နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နေပြည်တော်၌ သီးခြားစီတွေ့ဆုံ၊ သမ္မတနှင့် တွေ့ဆုံစဉ် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေး

White Star | 土曜日, 4月 06, 2013 |

Utheinseinvsjimmycarter-april4
နိုင်ငံတော်သမ္မတနှင့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာသည် ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် အမျိုးသား ဒီမိုကရေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သင်္ဂဟဟိုတယ်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်နေသော ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ၊ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်များ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များ၊ ရခိုင်ဒေသ အပါအ၀င် ပဋိပက္ခ ဖြစ်ပွားခဲ့သော ဒေသများမှ ဒုက္ခသည်များအတွက် အိုးအိမ်ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်မှုနှင့် ဆက်ဆံရေး တိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တွေ့ဆုံဆွေးနွေးမှု အပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့သည် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနှင့် ဇနီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ဂုဏ်ပြုနေ့လည်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
dawsuvsjimmycarter-april4
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေစဉ် (ဓာတ်ပုံ - စိုးမင်းထိုက်)
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ဧပြီလ ၂ ရက်က ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ကူညီထောက်ပံ့နိုင်မည့် နည်းလမ်းများကို လာရောက်စူးစမ်း ရှာဖွေခြင်းဖြစ်သည်။
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဧပြီလ ၄ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေဆုံမည်ဖြစ်ပြီး ရန်ကုန်မြို့၌ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကာ ဧပြီလ ၅ ရက်နေ့တွင် Park Royal ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။  
အမေရိကန် သမ္မတအဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၈၂ ခုနှစ်တွင် ဂျင်မီကာတာသည် ၎င်း၏ဇနီးဖြစ်သူ ရို့စ်လင်းနှင့်အတူ Carter Center ကို စတင်တည်ထောင်ကာ နိုင်ငံပေါင်း ၇၀ ကျော်တွင် ပြဿနာများ ဖြေရှင်းရေး၊ ဒီမိုကရေစီ ထွန်းကားရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖြစ်ပေါ်ရေး၊ သီးနှံအထွက်တိုးရေးအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ လယ်သမားများအား ပညာပေး အစီအစဉ်များကို ပြုလုပ်ပေးလျက် ရှိသည်။
ထို့ပြင် ဂျင်မီကာတာသည် ကမ္ဘာ့နိုင်ငံများသို့ သွားရောက်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ပြုလုပ်ခဲ့၍ ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ