၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို အမြင်ခြင်း ဖလှယ်မည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်

White Star | 水曜日, 4月 24, 2013 |



aseansummit-april25
Asean Summit working Dinner သို့ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ - InfoFoto)
၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ ( ၂၀၁၅ ASEAN Community) ကာလ အလွန်ကြုံတွေ့လာနိုင်သည့် အခြေအနေများနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို ဖလှယ်မည့် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၂၄ ရက်နေ့ ည ၈ နာရီအချိန်က ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘန်ကာဝန်မြို့ရှိ ၀န်ကြီးချုပ် ရုံးအဆောက်အဦ၌ ပြုလုပ်သော အလုပ်လုပ်သဘော ညစာစားပွဲမှတစ်ဆင့် စတင်လိုက်ပါသည်။
ထိုဆွေးနွေးပွဲသည် ၂၀၁၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ဘရူနိုင်းနိုင်ငံက တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲဖြစ်ကာ မလေးရှားဝန်ကြီးချုပ်မှ လွဲ၍ အာဆီယံ ခေါင်းဆောင်အားလုံး တက်ရောက်ခဲ့ကြသည်။ မလေးရှား ၀န်ကြီးချုပ်သည် မေလ ၅ ရက်နေ့တွင် ပြုလုပ်မည့် မလေးရှား အထွေထွေရွေးကောက်ပွဲကြောင့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်း မရှိဘဲ အထူးကိုယ်စားလှယ်ကိုသာ စေလွှတ်ခဲ့ပါသည်။
အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ဧပြီလ ၂၃ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အာဆီယံ၏ အနာဂတ် မျှော်မှန်းချက်များနှင့် ၂၀၁၅ အာဆီယံ အသိုက်အမြုံ အလွန်၌ ကြုံတွေလာနိုင်သည့် ရိုက်ခတ်မှုများကို အမြင်ခြင်းဖလှယ်ရန် အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
ဥရောပသမဂ္ဂ (EU) ကဲ့သို့ ဖြစ်လာရန် ရည်ရွယ်သော ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ ထူထောင်ရေးအတွက်  ပြင်ဆင်မှုများမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်ကိုသာ ဆက်လက်ဆွေးနွေးရန် ရှိနေကြောင်း သိရသည်။ အဆိုပါ ၃၀ ရာခိုင်နှုန်းတွင် တစ်နိုင်ငံချင်းစီအလိုက် ကွဲပြားလျက်ရှိနေသော ဥပဒေရေးရာ ကိစ္စရပ်များ ပါဝင်နေကြောင်း သိရပါသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သော (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် မစတင်ဘဲ ဒီဇင်ဘာလတွင် စတင်ရန် သဘောတူညီခဲ့ကြပါသည်။
ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော အကြိုအစည်းအဝေးအရ (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် အရေးကြီး အကြောင်းအရာများ ဆွေးနွေးကြမည် မဟုတ်ဘဲ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ ထူထောင်ရေးဆိုင်ရာ ကိစ္စကို ဦးစားပေးဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ တောင်တရုတ်ပင်လယ်၊ အရှေ့အာရှ ပင်လယ်နှင့် ကိုရီးယားကျွန်းဆွယ်အရေး စသည်တို့ အပါအ၀င် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။
အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သော (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများ၌ ခိုင်မာသော သဘောတူညီချက် မရရှိဘဲ ဆက်လက်ဆွေးနွေးရန်ဖြင့်သာ အဆုံးသတ်ခဲ့သည့် တောင်တရုတ်ပင်လယ် အငြင်းပွားမှု ကိစ္စကိုလည်း အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ဆွေးနွေးဖွယ် ရှိပါသည်။
တောင်တရုတ်ပင်လယ် အရေးသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့အကြား ဖြစ်ပေါ်နေသည့် ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပါသည်။ ထိုအငြင်းပွားမှုကို နိုင်ငံတကာ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ သဘောတူညီချက် တစ်ရပ် ရရှိနိုင်ရန်အတွက် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့က ဘရူနိုင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ တွန်းအားပေးမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဧပြီလ ၁၁ ရက်နေ့က ဘရူနိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အကြိုဆွေးနွေးမှုများတွင်လည်း တောင်တရုတ်ပင်လယ် အရေးကိစ္စအတွက် အဖြေထွက်နိုင်ရန် ကြိုးပမ်းမှုများ ရှိခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန်မည့် အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေများအတိုင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံကို သတိပေးသည့် စာသားကို ထည့်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။ တရုတ်နိုင်ငံ ပါဝင်ပတ်သက်နေသော တောင်တရုတ်ပင်လယ် အရေးသည် အာဆီယံနိုင်ငံများအကြား သဘောထားကွဲစေသည့် အချက်တစ်ချက် ဖြစ်နေပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်သည်အထိ ဖြစ်ခဲ့ပါသည်။ ထိုဖြစ်ရပ်သည် ၄၅ နှစ်တာ ကာလအတွင်း ပထမဆုံး ဖြစ်ပေါ်ခဲ့သော အာဆီယံ နိုင်ငံများအကြား သဘောထားကွဲလွဲမှု ဖြစ်ပါသည်။
ဘရူနိုင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ခိုင်မာသော သဘောတူညီချက် ရရှိရန် မလွယ်ကူဘဲ အောက်တိုဘာ ဆွေးနွေးပွဲ၌သာ သဘောတူညီချက်တစ်ရပ် ထွက်ပေါ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ထို့အတူ တရုတ်နိုင်ငံဘက်ကလည်း တောင်တရုတ်ပင်လယ် အရေးကို အငြင်းပွားမှု ဖြစ်ပွားရာ နိုင်ငံများနှင့် တစ်နိုင်ငံချင်းစီအလိုက် ဆွေးနွေးရန် ဆန္ဒရှိနေပြီး တရုတ်နှင့် အငြင်းပွားနေသော အာဆီယံ နိုင်ငံများက အာဆီယံ၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆက်လက်လုပ်ဆောင်လိုသည့် ဆန္ဒရှိနေသည်။
ဧပြီလ ၂၅ ရက်နေ့တွင် ဆက်လက်ပြုလုပ်မည့် အာဆီယံ ခေါင်းဆောင်များ၏ Retreat Meeting တွင် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ၊ အာဆီယံဗဟိုပြု ဒေသတွင်း တည်ဆောက်မှု၊ အာဆီယံ၏ အနာဂတ်မျှော်မှန်းချက်၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စများကို အမြင်ဖလှယ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံမှ ခေါင်းဆောင်များ ဆွေးနွေးမည့် (၉) ကြိမ်မြောက် BIMP-EAGA အစည်းအဝေး၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည့် (၇) ကြိမ်မြောက် IMT-GT အစည်းအဝေးများကိုလည်း ဧပြီလ ၂၅ ရက်နေ့၌ပင် ပြုလုပ်မည် ဖြစ်ပါသည်။
ထို့အပြင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာထရာဝပ်တို့သည် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘရူနိုင်းဝန်ကြီးချုပ်ရုံး အဆောက်အဦတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။   

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ