ဒလမြို့နယ်တွင် သောက်သုံးရေ ပြတ်လပ်မှုများ စတင်ဖြစ်ပေါ်၊ နှစ်စဉ် ရေကုသိုလ်ဖြစ် လှူဒါန်းသော အဖွဲ့အစည်း အသီးသီးကို ဒေသခံများ မျှော်လင့်
ဘုရင့်နောင် ရပ်ကွက်ရှိ ရေကန်တစ်ခုတွင် လာရောက်တန်းစီထားသော ရေပုံးများကို တွေ့ရစဉ်
ရန်ကုန်မြို့နယ် တောင်ပိုင်းခ ရိုင်ရှိ ဒလမြို့နယ်တွင် သောက်သုံးရေ ပြတ်လပ်မှုများ စတင်ဖြစ်ပေါ်လျက် ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒလမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက်ရှိပြီး ရပ်ကွက်တစ်ခုတွင် သောက်သုံးရေကန် လေးခုထိ ရှိသည်။ ရပ်ကွက်တစ်ခုတွင် သောက်သုံးရေကန် တစ်ခုသာ ရေအနည်းငယ် ကျန်ရှိတော့ကြောင်း၊ သောက်သုံးရေ ပြတ်မှုများတွင် အဆိုးရွားဆုံး ရပ်ကွက်များမှာ ကျန်စစ်သားရပ်ကွက်၊ ဘုရင့်နောင်နှင့် တပင်ရွှေထီး ရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ်၌ အ၀ီစိရေတွင်း တူးရာတွင် ပေများစွာ တူးရပြီး ရရှိသောရေများမှာ သံကြေးအရောင်ရှိကြောင်း၊ ထိုရေများကို အသုံးပြုရာတွင် ရေချိုးရာ၌ ခန္ဓာကိုယ်စေးကပ်ခြင်း၊ ဆပ်ပြာအမြုပ် မထွက်ခြင်းများ ဖြစ်ပေါ်ပြီး သောက်ရေအဖြစ် အသုံးပြု၍ မရကြောင်း သိရသည်။
"ဒီကာလဆို ရေကန်က တစ်ကန်ပဲ အသုံးပြုလို့ရတယ်။ ဒီရပ်ကွက်မှာ အိမ်ခြေ ၃၀၀၀ ကျော်လောက် ရှိတယ်။ ဒီရပ်ကွက်မှာတော့ ရေတွန်းလှည်းငှားပြီး လာတွန်းတဲ့သူတွေ ရှိသလို ရေတွန်းလှည်းဝယ်သုံးတဲ့ သူတွေ ရှိတယ်။ တချို့ရပ်ကွက်တွေမှာတော့ ရေပုံးတွေနဲ့ လာတန်းစီကြပါတယ်။ ရေတွန်းလှည်း တစ်စည်ကို ၇၀၀ ပေးရပြီး တွန်းလှည်းငှားမယ်ဆိုရင် ၁၀၀ ပေးရပါတယ်။ ရေပေးချိန်က ညနေ ၄ နာရီလောက်ဆို စပေးပါတယ်။ ရေအတွက်ကတော့ အရမ်းကို အခက်အခဲ ရှိပါတယ်" ဟု ကျန်စစ်သားရပ်ကွက်နေ ကိုငြိမ်းချမ်းကပြောသည်။
ဒလမြို့နယ်တွင် ဂျိုးဖြူပိုက် ဒေသအခေါ် ရေပိုက်မှ လာသောရေကို ငွေကြေးတတ်နိုင်သော သူများသာ သွယ်၍အသုံးပြုကြောင်း သိရသည်။ နှစ်စဉ် လူမှုရေး အဖွဲ့အစည်း အသီးသီးမှ ကုသိုလ်ဖြစ် ရေလာရောက်လှူဒါန်းလေ့ရှိပြီး ထိုသို့ လှူဒါန်းမှုများကို စောင့်မျှော်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
Category: