မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တစ်ဦးကို တစ်ဦး ယုံကြည်မှု ရှိလာပါက ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ပြောကြား

မြန်မာနိုင်ငံ နေပြည်တော်သို့ ဧပြီလ ၂ ရက်က ရောက်ရှိလာခဲ့သည့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာသည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ဧပြီလ ၅ ရက်က ရှင်းလင်း ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တစ်ဦးကို တစ်ဦး ယုံကြည်မှု ရှိလာပါက ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံမှာ ယခုထိ မကျော်လွှား နိုင်သေးတဲ့ အကြီးဆုံး ပြဿနာလို့ ထင်ပါတယ်။ ဒီပြဿနာဟာ တိုင်းရင်းသား လူမျိုးစုများနဲ့ ဖြစ်နေတဲ့ ပဋိပက္ခပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသား လူမျိုးစု အချင်းချင်း ဖြစ်နေတဲ့ ပဋိပက္ခလည်း တွေ့နေရပါတယ်။ ဒါဟာ အလွန် အရေးကြီးတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို မဖြေရှင်း နိုင်သေးပါဘူး” ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက ပြောကြားခဲ့သည်။
“ကျွန်တော် တွေ့ခဲ့တဲ့ ၀န်ကြီး ဦးအောင်မင်းဆိုရင် ဒါနဲ့ ပတ်သက် ပြီး ကျွန်တော်မေးပါတယ်။ သူ့အနေနဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြိုးစားဆောင်ရွက် နေတာကို ပြောပါတယ်။ နောက်ပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေ ကြားမှာလည်း သူတို့အချင်းချင်း ယုံကြည်မှု ရအောင်လည်း ကြိုးစား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အားလုံးကို အကြီးမားဆုံး ပြဿနာက ဘာလဲလို့ ကျွန်တော် မေးတဲ့အခါမှာ ယုံကြည်မှု ကင်းမဲ့ခြင်းလို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါနဲ့ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ကျွန်တော်မေးပါတယ်။ ဘာကြောင့်လဲလို့ သူတို့ကို မေးတဲ့အခါမှာ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု မရှိဘူးလို့ ပြောပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မှု ရှိလာနိုင်မယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းလာနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင် အားလုံးကို တိုက်တွန်းချင်တာက တစ်ချိန်မှာ အားလုံးပါဝင်တဲ့ တရားမျှတတဲ့ ငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းပါတယ်။ ဒါမှတိုင်းရင်းသား ပဋိပက္ခတွေ မရှိမှာ ဖြစ်ပါတယ်” ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက ပြောကြားသည်။
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၏ Carter Center ရုံးခွဲတစ်ခုကို ရန်ကုန်မြို့တွင် မကြာမီ ဖွင့်လှစ်သွားရန်ရှိကြောင်း ဂျင်မီကာတာက ပြောကြားသည်။
အဆိုပါ ရှင်းလင်းပြောကြားမှုသို့ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၄၀၀ ကျော် တက်ရောက် ခဲ့ကြသည်။
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာသည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းရင်းသား ပါတီခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အချို့မှ ခေါင်းဆောင်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ခေါင်းဆောင်များများနှင့် ရန်ကုန်နှင့် နေပြည်တော်တို့၌ သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်နေသော ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ၊ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်များ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များ၊ ရခိုင်ဒေသ အပါအ၀င် ပဋိပက္ခ ဖြစ်ပွားခဲ့သော ဒေသများမှ ဒုက္ခသည်များ အတွက် အိုးအိမ်ပြန်လည် ထူထောင်ရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်မှုနှင့် ဆက်ဆံရေး တိုးမြှင့်ရေး ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် တိုင်းရင်းသားပါတီများ အနေဖြင့် တွန်းအားပေးနိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲ အပေါ်တွင် တိုင်းရင်းသား ပါတီများ၏ သဘောထား၊ တိုင်းရင်းသားရေးရာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများက ပြောကြားခဲ့သည်။
ထို့ပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေများ၊ လွှတ်တော်အသီးသီးတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက် နေမှုများနှင့် တပ်မတော်၏ အခန်းကဏ္ဍများ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများ၏ ဆက်ဆံရေး အခြေအနေများ၊ မြန်မာ-အမေရိကန် တပ်မတော်နှစ်ရပ်ကြား ဆက်ဆံဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“တွေ့ဆုံခဲ့ရသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အနာဂတ်တွေ၊ မျှော်လင့်ချက်တွေ၊ တစ်ချိန်တည်းမှာပဲ လက်ရှိစိန်ခေါ်မှုတွေ အတွက် စိုးရိမ်ပူပန်မှုတွေ သိခဲ့ရလို့ပါ။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးကို လိမ္မာပါးနပ်တဲ့ ဖော်ဆောင်မှုတွေ၊ တစ်ချိန်တည်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်မှု၊ လူ့အခွင့်အရေး ကော်မရှင်ကို တည်ထောင်မှု၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုတွေအပေါ် ကြိုဆိုပါတယ်” ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက ပြောကြားသည်။
ဂျင်မီကာတာနှင့် တွေ့ဆုံမှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “တိုင်းပြည်အရေးကို ဖြေရှင်းမယ့် ပုဂ္ဂိုလ်တစ်ဦးလို့ ယူဆပြီးတော့ အဖြစ်မှန်တွေ ကျွန်တော်ပြောပါတယ်။ ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်တယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ ပြဿနာက တိုင်းရင်းသား ကိစ္စတင် မဟုတ်တော့ဘူး။ လူမျိုးရေး ပြဿနာတွေ၊ ဘာသာရေး ပဋိပက္ခတွေပါ ဖြစ်လာပြီဆိုတော့ အားလုံး ၀ိုင်းဝန်းပါဝင် ရှင်းလင်းကြမှရမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားသည်။
အသက် ၈၈ နှစ်အရွယ်ရှိပြီ ဖြစ်သော အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ကူညီ ထောက်ပံ့နိုင်မည့် နည်းလမ်းများကို လာရောက် စူးစမ်းရှာဖွေခြင်း ဖြစ်သည်။
အမေရိကန် သမ္မတအဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၈၂ ခုနှစ်တွင် ဂျင်မီကာတာသည် ၎င်း၏ဇနီးဖြစ်သူ ရို့စ်လင်းနှင့်အတူ Carter Center ကို စတင်တည်ထောင်ကာ နိုင်ငံပေါင်း ၇၀ ကျော်တွင် ပြဿနာများ ဖြေရှင်းရေး၊ ဒီမိုကရေစီ ထွန်းကားရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖြစ်ပေါ်ရေး၊ သီးနှံအထွက်တိုးရေး အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများအား ပညာပေး အစီအစဉ်များကို ပြုလုပ်ပေးလျက်ရှိသည်။
ထို့ပြင် ဂျင်မီကာတာသည် ကမ္ဘာ့နိုင်ငံများသို့ သွားရောက်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ပြုလုပ်ခဲ့၍ ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သည်။
Category: