ယခင် စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောင်အဖြစ် ပြင်ဆင်နေသည်မှာ ရာနှုန်းပြည့် ပြီးစီးနေပြီး မကြာမီ ဌာနအချို့ကို ရွှေ့ပြောင်းနေရာချထားမည်

White Star | 木曜日, 4月 18, 2013 |

yangongeneralhospital-april17
 စွမ်းအင် ၀န်ကြီးဌာန (ရန်ကုန်ရုံးခွဲ)အား ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ယခင် စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောင်အဖြစ် ပြင်ဆင်ဆောင်ရွက်နေသည်မှာ ရာနှုန်းပြည့် ပြီးစီးနေပြီး မကြာမီ ဌာနအချို့ကို ရွှေ့ပြောင်း နေရာချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ဧပြီလ ၁၀ ရက်က ပြောကြားခဲ့သည်။
ယခု ပြင်ဆင်နေသည့် စွမ်းအင်ဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) အဆောက်အအုံကို ကုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုတင် ၅၀၀ ဆံ့ ဆေးရုံသစ်ကြီးတွင် ဆီးနှင့်ကျောက်ကပ် ဌာနများ၊ အသည်းနှင့် ရင်ခေါင်းဆိုင်ရာ ခွဲစိတ်နှင့် ကုသရေး အထူးကု ဌာနများ၊ Rheumatology ဌာနများကို ရွှေ့ပြောင်း နေရာချထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ရာတွင် လက်ရှိလူနာများ လက်ခံကုသခြင်း၊ ဆေးပညာ သင်ကြားခြင်း စသည့်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးကြောင်း၊ လက်ရှိလုပ်ငန်း ဆောင်ရွက်နေဆဲ အဆောက်အဦကို ပြုပြင်မွမ်းမံမည် ဖြစ်ကြောင်းနှင့် လက်ရှိ လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် နေရာလိုအပ်ကြောင်း ဒေါက်တာကျော်ကျော်က ဆက်လက်ပြောကြားခဲ့သည်။
"သူနာပြုတက္ကသိုလ်နဲ့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးကြားက ယခင်ကျန်းမာရေး ၀န်ကြီးဌာနဖြစ်ခဲ့တဲ့ မြေနေရာမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့လူနာဆောင်တွေ တိုးချဲ့ဆောက်လုပ် အဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဆေးရုံအသစ်တစ်ရုံ ထပ်မံဆောက်လုပ်ခြင်း မဟုတ်ပါ။ အဲဒီနေရာတွေ ရှိလာမှ မူလအဆောင်ဟောင်းက လူနာများ ရွှေ့ပြောင်းနေရာပေးပြီး ပင်မဆောင်တွေကို ပြုပြင်မွမ်းမံသွားမှာ ဖြစ်ပါတယ်" ဟု ဒေါက်တာကျော်ကျော်က ပြောပြခဲ့သည်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီးသည် ကုတင် ၁၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ လူနာများအပြင် အခြားဒေသများမှ လူနာများလည်း လာရောက်ကုသကြကြောင်း၊ တက်ရောက်ကုသနေသည့် လူနာဦးရေနှင့် လက်ခံနိုင်သည့် ခုတင်အရေအတွက် မျှတမှု မရှိ၍ တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ယခင်လေဟာပြင်ဈေး နေရာ၌ ဆောက်လုပ်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ ခုတင် ၁၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးဖြစ်သော်လည်း လက်ရှိတွင် ခုတင် ၁၃၅၀ သာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ