သတင်းစာ ပါရာဒိုင်းအရွေ့

Thai Rath သတင်းစာရှိ CTP Room ကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် လူအများ သတင်းအပေါ် စိတ်ဝင်စားမှုသည် ၂၀၀၅ ခုနှစ် နောက်ပိုင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များ ထွက်ပေါ်လာပြီး နောက်ပိုင်း၌ ပိုမိုတိုးတက်ခဲ့သည်ဆိုလျှင် မှားမည်မထင်ပေ။ ၂၀၀၅ ခုနှစ်နောက်ပိုင်း အင်တာနက် အသုံးပြုမှု ပိုမိုများပြားလာခြင်းနှင့် အတူ အင်တာနက် လက်လှမ်းမီသူများ အနေနှင့် Blog များ၊ G-mail များ တည်ဆောက်ပြီး မိမိတင်ပြလိုသော အကြောင်းအရာများကို တစ်ဦးနှင့် တစ်ဦး ပေးပို့ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် Blog များ၏ အရေးပါမှုသည် ပိုမိုသိသာ ထင်ရှားခဲ့ပြီး ဂျာနယ်တိုက်ကြီးများ အနေဖြင့်လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုက်များမှတစ်ဆင့် ရွှေဝါရောင် တော်လှန်ရေး သတင်းအခြေအနေများကို ပြည်သူများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနိုင် ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဲပေးမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ တိုးတက်ဖော်ပြ နိုင်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်မှစ၍ Facebook သုံးစွဲမှု တွင်ကျယ်လာခဲ့ပြီး သတင်းမီဒီယာကြီးများ၏ Facebook စာမျက်နှာများမှ တစ်ဆင့် သတင်းများကို အချိန်ပိုင်းခြား ဖော်ပြပေးနိုင်ခဲ့ကြပါသည်။ ၂၀၁၀ မင်္ဂလာဈေး မီးလောင်မှုကိုလည်း မိနစ်အလိုက် Facebook များမှတစ်ဆင့် ဖော်ပြပေးနိုင်ခဲ့မှုကြောင့် ရန်ကုန်ပြင်ပတွင် နေထိုင်သူများသာမက နိုင်ငံရပ်ခြား ရောက်နေသူများပါ လွယ်လင့်တကူ သိရှိနိုင်ခဲ့ ကြပါသည်။ အင်တာနက် စာမျက်နှာများတွင် သတင်းစီးဆင်းမှုသည် အကန့်အသတ် မရှိသော်လည်း သတင်းဂျာနယ်များ အပါအ၀င် ပြည်တွင်းရှိ မီဒီယာများသည် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ ထိန်းချုပ်မှုကြောင့် ဖော်ပြလိုသလောက် ဖော်ပြခွင့် မရရှိခဲ့ကြပါ။ အင်တာနက်နှင့် အလှမ်းဝေးသော ပြည်သူများ အနေဖြင့် သတင်းငတ်မှု ဖြစ်ပေါ်ခဲ့သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ပြည်တွင်းရှိ သတင်းမီဒီယာများကလည်း မိမိတို့ တင်ပြလိုသည့် သတင်းများကို သွယ်ဝိုက်သောနည်းဖြင့် တစ်နည်းတစ်ဖုံ ကြိုးစားဖော်ပြ ခဲ့ကြပါသည်။ ၂၀၁၂ ခုနှစ်တွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဖျက်သိမ်းပြီးနောက်ပိုင်း သတင်းဂျာနယ်များ၏ သတင်းတင်ပြမှုသည် ပိုမိုလွတ်လပ်ပြီး မကွယ်မ၀ှက် ဖော်ပြပေးနိုင်ခဲ့ကြပါသည်။ ယခုအခါ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစ၍ နေ့စဉ်ထုတ် သတင်းစာလေးစောင် စတင်ထုတ်ဝေ ဖြန့်ချိနေပြီး သတင်းစာထုတ်ဝေခွင့် ၁၆ စောင်အထိ ရရှိပြီးဖြစ်ကြောင်းလည်း သိရပါသည်။ သတင်းဂျာနယ် ထုတ်ဝေသူများ အနေဖြင့် သတင်းစာထုတ်ဝေ နိုင်ရေးသည် ၎င်းတို့၏ အမြင့်မားဆုံး ရည်မှန်းချက်ဖြစ်ပါသည်။ ထုတ်ဝေခွင့်ကျပြီး သတင်းစာ ၁၆ စောင် အပြင် နောက်ထပ်လည် ထပ်မံလျောက် ကြဦးမည်ဖြစ်ကြောင်း သတင်းများ ကြားနေရပါသည်။ လက်ရှိအခြေအနေတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ အရှုံးခံထုတ်ဝေနေသည့် ကြေးမုံသတင်းစာ၊ မြန်မာ့အလင်း သတင်းစာနှင့် The News Light of Myanmar သတင်းစာများက သတင်းစာဝေစု အများဆုံးရရှိပြီး ဈေးကွက်ကို ဦးဆောင်လျက်ရှိပါသည်။ သတင်းစာ တစ်စောင် ရေရှည်တည်တံ့ ရပ်တည်နိုင်ရေးသည် အကြောင်းအချက် များစွာအပေါ်တွင် အခြေတည်လျက် ရှိပါသည်။
သတင်းစာ ပါရာဒိုင်းအရွေ့
၁၉၆၂ ခုနှစ်မှစ၍ ပုဂ္ဂလိက သတင်းစာများသည် သတင်းလွတ်လပ်ခွင့် ရနေရာမှ ကန့်သတ်ချုပ်ချယ် အဆင့်သို့ ရောက်ရှိသွားသည်အထိ ပါရာဒိုင်း ရွေ့သွားပြီး နောက်ပိုင်းတွင် လုံးဝပိတ်သွားသည်အထိ ဖြစ်သွားပါသည်။ ယခုအခါ သတင်းလွတ်လပ်ခွင့် ပိတ်ဆို့ထားရာမှ သူတို့အဆို လုံးဝလွတ်လပ်သော ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့် ပေးမည်ဆိုသည့် ပါရာဒိုင်းအရွေ့နှင့်အတူ သတင်းလွတ်လပ်ခွင့် ပြန်လည်ရရှိလာမည်ဟု မျော်လင့်ခဲ့ကြပါသည်။ သို့သော်လည်း ပြန်ကြားရေး ၀န်ကြီးဌာနက ပုံနှိပ်သတင်းမီဒီယာများ၏ အညှာဖြစ်သော ပုံနှိပ်လုပ်ငန်းကို ချုပ်ကိုင်ရန်ကြိုးပမ်းသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်းကို သတင်းမီဒီယာများ ကန့်ကွက်သည့်ကြားမှ လွှတ်တော်တင်ပြီး သတင်းစာလွတ်လပ်ခွင့်ကို ထိပါးရန် ကြိုးစားလာသည့် အတွက် သတင်းစာထုတ်ဝေသူများ အနေဖြင့် သတိထား စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်ပါသည်။

သတင်းအယ်ဒီတာ၊ သတင်းထောက်အဖွဲ့
စာမျက်နှာ ၃၀ ခန့် သတင်းစာ တစ်စောင် နေ့စဉ်ထွက်ရှိနိုင်ရေး အတွက် ပြည်တွင်းသတင်း အပုဒ်ရေ ၅၀ နှင့် နိုင်ငံတကာ သတင်းအပုဒ်ရေ ၃၀ ခန့် လိုအပ်မည်ဖြစ်ပါသည်။ နိုင်ငံတကာသတင်း အပုဒ်ရေ ၃၀ ရရှိရေး မခက်ခဲသော်လည်း ပြည်တွင်း သတင်းအပုဒ်ရေ ၅၀ ရရှိရေးမှာ လွန်စွာခက်ခဲကြောင်း သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်သူအားလုံး သိရှိ ကြပြီးဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ သတင်းစာတိုက်ကြီးများဖြစ်သည့် Thai Rath နှင့် Natioin သတင်းစာတို့တွင် သတင်းထောက်ဦးရေ ၄၀၀ ခန့်ဖြင့် သတင်းရယူ၍ ဆောင်ရွက်နေ ကြပါသည်။ မြန်မာနိုင်ငံတွင် သတင်းစာထုတ်ဝေမည် ဆိုပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် နယ်မြို့များ အပါအ၀င် သတင်းထောက်နှင့် အယ်ဒီတာဦးရေ ၂၀၀ ခန့်ရှိမှသာ တည်မြဲခိုင်ခံ့သည့် သတင်းစာတိုက် တစ်ခုဖြစ်လာမည်ဟု ပြည်ပသတင်းစာ လုပ်ငန်းကျွမ်းကျင်သူများက ပြောဆိုသုံးသပ်မှုများ ရှိပါသည်။ ထို့ပြင် ၎င်းအယ်ဒီတာနှင့် သတင်းထောက်များသည်လည်း သတင်းဓာတ်ပုံနှင့် အယ်ဒီတာ လုပ်ငန်းအပေါ် ကျွမ်းကျင်သော လုပ်သက်ရှိရန်လည်း လိုအပ်ပါသည်။ သတင်းကိုင် အယ်ဒီတာများအနေဖြင့် သတင်းတည်း ဖြတ်ရာတွင် ကျွမ်းကျင်မှု လိုအပ်သလို သတင်းစာပုံစံခွက် (Template) အတွင်း အလျင်အမြန် ထည့်သွင်း တတ်ရန်လည်း လိုအပ်ပါသည်။

သတင်းစာ ထုတ်ဝေရာတွင် နှစ်ပေါင်းများစွာ သတင်းစာဈေးကွက် ဝေစုကို ပြိုင်ဘက်မရှိ ရရှိခဲ့သော အစိုးရ သတင်းစာများကို သတင်းပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး ယှဉ်ပြိုင်ရာတွင် အခက်အခဲ မရှိသော်လည်း ပြည်သူ့ဘဏ္ဍာငွေများဖြင့် အရှုံးခံ ထုတ်ဝေနေသော အစိုးရ သတင်းစာများကို တန်ဖိုးအားဖြင့် ယှဉ်ပြိုင်ရာတွင် ခက်ခဲမှု ကြုံတွေ့နိုင်ပါသည်။ ထို့အတွက် ထွက်ရှိပြီး ပုဂ္ဂလိက သတင်းစာများက နေ့စဉ်အရှုံးခံပြီး ဈေးကွက်ဝေစု ရရှိရေး ကြိုးစားလာရသည်မှာ သိသာ ထင်ရှားလှပါသည်... |
သတင်းစာပုံနှိပ်ခြင်း
သတင်းစာတစ်စောင်၏ စောင်ရေအကန့်အသတ်ကို သတင်းစာဖတ်ရှု လိုသူများ၏ တောင်းဆိုမှုနည်းတူ သတင်းစာပုံနှိပ်သည့် လုပ်ငန်းတွင် ပါဝင်သော စက်ကိရိယာများကလည်း လွှမ်းမိုးထားသည်မှာ ထင်ရှားလှပါသည်။ Sheet Fed ပုံနှိပ်စက်ဖြင့် ရိုက်သော သတင်းစာတိုက်များ၏ စောင်ရေသည် စက်အလုံးပေါင်းများစွာနှင့် ရိုက်သည်ဆိုဦး သတင်းစာစောင်ရေ ခြောက်သောင်းအထက် ထွက်ရှိရန် ခဲယဉ်းလှပါသည်။ အကြောင်းမှာ စာဖောင်တစ်ခုချင်း အပေါ်စက်တစ်လုံးချင်းမှ ပုံနှိပ်ခြင်း၊ ပုံနှိပ်ပြီးသော စာဖောင်များကို တွဲခေါက်ရန် အချိန်များစွာ ယူရခြင်း၊ နံနက် ၅ နာရီအမီ ဖြန့်ချိရခြင်းတို့ကြောင့် နောက်ဆုံးသတင်းယူသည့် အချိန်စောနေ တတ်ပါသည်။ နောက်ဆုံးသတင်းကို အချပ်ပိုဖြင့်လိုက်သည် ဆိုဦးတော့ ကသီလင်တနိုင်ပြီး ရေရှည်လုပ်ဆောင်ရန် ခက်ခဲလေ့ ရှိပါသည်။ Web Machine ခေါ် စက္ကူလိပ်ဖြင့် ရိုက်သော ပုံနှိပ်စက်ကြီးများသည် သတင်းစာစောင်ရေ အနည်းအများအပေါ် လွှမ်းမိုးလျက်ရှိပါသည်။ တစ်နာရီလျင် သတင်းစာစောင်ရေ သုံးသောင်းရိုက်နိုင်သော စက်ကြီးတစ်လုံးဖြင့် ရိုက်နှိပ်ပါက ထိုသတင်းစာတိုက်မှ ထွက်သော သတင်းစာစောင်ရေသည် တစ်သိန်းနှင့် တစ်သိန်းခွဲကြားထက် မပိုနိုင်ပေ။ ၎င်းစက်ကြီးမျိုး နှစ်လုံးထားရိုက်ပါက ထိုသတင်းစာတိုက်သည် သတင်းစာစောင်ရေ တစ်သိန်းခွဲမှ နှစ်သိန်းခွဲအထိ ရိုက်နှိပ်နိုင်မည်ဖြစ်သည်။ စောင်ရေ ငါးသိန်းမှ တစ်သန်းအထိ ရိုက်လိုပါက တစ်နာရီလျှင် စောင်ရေ ခြောက်သောင်းမှ တစ်သိန်းအထိ ရိုက်နိုင်သော ဒေါ်လာသန်းပေါင်းများစွာတန်သည့် စက်ကြီးများဖြင့် ပုံနှိပ်ရမည်ဖြစ်သည်။
သတင်းစာတစ်ခု လျင်မြန်စွာ ထွက်ရှိနိုင်ရေးအတွက် ထိုကဲ့သို့ ပုံနှိပ်စက်ကြီးများ၏ စွမ်းရည် အရေးကြီးသလို CTP စက်ကြီးများဖြစ်သော ကွန်ပျူတာမှ Plate သို့ တိုက်ရိုက် ပုံဖော်ပေးနိုင်သည့် Pre-press စက်ကြီးများကလည်း အရေးပါလှပါသည်။
သတင်းစာ ရန်ကုန်တွင်ဖြန့်ချိခြင်း
သတင်းစာ ဖြန့်ချိရေးသည် ဂျာနယ်ဖြန့်ချိရေးနှင့် လုံးဝ မတူညီသည်ကို သတင်းစာတိုက်များ အနေဖြင့် သတိပြု ဆင်ခြင်သင့်ပါသည်။ ဂျာနယ်များကို ဖြန့်ချိရာတွင် ရွှေဂုံတိုင်နှင့် ၄၆ လမ်းကဲ့သို့ အဓိက နေရာနှစ်ခုကို အခြေတည်ပြီး လက်ပွေ့ (Hawker) များ၊ လူစည်ကားသော နေရာများတွင် ဗန်းပေါ်တင်ရောင်းမှု (Vender) များနှင့် အိမ်တိုင်ရာရောက် (Door to Door) ပို့သူများမှတစ်ဆင့် ဖြန့်ချိခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံတကာရှိ သတင်းစာများ ဖြန့်ချိရာတွင် General Trade အစား Modern Trade ဆိုသည့် သဘောတရားကို အသုံးပြု နေကြပြီ ဖြစ်ပါသည်။ ကိုယ်စားလှယ် အကြီး ၁၀ ဦး၊ ၁၅ ဦး ခန့်ထားပြီး ၎င်းမှတစ်ဆင့် လက်ခွဲပေါင်း ငါးရာခန့် ထားရှိကာ အိမ်တိုင်ရာရောက် စနစ်ကို အဓိကထား ဖြန့်ချိနေကြကြောင်း သိရသည်။ လေဆိပ်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကုမ္ပဏီများ၊ စတိုးဆိုင်ကြီးများ၊ စူပါမားကတ်ကြီးများကိုလည်း အချိန်မီ ပေးပို့နိုင်ရန် စီစဉ်လေ့ရှိကြပါသည်။ ဆိုလိုသည်မှာ သတင်းစာတစ်ခု ရပ်တည်နိုင်ရေးတွင် လက်ပွေ့ရောင်းချသူများ လူစည်ကားရာ နေရာတွင် ဗန်းဖြင့် ရောင်းချခြင်းထက် အိမ်တိုင်ရာရောက် လပေးစနစ်သည်သာ ခိုင်မြဲမည် ဖြစ်ကြောင်း ထင်ရှားလှပါသည်။ လုံးချင်းစာအုပ်များနှင့် မဂ္ဂဇင်းများသည် စူပါမားကတ်ကြီးများသို့ စတင်ရွေ့နေပြီဖြစ်သည်။
သတင်းစာ နယ်များသို့ ဖြန့်ချိခြင်း
ရန်ကုန်တွင် သတင်းစာ ဖြန့်ချိရေးအတွက် ကားအငယ် အလတ်စားများနှင့် သတ်မှတ်ထားသည့် ဆုံရပ်များသို့ အချိန်မီ အရောက်ပို့ရန် ခက်ခဲမှု မရှိနိုင်သော်လည်း ရန်ကုန်ပြင်ပ ဖြန့်ချိရေးတွင် ယာဉ်များဖြင့် ပို့ဆောင်ခြင်း (Logistic) သည် အထူးအရေးပါလှပါသည်။ ထိုင်းနိုင်ငံရှိ သတင်းစာတိုက် အများစုသည် နယ်များတွင် ကိုယ်ပွားသတင်းစာတိုက်များ ထားရှိခြင်း မပြုဘဲ ကိုယ်ပိုင်ကားများ၊ ခရီးဝေးသွားကားများ၊ မီးရထားများ၊ လေယာဉ်များကို အသုံးပြုကာ ဖြန့်ချိလျက်ရှိကြောင်း တွေ့ရှိရပါသည်။
သတင်းစာ ပါရာဒိုင်းအရွေ့နှင့်အတူ ဈေးကွက် ယှဉ်ပြိုင်ခြင်း
ပုဂ္ဂလိက သတင်းဂျာနယ်များ အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်ရာတွင် ဂျာနယ်များ အချင်းချင်းသာ ယှဉ်ပြိုင်ရလေ့ရှိပြီး အနည်းစုသာရှိသော အစိုးရဌာနများမှ ထုတ်ဝေသည့် ဂျာနယ်များနှင့် ယှဉ်ပြိုင်ရလေ့ မရှိခဲ့ပါ။ ယခု သတင်းစာ ထုတ်ဝေရာတွင် နှစ်ပေါင်းများစွာ သတင်းစာဈေးကွက် ဝေစုကို ပြိုင်ဘက်မရှိ ရရှိခဲ့သော အစိုးရ သတင်းစာများကို သတင်းပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး ယှဉ်ပြိုင်ရာတွင် အခက်အခဲ မရှိသော်လည်း ပြည်သူ့ဘဏ္ဍာငွေများဖြင့် အရှုံးခံ ထုတ်ဝေနေသော အစိုးရ သတင်းစာများကို တန်ဖိုးအားဖြင့် ယှဉ်ပြိုင်ရာတွင် ခက်ခဲမှု ကြုံတွေ့နိုင်ပါသည်။ ထို့အတွက် ထွက်ရှိပြီး ပုဂ္ဂလိက သတင်းစာများက နေ့စဉ်အရှုံးခံပြီး ဈေးကွက်ဝေစု ရရှိရေး ကြိုးစားလာရသည်မှာ သိသာ ထင်ရှားလှပါသည်။ အစိုးရက ထုတ်ပြန်သည့် သတင်းအချက်အလက်များ ပါဝင်ရေးသည် သတင်းစာတစ်စောင်၏ အင်္ဂါရပ်ဖြစ်နေသောကြောင့် မြန်မာ့သတင်းစဉ်မှ ၎င်းတို့ရရှိသော သတင်းများကို ရောင်းမည်ဆိုသော လက်ဝါးကြီး အုပ်နိုင်ရေး ထုတ်ပြန်ချက်သည် ပုဂ္ဂလိက သတင်းစာများအတွက် နောက်ထပ်ကြုံတွေ့ရမည့် အခက်အခဲတစ်ရပ် ဖြစ်ပါသည်။ နာရေးကြော်ငြာများကြောင့် အစိုးရ သတင်းစာများက ပုဂ္ဂလိက သတင်းစာများထက်ပိုပြီး လူကြိုက်များသည် ဆိုသောအချက်ကို ကျွန်တော့်အနေဖြင့် သဘောမတူညီနိုင်ပါ။ အိန္ဒိယနိုင်ငံရှိ Times of India သတင်းစာ၊ ထိုင်းနိုင်ငံရှိ Thai Rath, Bangkok Post, The Nation၊ အင်ဒိုနီးရှားရှိ Jakarta Post သတင်းစာများနှင့် နိုင်ငံတကာ သတင်းစာများဖြစ်သော New York Times, International Herald Tribune စသည့် သတင်းစာကြီးများတွင် နာရေးကြော်ငြာများ ထည့်သွင်းလေ့ မရှိကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။ နာရေးသဘောအရ သတင်းစာတွင် ကြော်ငြာရန်မလိုဘဲ အသိမိတ်ဆွေ၊ ဆွေမျိုးအချင်းချင်း လက်တို့ဖုန်းဆက် အကြောင်းကြားလျင် ပြီးနိုင်သည့်ကိစ္စ ဖြစ်ပါသည်။ ပြည်သူများအကြောင်း ထင်ဟပ်သည့် သတင်းများ နည်းပါးသည့် အစိုးရ သတင်းစာများသာ ဖတ်ရှုခွင့် ရရှိခဲ့သည့် ကာလအတွင်း သတင်းစာကို နောက်ဖက်က ပြန်ဖတ်ခဲ့ကြပါသည်။ နာရေးအကြောင်း ဖော်ပြထားသည့် စာမျက်နှာများကို ကြည့်ရှုစရာ နေရာအဖြစ် သဘောထားလာကြပြီး နာရေးကို သိရှိစရာ သတင်းအဖြစ် ထင်မှတ်မှားခဲ့ကြပါသည်။ စင်ကာပူ Strait Times သတင်းစာတွင်မူ နာရေးကြော်ငြာများအား ခမ်းခမ်းနားနား ဖော်ပြထားသည်ကို အံ့သြစွာ တွေ့ရှိရပါသည်။

ကြော်ငြာနှင့် ပုဂ္ဂလိကသတင်းစာ
ပုဂ္ဂလိကသတင်းစာများသည် အပြိုင်အဆိုင် ဈေးလျော့ပြီး ဈေးကွက်ဝေစု ရရှိရေးအတွက် အားထုတ်နေကြသည်ဟု သိရှိရပါသည်။ တစ်စောင်လျင် တိုက်ဈေး ၅၀ ကျပ်နှင့် ထုတ်ဝေနေသော အစိုးရသတင်းစာများကို ယှဉ်ပြိုင်နိုင်ရန် ထွက်ရှိပြီး သတင်းစာများက တစ်စောင်လျင် တိုက်ဈေး ၁၀၀ ကျပ်နှင့် ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ပုံနှိပ်နှင့် သတင်းစာ ထုတ်ဝေသူများအားလုံး သိကြပြီးဖြစ်သည့်အတိုင်း ထုတ်ဝေပြီး သတင်းစာများသည် အရှုံးခံ ထုတ်ဝေနေသည်မှာ ထင်ရှားလှပါသည်။ ထိုအခါ ကြော်ငြာရရှိရေးအပေါ် မှီခိုလာရပါသည်။ ဆိုလိုသည်မှာ သတင်းစာများသည် ကြော်ငြာစား အဖြစ်သို့ အလိုလို ရောက်ရှိသွားပေလိမ့်မည်။ သို့သော်လည်း အစိုးရ သတင်းစာများက ကြော်ငြာဈေးနှုန်းချပြီး ဈေးကွက်ဝေစု ရရှိရေး ကြိုးစားလာသည့်အတွက် ရေရှည်အရှုံးခံ ရပ်တည်ရေး အခက်အခဲများ ပိုမိုတွေ့ကြုံ လာရမည်ဖြစ်သည်။ စောင်ရေအပေါ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးသည် ပို၍မှုန်ဝါးလာမည်ဖြစ်သည်။

ပုဂ္ဂလိကသတင်းစာများ ရေရှည်ရပ်တည်နိုင်ရေး
သတင်းစာ၏ အသက်သည် သတင်းဖြစ်သည့်အတွက် အားငယ်စရာ မရှိသော်လည်း သတင်းစာပါရာဒိုင်း အရွေ့တွင် ဖော်ပြပြီးခဲ့သည့် အခက်အခဲပေါင်း မြောက်မြားစွာကို သတင်းစာ ထုတ်ဝေသူများ အနေဖြင့် အမှန်တကယ် ကြုံတွေ့ရမည် ဖြစ်ပါသည်။ ထိုအခက်အခဲများထက်ပိုပြီး နောက်ပြန်ဆွဲလိုသူများ၊ နေရာဖယ်မပေး လိုသူများ၊ သတင်းစာ၏ အသက်ဖြစ်သည့် သတင်းလွတ်လပ်ခွင့် (Freedom of Expression) ကို တစ်နည်းတစ်ဖုံ တားမြစ်ဟန့်တားလိုသူများကိုလည်း တစ်ဆက်တည်း ရင်ဆိုင်ရဖွယ် ရှိနေပါသည်။ လုပ်ငန်းများ လုပ်ကိုင်တတ်ပြီး လုပ်ငန်းကျွမ်းကျင်သူများ ရှိသော်လည်း မဖွံ့ဖြိုးသေးသော ဘဏ်လုပ်ငန်းနှင့် မြင့်မားသော ဘဏ်တိုးနှုန်းများကြောင့် လုပ်ငန်းတိုးချဲ့ရေး အတွက် ဘဏ်အားကိုး ငွေချေးလုပ်ဆောင်ရေးသည်လည်း အဆင်မပြေသည့် အခြားအချက်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ထုတ်ဝေပြီး ပုဂ္ဂလိက သတင်းစာများ၊ ထုတ်ဝေ လတ္တံ့သော ပုဂ္ဂလိက သတင်းစာများ ရေရှည်ရပ်တည်ရေးအတွက် ရင် တမမဖြင့် စောင့်မျော်လျက်....
Category: