အခြေခံဥပဒေ ခံကတုတ်နှင့် လူထုကိုယ်စားပြုမှု

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အချို့က ခံကတုတ်ဟုမြင်ပြီး အချို့က ထွက်ပေါက်ဟု မြင်ကြသည်။ အကယ်စင်စစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟူသည် ပြည်သူလူထု၏ ရပိုင်ခွင့်များ အခွင့်အရေးများကို ခုခံကာကွယ်ပေးမည့် ခံကတုတ်ကြီး ဖြစ်ပြီး အခွင့်အရေးသမားများ၊ အချောင်သမားများ၊ ကိုယ်ကျိုးရှာ သမားများအတွက် ထွက်ပေါက်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံတိုင်းတွင် အခြေခံဥပဒေ ခံကတုတ်နှင့် လူထုကိုယ်စားပြုမှုကို တန်ဖိုးထားရန်၊ အမြဲတမ်းထိန်းညှိနေရန် အထူးအရေးကြီးသည်။
ရွေးကောက်ပွဲနှင့်အမျိုးသားညီလာခံ
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၉၃ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့တွင် စတင်ကျင်းပခဲ့သော အမျိုးသား ညီလာခံ၌ မြစ်ဖျားခံခဲ့သည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် အမျိုးသား ညီလာခံ ကိုယ်စားလှယ် ၇၀၂ ဦး၏ အမည်များကို ထုတ်ပြန်ကြေညာခဲ့ရာ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၉၉ ဦးသာ ပါဝင်ခဲ့သဖြင့် ကိုယ်စားလှယ် စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့သည် ။နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ၁၉၉၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အမျိုးသား ညီလာခံကို ခြောက်လအတွင်း ခေါ်ယူကျင်းပမည်ဟု ထုတ်ပြန်ခဲ့သည်။ ဤသို့ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး လမ်းကြောင်းကို အစပြုခဲ့သည်။ ထို့နောက် ၁၉၉၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အမျိုးသား ညီလာခံကို ရပ်နားခဲ့သည်။
၁၉၉၀ ပြည့်နှစ်မေလ ၂၇ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှစ်နှစ်ပြည့်ခါနီး အချိန်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေး စီမံချက် လမ်းကြောင်းကို ပုံဖော်ခဲ့ပြီး အမျိုးသားညီလာခံကို ခေါ်ယူခဲ့သည်။ အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးစီမံချက်သည် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အာဏာလွှဲပြောင်းရေး အစီအစဉ်ကို ချေဖျက်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အမျိုးသားညီလာခံကို ရပ်နားခဲ့ ပြီးနောက် မြန်မာ့နိုင်ငံရေးသည် သောင်မတင် ရေမကျ အနေအထားသို့ ရောက်ရှိခဲ့သည်။ န၀တအစိုးရသည် အာဏာလွှဲပြောင်းရေး အကျပ်အတည်းကို အခြေခံဥပဒေသစ် ရေးဆွဲရေးကို ဦးတည်သော အမျိုးသားညီလာခံနှင့် လမ်းလွှဲနိုင်ခဲ့သည်။
လမ်းပြမြေပုံနှင့် ညီလာခံဒုတိယအကျော့
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် အဆင့်ခုနစ်ဆင့် ပါဝင်သော ဒီမိုကရေစီ လမ်းပြမြေပုံကို ချမှတ်ခဲ့သည်။ လမ်းပြမြေပုံ၏ ပထမအဆင့်သည် ၁၉၉၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သော အမျိုးသားညီလာခံကို ပြန်လည်ကျင်းပရန် ဖြစ်သည်။ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက် ဒီပဲယင်း တိုက်ခိုက်မှုအပြီး သုံးလအတွင်း လမ်းပြမြေပုံ ချပြခဲ့ခြင်းသည် နိုင်ငံတကာ၌ ဒီပဲယင်း တိုက်ခိုက်မှုကို အကြောင်းပြုလျက် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ ဖိအားပေးမှုများကို လျော့ချနိုင်ရန် အာရုံပြောင်းရန် ဗျူဟာမြောက် စီမံခဲ့ခြင်းဖြစ်သည်။ လမ်းပြမြေပုံ ခုနစ်ချက်သည် ဒီပဲယင်း တိုက်ခိုက်မှုအပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို အာရုံပြောင်းရန် ရည်ရွယ်သည့် နိုင်ငံရေး အစီအစဉ် တစ်ရပ်သာ ဖြစ်ခဲ့သည်။
မြန်မာပြည်သူလူထုကြီး အထူးသဖြင့် အောက်ခြေ ဆင်းရဲသူဆင်းရဲသားများ၏ အခွင့်အရေးများ ရပိုင်ခွင့်များ တန်းတူရည်တူခွင့်များကို ခံကတုတ်သဖွယ် အကာအကွယ်ပေးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးဖြစ်ရန် အထူးလိုအပ်သည်။ ထို့ကြောင့် ပြည်သူ့အစိုးရဟု ထုတ်ဖော်လေ့ရှိသော အစိုးရသစ်နှင့် ပြည်သူ့ဆန္ဒ ရှေ့တန်းတင်သော လွှတ်တော်သစ်တို့ အနေဖြင့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှု ရှိမရှိကို ပြန်လည်ဆန်းစစ်သင့်သည် . . . |
နိုင်ငံရေးအရ သိက္ခာဆယ်သည့် လုပ်ရပ်ဟု သုံးသပ်မှုအချို့ ရှိခဲ့သော်လည်း ပြန်လည်စတင်သည့် အမျိုးသား ညီလာခံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အဓိကပါတီများ၏ ကိုယ်စားလှယ်များ မတက်ရောက်ခဲ့သဖြင့် ခုတ်ရာတခြား ရှရာတခြား ဖြစ်စေခဲ့သည်ဟုလည်း မှတ်ချက်ပြုနိုင်သည်။
၂၀၀၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပနိုင်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ လမ်းပြမြေပုံ၏ ပထမအဆင့်ကို စတင်ခဲ့သည်။ ၂၀၀၃ ခုနှစ် လမ်းပြမြေပုံ ခုနစ်ချက်နှင့် ပတ်သက်၍ အာဆီယံနိုင်ငံအချို့ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ တုံ့ပြန်မှုမှာ အေးစက်လွန်းခဲ့သဖြင့် နိုင်ငံရေးအရ ရောင်းမှားဝယ်မှား ဖြစ်ခဲ့သည်ဟုသာ မှတ်ချက်ပြုနိုင်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြန်လည်ကျင်းပမည့် အမျိုးသားညီလာခံ၌ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည့် အလျောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးရေး အပါအ၀င် အချက်ငါးချက်ကို အာဏာပိုင်များထံတင်ပြ တောင်းဆိုခဲ့ရာ သဘောတူညီမှု မရရှိခဲ့သဖြင့် အမျိုးသား ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း ၂၀၀၄ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းသည် အန်အယ်လ်ဒီပါတီ မပါသော ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ချုပ်ပြီး ကျင်းပသော အမျိုးသားညီလာခံကို အပြင်းအထန် ဝေဖန်ခဲ့သည်။
ငြိမ်းချမ်းရေး အဖွဲ့များ၏ ပေးစာ
၂၀၀၄ ခုနှစ်တွင် အမျိုးသားညီလာခံ မတိုင်မီ အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး အဖွဲ့များသည် အားလုံးပါဝင်သည့် ညီလာခံဖြစ်ရေး အဆိုပြုခဲ့သည်။ ၂၀၀၄ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ)၊ ရှမ်းပြည် အမျိုးသားတပ်မတော် (အက်စ်အက်စ်အန်အေ)၊ ကယန်းပြည်သစ် ပါတီတို့၏ အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသော သဘောထား အမြင်တင်ပြချက်ကို အမျိုးသား ညီလာခံ ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌထံ ပေးပို့ခဲ့သည်။
အဆိုပါစာတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ အမျိုးသားညီလာခံသို့ တက်ရောက်ခွင့်ရှိရန် အပစ်အခတ်ရပ်စဲပြီး ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော အဖွဲ့အစည်းများ အပစ်အခတ်မရပ်သေးသော အဖွဲ့အစည်းများကိုလည်း အမြန်ဆုံး ငြိမ်းချမ်းရေး ရယူလျက် ညီလာခံတက်ခွင့်ပြုရန် ၅/၉၆ ဥပဒေကို ရုတ်သိမ်းရန် အခြေခံမူ ၁၀၄ ချက်အနက် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသော အချက်အလက်များကို ပြန်လည်ဆွေးနွေး ပြင်ဆင်ခွင့်ရှိရန် အမျိုးသားညီလာခံ၏ နိုင်ငံရေးဦးတည်ချက်များမှ နံပါတ် ၆ သည် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီ လူထု ဆန္ဒသဘောထားနှင့်လည်း မကိုက်ညီသည့်အတွက် ဆွေးနွေးညှိနှိုင်း ပြင်ဆင်ခွင့်ရရန် စသည့်အချက်များကို တင်ပြတောင်းဆိုခဲ့သည်။
အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင်သည် အပစ်အခတ် ရပ်စဲရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခြောက်ဖွဲ့၏ သဘောထား တင်ပြချက်ကို အပြုသဘော မတုံ့ပြန်ခဲ့သည့်အပြင် ညီလာခံအတွင်း ဆွေးနွေးမှုများသည်လည်း အကြိတ်အနယ် မရှိခဲ့ပေ။ အမျိုးသားညီလာခံတွင် အစိုးရမဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆွေးနွေးတင်ပြချက်များကို မှတ်တမ်းတင်ခဲ့သည်မှ တစ်ပါး အခြားနည်းလမ်းဖြင့် ဖြေရှင်းခဲ့မှု မရှိခြင်းသည်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို ချည့်နဲ့စေခဲ့သည်။
ညီလာခံကိုယ်စားလှယ် ဖွဲ့စည်းမှု
၂၀၀၄ ခုနှစ် အမျိုးသား ညီလာခံ၏ ကိုယ်စားလှယ် ရွေးချယ်မှုတွင် ပွင့်လင်းမြင်သာမှု အားနည်းခဲ့ပြီး ကိုယ်စားလှယ်များ၏ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မှု အပိုင်းသည်လည်း မေးခွန်းထုတ်ဖွယ် ဖြစ်ခဲ့သည်။ မေလ ၁၇ ရက်နေ့တွင် ပြန်လည်ကျင်းပခဲ့သော အမျိုးသား ညီလာခံ၌ ကိုယ်စားလှယ် အစုအဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၁၀၈၈ ဦးတက်ရောက်ခဲ့သော်လည်း ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ် ၁၅ ဦး သာ တက်ရောက်ခဲ့သဖြင့် ကိုယ်စားလှယ် စုစုပေါင်း၏ ၀.၀၁ ရာခိုင်နှုန်းသာ ကိုယ်စားပြုခဲ့သည်။ ၂၀၀၄ ခုနှစ် ညီလာခံကိုယ်စားလှယ် အရေအတွက် သည် ၁၉၉၂ ခုနှစ် ညီလာခံထက် ၃၈၆ ဦး ပိုများသော်လည်း ရွေးကောက်ပွဲ၌ ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ အရေအတွက်မှာ ၁၉၉၂ ခုနှစ်တွင် ၉၉ ဦးရှိခဲ့ရာမှ ၂၀၀၄ ခုနှစ် တွင် ၁၅ ဦးသာရှိခဲ့သဖြင့် ၈၄ ဦး လျော့နည်းခဲ့သည်။
ရွေးကောက်ပွဲတွင် ရွေးကောက် ခံထားရသော ကိုယ်စားလှယ်များ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ အသိပညာရှင် အတတ်ပညာ ရှင်များအစုအဖွဲ့နှင့် အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ အစုအဖွဲ့တို့တွင် ညီလာခံ ကိုယ်စားလှယ် ၂၀၅ ဦး တက်ရောက်ခဲ့သည်။ အစုအဖွဲ့များ၏ ညီလာခံ ကိုယ်စားလှယ်များကို မည်သို့မည်ပုံ ရွေးချယ်ဖိတ်ကြားခဲ့သည်ကို အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အပြင် အမျိုးသားညီလာခံတွင် ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု အပိုင်းတွင်လည်း အားနည်းခဲ့သည်။
လက်ရှိအစိုးရအနေဖြင့် လွန်ခဲ့သောငါးနှစ်က ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုသည် ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားလိမ့်မည်ဟု စိုးရိမ်မှု တစိုးတစိမျှ မရှိနိုင်သည့်အလျောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရေး အစီအစဉ်ကို ယုံကြည်မှုအပြည့်၊ ရဲရဲဝံ့ဝံ့ စီမံနိုင်လိမ့်မည်ဟု မျှော်လင့်မိသည် . . . |
တရားဝင် အတည်မပြုနိုင်သော သတင်းများအရ တိုင်းရင်းသား ကိုယ်စားလှယ်များ အစုအဖွဲ့၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ အစုအဖွဲ့၊ အလုပ်သမား ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် နိုင်ငံဝန်ထမ်းကိုယ် စားလှယ်များအစုအဖွဲ့တို့၏ ညီလာခံ ကိုယ်စားလှယ်များသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်းဝင်များ၊ ပြည်ခိုင်ဖြိုး အသင်းကြီးကို ထောက်ခံသူများနှင့် အစိုးရနှင့် နီးစပ်သူများ ဖြစ်သည်ဟု သုံးသပ်ဖော်ပြကြသည်။ ထို့အတူ အသိပညာရှင် အတတ်ပညာ ရှင်များအစုအဖွဲ့တွင် ဖိတ်ကြားခံရသူ အများစုသည်လည်း အစိုးရနှင့် ပလဲနံသင့်သူများ နီးစပ်သူများ ဖြစ်သည်ဟု ကောက်ချက်ပြုကြသည်။ အခြားဖိတ်ကြားသင့်သော ပုဂ္ဂိုလ်များ အစုအဖွဲ့တွင် ဒေါက်တာခင်မောင်ညွန့်၊ ဦးခွန်မြတ်၊ ဒေါက်တာစောဆိုင်မွန် သာ၊သမိုင်းပညာရှင်များဖြစ်သော ဦးစိုင်းအောင်ထွန်း၊ ဦးထွန်းအောင်ချိန်တို့ ပါဝင်ခဲ့ပြီး အစုအဖွဲ့ဝင် အများစုမှာ ပြည်ခိုင်ဖြိုးအသင်း အစိုးရ တို့နှင့် မကင်းသူများပင်ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်း ရေးအဖွဲ့ ၂၈ ဖွဲ့မှ ကိုယ်စားလှယ် ၉၀ ဦးလည်း တက်ရောက်ခဲ့သည်။
ဆန္ဒခံယူပွဲသစ်ပြန်လုပ်ဖို့
၂၀၀၈ ခုနှစ် မေလ ၁၀ ရက် နှင့် မေလ ၂၆ ရက်နေ့တို့တွင် ကျင်း ပခဲ့သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၉၈.၁၂ ရာခိုင်နှုန်း ဆန္ဒမဲလာရောက် ပေးခဲ့ပြီး ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးမှုဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်ဟု တရားဝင်ထုတ် ပြန်ခဲ့သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကျင်းပခဲ့သည့် အချိန်တွင် လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျတမှု အပိုင်းတို့၌ အကန့်အသတ်များစွာ ရှိနေခဲ့ပြီး မေးခွန်းထုတ်ဖွယ် အခြေအနေများစွာ ရှိနေခဲ့သည်မှာ မငြင်းနိုင်သော အချက်ဖြစ်သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်း ပခဲ့ချိန်တွင် ရန်ကုန်အခြေစိုက် ကုလ သမဂ္ဂနှင့်သံရုံးများ၏ကိုယ်စားလှယ် များကိုလေ့လာနိုင်ရန် စီစဉ်ပေးခဲ့သော် လည်း ဒေသတွင်းစောင့်ကြည့်လေ့ လာသူများ၊ နိုင်ငံတကာစောင့်ကြည့် လေ့လာသူများကိုလာရောက်လေ့ လာခွင့်မပြုခဲ့သည့်အပြင် ပြည်တွင်း စောင့်ကြည့်လေ့လာသူများနှင့် ပြည် တွင်းသတင်းမီဒီယာများ၏ လုပ်ပိုင်ခွင့်ကိုလည်း များစွာထိန်းချုပ်ထားခဲ့သည်။ ထို့ကြောင့် လက်ရှိအခြေအနေမှ ပြန်လည်သုံးသပ်လျင် ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၏ ရလဒ်သည် မြန်မာပြည်သူလူထုကြီး၏ လွတ်လပ်သော ဆန္ဒအစစ် အမှန် ဟုတ်မဟုတ် ပြန်လည်ဆန်းစစ်ရန် လိုအပ်လျက်ရှိနေသည်ဟု ကောက်ချက်ပြုနိုင်သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံမှုလိုအပ်သည်။ ၂၀၀၈ ခုနှစ် မေလ၏ ရလဒ် ၉၂.၄၈ ရာခိုင်နှုန်း ထောက်ခံမှုသည် ငါးနှစ်တာ ကာလအတွင်း ၅၀ ရာခိုင်နှုန်းအောက် ထိုးဆင်းကျသွားရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟု မှတ်ချက်ပြုနိုင်သည်။ လက်ရှိအစိုးရ အနေဖြင့် လွန်ခဲ့သော ငါးနှစ်က ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုသည် ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားလိမ့်မည်ဟု စိုးရိမ်မှု တစိုးတစိမျ မရှိနိုင်သည့်အလျောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရေး အစီအစဉ်ကို ယုံကြည်မှု အပြည့်၊ ရဲရဲဝံ့ဝံ့ စီမံနိုင်လိမ့်မည်ဟု မျော်လင့်မိသည်။
လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းရေးကို လွှတ်တော်တွင်း၌ ဦးဆောင်အဆို တင်သွင်းခဲ့သည့်နည်းတူ ပြည်သူ့ဆန္ဒခံယူပွဲ ထပ်မံကျင်းပပြီး လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူလူထု ထောက်ခံမှု ရာခိုင်နှုန်းမည်မျှ ရှိနေသေးသည်ကို ပြန်လည်ဆန်းစစ်နိုင်မည့် အရေးကြီး အဆိုတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်တွင် ဦးဆောင်တင်သွင်း နိုင်မည်ဆိုလျင် ပြည်တွင်းမဲဆန္ဒရှင်များ၏ ပြည်ခိုင်ဖြိုးပါတီအပေါ် စိတ်ဝင်စား ထောက်ခံမှုကို နိုင်ငံရေးအရ မြှင့်တင်နိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံတကာ အသိုင်းအ၀န်းတွင်လည်း ကောင်းချီးသြဘာ လက်ခုပ်သံ အများအပြား ရရှိနိုင်မည့် အဆိုဖြစ်နိုင်သည်။ အစိုးရသစ် ကာလအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မဲဆန္ဒပေးခွင့်ရှိသူ စုစုပေါင်း၏ ထက်ဝက်ကျော်၏ ထောက်ခံမဲရရှိရေးသည် အခက်အခဲ ရှိနိုင်ဖွယ် မရှိသည့်အပြင် ဒီမိုကရေစီနည်းကျ ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်တွင် ထပ်မံအတည်ပြုမှုကို ရယူပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးကို အကောင်အထည် ဖော်သင့်သည်ဟု ထင်မြင်မိသည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာပြည်သူလူထုကြီး အထူးသဖြင့် အောက်ခြေဆင်းရဲသူ ဆင်းရဲသားများ၏ အခွင့်အရေးများ ရပိုင်ခွင့်များ တန်းတူရည်တူခွင့်များကို ခံကတုတ်သဖွယ် အကာအကွယ်ပေးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးဖြစ်ရန် အထူးလိုအပ်သည်။ ထို့ကြောင့် ပြည်သူ့အစိုးရဟု ထုတ်ဖော်လေ့ရှိသော အစိုးရသစ်နှင့် ပြည်သူ့ဆန္ဒ ရှေ့တန်းတင်သော လွှတ်တော်သစ်တို့အနေဖြင့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှု ရှိမရှိကို ပြန်လည်ဆန်းစစ်သင့်သည်။ အစိုးရသစ်နှင့် လွှတ်တော်သစ်တို့၏ မျက်လုံးအောက်တွင် ကျင်းပမည့် လွတ်လပ်၊ ပွင့်လင်း မျှတသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှုရယူ အတည်ပြုပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်းကို လွှတ်တော်အနေဖြင့် ကမကထ ပြုသင့်ကြောင်း အကြံပြု မောင်းခတ်လိုက်ရပါသည်။
Category: