ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့် အစုအဖွဲ့သည် ပြည်သူများက ယုံကြည်လေးစားသူများဖြစ်ရန် လိုအပ်ပြီး ရေးဆွဲပုံ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

White Star | 日曜日, 4月 14, 2013 |



w1-14-4-5
(Photo- AFP)
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲသည့် အစုအဖွဲ့သည် ပြည်သူများက ယုံကြည်လေးစားသူများဖြစ်ရန် လိုအပ်ပြီး ရေးဆွဲပုံ ရေးဆွဲနည်းမှာလည်း ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဧပြီ ၁၃ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂျပန်ရောက် မြန်မာ မိသားစုများနှင့် တွေ့ဆုံစဉ် မေးခွန်းများကို ဖြေကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုကို ရေးဆွဲသည့် အဖွဲ့အစည်းသည် အရည်အချင်းရှိခြင်း၊ သမာသမတ်ကျခြင်း၊ ပြည်သူက လေးစားနိုင်ခြင်း၊ ပြည်သူက ယုံကြည်နိုင်ခြင်းများနှင့် ပြည့်စုံရမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
w1-14-4-4
ဂျပန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် (Photo- AFP)
ဒေါ်အောင်ဆန်းစုကြည်က '' ပွင့်လင်းမြင်သာမှုရှိမှ ပြည်သူက လက်ခံနိုင်မှာပါ။ လက်မခံနိုင်တဲ့ အချက်အလက်တွေရှိရင် ပြည်သူကို ဝေဖန်ပိုင်ခွင့်လည်း ပေးရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု မရေးဆွဲခင်မှာ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ ရေးဆွဲဖို့ ရည်ရွယ်တယ်ဆိုတာ ပြည်သူအများ အသိပေးပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ကို ရယူဖို့ လိုတယ်လို့ ကျွန်မမြင်ပါတယ်'' ဟု ပြောသည်။
   
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် မည်သည့်အချက်အလက်များ ပါသင့်သည်ဆိုသည်ကို  ရေးဆွဲသည့် ပုဂ္ဂိုလ်များနှင့် တာဝန်ယူထားသည့် ပုဂ္ဂိုလ်များက ဆုံးဖြတ်မည်ဆိုသော်လည်း ပြည်သူလူထု၏ သဘော၊ ပြည်သူလူထု၏ ဆန္ဒများကသာ လွှမ်းမိုးနိုင်မည် ဖြစ်ကြောင်း၊  ယင်းကဲ့သို့ ရေးဆွဲပါက သင့်တော်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
  
လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၁၅ မတိုင်မီ အသစ်ပြန်လည် ရေးဆွဲသင့်ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲ သည် တရားမျှတမှု မရှိနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
  
ယင်းနှင့် ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည်က '' နိုင်ငံခြားက ရောက်လာတဲ့ ဧည့်သည်တွေက မေးကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ ထင်ပါသလားဆိုပြီး မေးပါတယ်။ ကျွန်မက ပြောတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့ကတော့ သိပ်ပြီးတော့ အခက်အခဲရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရတော့ တရားမျှ တတယ်လို့ ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး'' ဟု ပြောကြားခဲ့သည်။
  
ထို့ပြင် မြန်မာနိုင်ငံကို ဘားမားမှ မြန်မာဟူသော အမည်ကို ပြောင်းခဲ့ရာတွင် ပြည်သူလူထု၏ ဆန္ဒကို မမေးခဲ့ကြောင်း၊ ဘားမားဆိုသည်မှာ ဗမာလူမျိုးများကိုသာ ရည်ညွှန်းခြင်းဖြစ်ပြီး မြန်မာဆိုသည်မှာ တိုင်းရင်းသားများ အားလုံးပါသည် ဆိုသည်ဆိုသော မခိုင်လုံသည့် အကြောင်းပြချက်မျိုးကို မကြိုက်ကြောင်း၊  မြန်မာဆိုသည်မှာ ဗမာကို စာပေသဘောတရားအရ ရေးခြင်းဖြစ်ပြီး မြန်မာနှင့် ဗမာ အတူတူဖြစ်ကြောင်း၊ မြန်မာဆိုသည်မှာ တိုင်းရင်းသားအားလုံး ခြုံငုံပြီး ပါဝင်သည်ဆိုသည်မှာ မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
''နာမည်ပြောင်းခြင်းရဲ့ အကြောင်းရင်းက ဘာလဲဆိုတာ ကျွန်မမရှင်းဘူး။ တစ်ချို့ကတော့ ဗေဒင်ယတြာလို့ ပြောတယ်။ အဲဒါဆိုရင်တော့ ကျွန်မ လုံးဝသဘောမတူဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ နာမည်ထက် ပိုအရေးကြီးတာက နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင်၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသွားနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် နိုင်ငံရဲ့ နာမည်ကို ပြောင်းနေစရာ မလိုဘူးလို့ ထင်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဆန္ဒပြခံရမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းအနေဖြင့် ကော်မရှင် ဥက္ကဋ္ဌနေရာကို လက်ခံကတည်းက ကော်မရှင်၏ တွေ့ရှိချက်၊ အကြံပြုချက်များကို လက်မခံချင်သောသူများ ရှိမည်ဆိုသည်ကို တွက်ပြီးသား ဖြစ်သည့်အတွက် ထူးထူးထွေထွေ မခံစားရကြောင်း၊ ဒီမိုကရေစီကို ယုံကြည်သည်ဆိုခြင်းမှာ ပြည်သူများတွင် မတူညီသည့် သဘောထားများ ရှိသည်ဆိုသည်ကို ယုံကြည်ခြင်းကြောင့်ဖြစ်ကြောင်း၊ မေးခွန်းများကို မဖြေနိုင်ခြင်းနှင့် ဆန္ဒပြသည့်ဒဏ်ကို မခံနိုင်သည့် သူများကို နိုင်ငံရေး မလုပ်ပါနှင့်ဟု ပြောလိုကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
  
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်အတွင်း ဒုတိယမြောက် ပြည်ပခရီးစဉ် အဖြစ် ဧပြီ ၁၂ ရက်နေ့မှစကာ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်နေခြင်းဖြစ်ပြီး ဧပြီ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ