ဆန်ခြင်း
(၁)
နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းများစွာနေပြီး ပြန်လာသူ ဖခင်ကို သမီးငယ်က သွားတွေ့သည်။ ခေတ္တ ပြန်လာတာ။ သူ့အဖေ သူမတွေ့ရတာ ကြာပြီ။ သူငယ်ငယ်ကလေးတည်းက သူတို့မိသားစု ရိပ်မြုံမှ အဖေတိတ်တဆိတ် ထွက်ခွာသွားခဲ့တာ။ အဖေထွက်သွားခါစက အမေ့မျက်ရည် တစ်စွန်းတစ်စ သူမြင်ရသည်။ သို့သော် နောက်ပိုင်း အမေမျက်ရည်ကျတာ မတွေ့ရတော့။ ကျလာမည့် မျက်ရည်ကို စုသိမ်းပြီး သမီးနှစ်ယောက်နှင့် ဘ၀ခရီးကို ဆက်ရုန်းရပြန်သည်။ အဖေကတော့ သူ့ဉာဉ်အတိုင်း အိမ်ထောင်ဖက် တစ်ဦးပြီး နောက်တစ်ဦး။ နောက်တော့ နိုင်ငံရပ်ခြား ထွက်သွားပြန်သည်။ ၀ါသနာဘာဂီ ဆက်တိုင်းမီ ဆိုသလို ဟိုမှာလည်း သူ့ဝါသနာကို ဆက်လက်ဖွံ့ဖြိုးအောင် ပျိုးထောင်ပါလေသည်။ စိတ်မကောင်းစရာက ဒီတစ်ချီ သူ့ပါရမီဖြည့်သည့်သူက အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းပါဘဲ။ မူလအိမ်ထောင်မှာ သူ့ကြောင့် တစ်စစီ ပြိုကျသွားလေသတဲ့။
အမေက နိုင်ငံရပ်ခြားမှာ သွားအခြေချသည့် သူ့သမီး အကြီးနှင့် လိုက်နေသည်။ နောက်ပြန်လှည့်မကြည့်တော့။ သမီးငယ်ပဲ မြန်မာပြည်မှာ ကျန်ရစ်သည်။ သမီးက သူ့ခြေထောက်ပေါ် သူရပ်နိုင်ပြီ။ ဆရာဝန်တစ်ဦးအဖြစ် သူ့ဝမ်းရော သူ့မိသားစုဝမ်းပါ ကျောင်းနိုင်နေပြီ။ သူ့ဘ၀ သူပျော်အောင်နေ နေတတ်ပြီ။ တစ်ခါတစ်ခါတော့ မတွေ့တာကြာပြီဖြစ်သော သူ့အဖေကို တွေ့ချင်သား။ အဖေ့သတင်းတွေ အဖေ့ပုံတွေ ကြားနေမြင်နေရသော်ငြား အဖေ့ကို လူကိုယ်တိုင် အရှင်လတ်လတ် မမြင်ရတာကြာပြီ။ သူသတိတရ ရှိနေသလို အဖေကော သူ့ကို သတိမှ ရပါလေစ။ ရင်ခွင်သစ်မှာ မူးမေ့နေလေသလား။ အဖေက အဖေပါဘဲလေ။
အဖေ မြန်မာပြည် ပြန်လာမည့် သတင်း သူများတကာတွေ သိပြီးပြောပြီးမှ သမီးငယ် သိရသည်။ အဖေ့ကို တွေ့ချင်လိုက်တာ။ သမီးကိုမြင်ရင် မှတ်မိပါ့မလား။ မှတ်မိရင်ကော ချစ်ချစ်ခင်ခင် ယုယုယယ ရှိပါ့မလား။ အိမ်ထောင်ရှင် ဖြစ်နေတဲ့ ကလေးနှစ်ဦး မိခင်ဖြစ်နေတဲ့ မိမိကကော သူစိမ်းမိန်းမရှေ့မှာ အဖေ့ရင်ခွင်ထဲ ခေါင်းခွေ့ဝင်တိုးဖို့ သင့်တော်ပါ့မလား။ အဖေက သူတစ်ခါမှ မမြင်ဖူးသေးတဲ့ သူ့မြေးနှစ်ကောင်ကို ဘယ်လိုဆက်ဆံ တုံ့ပြန်မလဲ။ သူ့မှာ ရင်တဖိုဖို ဗျာပါစို။ တကယ်တမ်းတွေ့ကြတော့လည်း အားလုံး ချောချောမောမောပါဘဲ။ အဖေက သရုပ်ဆောင်ကောင်းသူလေ။ ဒါကိုက သူ့အလုပ်။ သေချာတာတော့ သူ့အဖေ တော်တော်အိုသွားပြီ။ မိတ်ကပ်တွေ ဘာတွေနှင့် ပြုပြင်ထားသည့်တိုင် ဇရာကို ချောင်ထိုးထားလို့ မရပြီ။
ကျွန်တော်သိချင်တာက သူ့အဖေ၏ နောက်ဆုံးချစ်သူကို သူဘယ်လို သဘောထားသလဲ။ ဘယ်လိုတုံ့ပြန် ဆက်ဆံခဲ့သလဲ။ သူကတော့ အေးအေးဆေးဆေး။
"ကျွန်မအန်တီနဲ့ အဆင်ပြေပါတယ်။ သူကအခု အဖေ့ရဲ့ဇနီး ဖြစ်နေပြီလေ။ ကျွန်မသူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတော့ အန်တီကလည်း ၀မ်းပမ်းတသာပါဘဲ" တဲ့။ "အဖေက ဒီမှာ ပွဲတွေလုပ်တယ်။ အသက်က ရလာပြီဆိုတော့ အရမ်းပင်ပန်းတယ်။ တစ်ခန်းပြီးလို့ သူနားခွင့်ရတိုင်း ကျွန်မတို့က ယပ်ခတ်ပေး။ သူကြိုက်တဲ့ တရုတ်တန်းက ဆန်ပြုတ်ပြေးဝယ်ပေး။ ချွေးသုတ်ပေးနဲ့။ ပျော်စရာကြီး ဆရာရေ" တဲ့။
ဟောဗျာ။ ဒီရေက ဆန်တက်သွားတဲ့ ရေပါလား။
ခေတ်ကာလက လူတစ်စု အာဏာပိုင်စိုးသူ တစ်စု အခွင့်ထူးခံခေတ်။ ပြည်သူလူထုအားလုံး စားဝတ်နေရေး ကျပ်တည်းဆင်းရဲ ပင်ပန်းသောခေတ်။ အာဏာလက်ကိုင်ရှိ သူတွေအတွက် နေစရာအိမ်၊ စီးစရာကား၊ ဈေးဝယ်ရန် သီးသန့်ဆိုင် . . . . . |
အဖေ ပြောပြတဲ့ ပုံပြင်တစ်ပုဒ်။ သူငယ်ငယ် သူ့မွေးရပ်မြေ အင်းတော်မှာ ဖြစ်ခဲ့တာ။ သူတို့မြို့မှာ တစ်ခေတ်တစ်ခါက နာမည်ကျော် အငြိမ့်မင်းသမီးနှင့် နာမည်တူ အမျိုးသမီးတစ်ဦး ရှိသည်။ မင်းသမီးနှင့် နာမည်သာ တူသည်မဟုတ်။ ရုပ်ရည်တင့်တယ် ပြေပြစ်တာပါ တူတာ။ သူ့ခမြာ အိမ်ထောင်ရေး ကံမကောင်းရှာ။ သားလေးရပြီး သူ့အိမ်ထောင်ပျက်သည်။ အိမ်ထောင်ပျက်ပြီး သူဘ၀ကို ကြိုက်သလို နေတော့သည်။ "ဖြစ်ချင်သလို မဖြစ်တဲ့ လောကကြီးမှာ ဖြစ်ချင်ရာ ဖြစ်စမ်းကွာ" ဆိုသလိုမျိုး။ အိမ်ထောင်ရက်သား အတည်တကျ မရှိတော့။
မွေးလာသည့် သားကလေးက စာတော်သလောက် လိမ္မာသည်။ မိတ်ဆွေ သူငယ်ချင်းများသည်။ လူတိုင်းကို သူတတ်နိုင်သလောက် ကူညီတတ်သူ။ သူငယ်ချင်းတွေက သူ့အမေ လူတကာနှင့် ထည်လဲတွဲနေတာ၊ သွားသွားလာလာ လုပ်နေတာ သူ့အစား ခံပြင်းကြ စိတ်ဆိုးကြသည်။ သူ့အမေကို အပြင်မှာ လူတစ်ယောက်ယောက်နှင့် တွဲသွားတာတွေ့တိုင်း သူ့ဆီပြေးပြေးလာပြီး သတင်းပို့တတ်ကြသည်။ သူက ဒီလိုလာလာပြောသည့် သူ့ချစ်သူငယ်ချင်းတွေကို ကျေးဇူးတင်သည်။ သို့သော် သူငယ်ချင်းတွေ မျှော်လင့်ထားသလို သူဒေါသထွက်ခြင်း အလျင်းမရှိ။ အေးအေးသက်သာ။
"အမေ စိတ်ချမ်းသာတာ လုပ်ပါစေ။ အမေက အမေပါဘဲ။ အမေ့ကိုချစ်တဲ့ စိတ်လည်း တစ်ပြားသားမှ လျော့မသွားပါဘူး။ လာပြောတဲ့ မင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်" တဲ့။
သူငယ်ချင်းတွေမှာ သူ့စကားကြားရတော့ ၀မ်းနည်းရမလို ၀မ်းသာကြည်နူးရမလို၊ နောင် သူဆေးကျောင်းတက်ခွင့် ရသည်။ ဆရာဝန် ဖြစ်သည်။ တပ်မတော်တွင် ဆက်လက် အမှုထမ်းသည်။ ရာထူးကြီးကြီး နာမည်ကောင်းကောင်းဖြင့် အငြိမ်းစားယူသည်။ မြို့အတွက် ဂုဏ်တက်စရာ။
ဒီတစ်ချီမှာလည်း ရေကအထက်မြင့်ရာ ဆန်တက်ပြန်ပါသည်။
(၃)
ခေတ်ကာလက လူတစ်စု အာဏာပိုင်စိုးသူ တစ်စု အခွင့်ထူးခံခေတ်။ ပြည်သူလူထုအားလုံး စားဝတ်နေရေး ကျပ်တည်းဆင်းရဲ ပင်ပန်းသောခေတ်။ အာဏာလက်ကိုင်ရှိ သူတွေအတွက် နေစရာအိမ်၊ စီးစရာကား၊ ဈေးဝယ်ရန် သီးသန့်ဆိုင်။ ကဲ . . . ဘာလိုသေးသလဲ။ ဒီလိုပေးထားသည့် အခြေအနေ အခွင့်အရေးတွေ ရပါရက်ကနဲ့ မယူဘဲ အများတန်းတူ နေပြစားပြသွားသည့် သူတွေ ရှိခဲ့ဖူးသည်။ သီးသန့်ဆိုင်မှာ အထူးစပယ်ရှယ် ဈေးနှုန်းနှင့် ၀ယ်ခွင့်ရတာ မ၀ယ်ဘဲ လမ်းဘေးဈေးဆိုင်မှ ၀ယ်ပြီး အများတန်းတူ စားသုံးသူတွေ ရှိသည်။ ရုံးကပေးထားသောကား မသုံးဘဲ မြို့ပတ်မီးရထား စီး၍ ရုံးတက်ရုံးဆင်း လုပ်သူတွေ ရှိသည်။ ရုံးကားအသုံးနှင့် ပတ်သက်၍ ပြောစရာ ရှိပါသေးသည်။
ကျွန်တော့်သူငယ်ချင်း အဖေက ဟိုခေတ်တုန်းက လုပ်ငန်းစစ်ဆေးရေး အဖွဲ့ဝင်။ ခပ်လွယ်လွယ် ခေါ်ရလျှင် စာရင်းစစ်။ သူ့မှာ ဌာနက ပေးထားသော မာဇဒါဂျစ် တစ်စင်း ရှိသည်။ သူကားရတာ အိမ်ကလူတွေ မသိကြ။ သူက ဘာမှမပြော။ အလုပ်က မန္တလေးမှာ။ နေတာက စစ်ကိုင်းမှာ။ သူနားလည်တာက ကားက လုပ်ငန်းခွင်မှာ လိုအပ်သလို သုံးဖို့ ပေးထားတာ။ အိမ်သုံး မဟုတ်။ သူက စစ်ကိုင်းကနေ မန္တလေးထိ လိုင်းကားနှင့် လာသည်။ ဈေးချိုမှာဆင်း၊ မိတ်ဆွေအိမ်မှာ အပ်ထားသော စက်ဘီးသွားယူ၊ ဗထူးအားကစားကွင်း အရှေ့ဖက်လမ်း ၃၀ ပေါ်က ရုံးကြီးထိ စက်ဘီးနင်း၊ ရုံးရောက်။ အလုပ်လုပ်။ မြို့ထဲ အလုပ်ကိစ္စနှင့် ဟိုဟိုဒီဒီ သွားစရာရှိမှ သူ့ကား ထုတ်သုံးသည်။ ညနေ သုံးနာရီခွဲလောက်ဆို သူ့ရုံးဝန်ထမ်းတွေကို လုပ်လက်စ အလုပ်တွေ အစသတ်ဖို့ သတိပေးသည်။ အလုပ်အသစ် ထပ်ပေးတာမျိုး အရေးတကြီး ကပ်ခိုင်းတာမျိုး ဘယ်တော့မှမလုပ်။ ဒီလို လူကြီးက အရေးပေါ် ကပ်ခိုင်းလို့ အောက်က၀န်ထမ်းတွေ အားဂျင်းလုပ်ရရင် မှားတတ်တာ သိလို့။ ညနေ လေးနာရီ အလုပ်ဆင်းချိန်မှာ မနက်ကလိုဘဲ ရုံးကြီးကနေ ဈေးချိုထိ စက်ဘီးနဲ့၊ ဈေးချိုကနေ စစ်ကိုင်းထိ လိုင်းကားနဲ့။ ရုံးကားက ရုံးကားဂိုဒေါင်ထဲ အနားယူလို့။
အလုပ်လုပ်ရာမှာ တိတိကျကျ ခိုင်ခိုင်မာမာ လုပ်လွန်း၍ လုပ်ဖော်ကိုင်ဖက် တချို့က သူ့ကို ကြည့်မရ အစာမကြေကြတာတွေ ရှိသည်။ သူ့သား မန္တလေးက ရန်ကုန်သွားဖို့ မီးရထားလက်မှတ် ၀ယ်ရတာခက်ခဲကြောင်း သူ့ရှေ့ပြောမိတော့ သူက စိတ်လိုလက်ရ "ငါ ရုံပိုင်ချုပ်ဆီ မေတ္တာရပ်ခံစာ ရေးပေးလိုက်မယ်။ သူလုပ်ပေးနိုင်ရင် လုပ်ပေးပါလိမ့်မယ်" ဟုပြောပြီး စာတစ်စောင် ကောက်ရေးပေးလိုက်ပါသည်။ သားက ဒီတစ်ချီတော့ နေရာကျပြီဆိုပြီး ဘူတာကြီးဆီ တပြုံးပြုံး ချီတက်သွားပါသည်။ သူ့အပြုံးက တာရှည်မခံလိုက်ရရှာပါ။ ရုံပိုင်ချုပ်ကြီးက သူ့အဖေ စာဖတ်ပြီး သကာလ
"သြော် . . . မင်းက သူ့သားကိုး" ဆိုပြီး ဘာမှ ဆက်မပြောတော့။ ဘာအကူအညီမှလည်း မပေးလိုက်။ သူ့အဖေက စာထဲမည်သို့ ရေးလိုက်လေသည် မသိ။ အဖေ့ကိုလည်း ပြန်မမေးရဲ။ နောင်မှသိရတာက မီးရထားလက်မှတ် မှောင်ခိုရောင်းသည့် ကိစ္စစာရင်းစစ်တွေ ခေတ်အဆက်ဆက် ဖမ်းမမိတာကို သူ့အဖေလက်ထက်ကျမှ ဖမ်းမိအောင် လုံ့လဥဿဟထုတ်ထားလို့ မီးရထားလူတွေက သူ့အဖေအပေါ် အစာမကြေဖြစ်နေတာ ကြာလေပတဲ့။ သူ့မှာ နောင်တကြီးစွာ။ အဖေ့အားမကိုးဘဲ သူ့ဖာသာ မီးရထားလက်မှတ် သွားဝယ်ရင် ရချင်ရဦးမှာ။ အခု အဖေ စောင်မခါမှ . . . ။
သူ ရန်ကုန်မှာ ဘွဲ့လွန်တက်ဖို့ အဖေ့သွားကန်တော့တော့ အဖေက ရန်ကုန်မှာ သူ့သူငယ်ချင်း ရှိတယ်။ တစ်ခုခု အကူအညီလိုရင် သွားတောင်းချေပြောတော့ သူ့မှာရင် တထိတ်ထိတ်။ သူ့မှာ သူ့အဖေကိုရော အဖေ့သူငယ်ချင်းတွေကိုပါ ရောရောင်ကြောက်လန့်နေမိသည်။ တကယ် စုံစမ်းလိုက်တော့ သူ့အဖေ သူငယ်ချင်းက အစိုးရအဖွဲ့ဝင် ရာထူးကြီးကြီး။ သူ့သားကလည်း ဆရာဝန်။ သူ့သား ပထမဆုံး တာဝန်ကျတာ ဆရာဝန်တွေ သွားရမှာ ကြောက်လန့်တကြား ရှိလှသည့် နယ်စွန်နယ်ဖျား။ ခေါင်ကခေါင်။ ရာသီဥတုက ကြမ်းတမ်း။ လမ်းပန်းဆက်သွယ်ရေးက ဆိုးမှဆိုး။ ဒါကို သိလိုက်ကတည်းက သူ့အဖေ သူငယ်ချင်း ဆိုသူသည်လည်းသူ "အကူအညီ" တောင်းခံအပ်သော၊ တောင်းခံထိုက်သောသူ မဟုတ်မှန်း သူချက်ချင်း ရိပ်စားနားလည်သွားရသည်။
ခေတ်ကာလ ရေစီးကြောင်း၏ တွန်းအားနှင့် အခြေအနေ အဆင့်အတန်း တူသူတို့၏ ဖိအားကို ငြင်းဆန်ပုံစားပြုပြီး ရေစီးကြောင်းကို ဆန်တက်သူတို့ ခေတ်အဆက်ဆက် ရှိခဲ့ဖူးသည်။
(၄)
ခင်ဝမ်းက "မိုးဦးရေဆန်၊ ဆယ်မွန်ငါးတို့ အပြန်" ဟု သီကျူးပါသည်။
မေတ္တာနှင့် ရဲရင့်ခြင်းက မိုးဦးသာမက ရာသီမရွေး ကာလမရွေး နေရာမရွေး လက်ရှိနေရာ လက်ရှိအခြေအနေက အထက်သို့ ဆန်ပါသည်။
Category: