည်။
"အခုက ရေအားလျှပ်စစ်လည်းလုပ်နေတယ်။ ဓာတ်ငွေ့(Gas) လည်း ထွက်တာကြောင့် ဓာတ်ငွေ့နဲ့လည်းလျှပ်စစ်ရအောင် လုပ်နေပါတယ်"ဟု ဦးအောင်လွင်က ပြောကြားခဲ့သည်။ 
၎င်းတို့ မြန်မာလုပ်ငန်းရှင်များအနေနှင့် ဂျပန်နိုင်ငံမှလုပ်ငန်းရှင်များကို လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံမှုအဆင့် (၁) မှ (၅) အတွင်းဝင်သည်အထိ လာ ရောက်ရင်းနှီးမြှုပ်နှံစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြားကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၂၂ ဒသမ ၅ သန်းသို့ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ