မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ကူညီထောက်ပံ့ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံအား ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောကြား၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဧပြီလ ၁၈ ရက်တွင် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရိုကီရှီဒနှင့် ဧပြီလ ၁၆ ရက်က တွေ့ဆုံဆွေးနွေးရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာအစိုးရကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့တွင် ဂျပန်အစိုးရ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကီရှီဒက အဆိုပါ ပြုပြင်ပြောင်းလဲရေးများ အကောင်အထည် ဖော်ရာတွင် တိုးတက်မှုများ ရှိစေရန် ဆက်လက်ကူညီသွားမည်ဟု ပြောကြားခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က လမ်း၊ လျှပ်စစ် အစရှိသည့် အခြေခံ အဆောက်အအုံများ တိုးတက်ကောင်းမွန်လာစေရန်အတွက် ဂျပန်အစိုးရ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေမည့် စီးပွားရေး အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ဂျပန်လွှတ်တော် အမတ်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်အိမ်ရှေ့မင်းသား Naruhito အား ဧပြီလ ၁၆ ရက်က သွားရောက်တွေ့ဆုံခဲ့သေးသည်။
တိုကျိုတက္ကသိုလ်တွင် ကျောင်းသားများသို့ မိန့်ခွန်းပြောကြားရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံ ပြည့်စုံလုံလောက်မှု မရှိခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေအပေါ် မသေချာ မရေရာမှုများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို နှောင့်နှေးမှုများ ဖြစ်ပေါ်စေကြောင်းလည်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဧပြီလ ၁၈ ရက်တွင် တွေ့ဆုံဆွေးနွေးသွားရန် ရှိသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဂျပန်နိုင်ငံအနေဖြင့် ကူညီထောက်ပံ့ရေး ဆွေးနွေးဖွယ်ရှိကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရှင်ဇိုအာဘေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။
Category: