မြန်မာ နှစ်ဆန်း ၁ ရက်နေ့တွင် ရွှေတိဂုံ စေတီတော်သို့ ပြည်တွင်း ဘုရားဖူး ဦးရေ လေးသိန်းခန့် လာရောက်ခဲ့ပြီး အခြား တန်ခိုးကြီး ဘုရားများ၌လည်း ဘုရားဖူးသူများ၊ ဇီဝိတဒါန ပြုသူများဖြင့် စည်ကား

ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သည့် ဘုရားဖူးများအား နှစ်ဆန်း ၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ရွှေတိဂုံ စေတီတော်သို့ ပြည်တွင်းဘုရားဖူးဦးရေ လေးသိန်းခန့်အထိ လာရောက်ခဲ့ပြီး အခြားတန်ခိုးကြီး ဘုရားများ၌လည်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ပြည်သူများဖြင့် အထူးစည်ကားခဲ့ကာ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ရှိ သွေးဆေးကန်တွင်လည်း ငါးလွှတ်ခြင်းများ၊ ငှက်လွှတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ခရစ်နှစ် ၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ရွှေတိဂုံစေတီတော်၌ နှစ်သစ်မင်္ဂလာ အခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပခဲ့သည်။
"နံနက် ၇ နာရီမှာ ဆရာတော်ကြီးတွေကနေ ဘေးအန္တရာယ် ကင်းအောင်လို့ ဘုရားရင်ပြင်တော် တစ်ပတ်လှည့်ပြီး မေတ္တာသုတ် ရွတ်ဖတ်တယ်။ ငှက်ကောင်ရေ ၁၀၀၀ ကျော်နဲ့ ငါးကောင်ရေ ၆၀၀၀ တို့ကို ဘေးမဲ့လွှတ်ပေးခဲ့တယ်။ မြန်မာနှစ်ဆန်း ၁ ရက်နေ့ကတော့ ရွှေတိဂုံစေတီတော်မှာ အထူးစည်ကားတယ်" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။
ထို့ပြင် ရွှေတိဂုံစေတီတော်ရှိ ဘုရားရင်ပြင်တော်နှင့် ဘုရားစောင်းတန်းများတွင် အချိုရည်တိုက်ခြင်း၊ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ပြီး ပြည်တွင်းဘုရားဖူးဦးရေ လေးသိန်းနီးပါးထိ ၀င်ရောက်ဖူးမြော်ခဲ့သည်။
ထို့အပြင် ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ ရာဟုထောင့် ချမ်းသာကြီး တန်ဆောင်း၌ (၁၇) ကြိမ်မြောက် ဒါနဥပ ပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကိုလည်း ကျင်းပခဲ့ပြီး သွေးလှူဒါန်းသူ အများအပြား ရှိခဲ့သည်။
ထို့အတူ မဟာဝိဇယစေတီ၊ ဆူးလေစေတီ၊ ဗိုလ်တထောင်စေတီ၊ ကမ္ဘာအေးစေတီ၊ ကျိုက်ဝိုင်းစေတီ၊ မယ်လမုစေတီ၊ ကျောက်တော်ကြီး၊ ကျိုက္ကဆံစေတီ၊ ကျိုက်ခေါက်စေတီ နှင့်ကျိုက်မှော်ဝန်း (ရေလယ်ဘုရား) တို့တွင်လည်း မြန်မာနှစ်ဆန်း ၁ ရက်နေ့၌ ဘုရားဖူးလာသူများဖြင့် အထူးစည်ကားခဲ့ပြီး ငါးလွှတ်သူများ၊ ငှက်လွှတ်သူများ များပြားခဲ့သည်။
အလားတူ နှစ်ဆန်း ၁ ရက်နေ့တွင် ရန်ကုန်မြို့တွင်း၌ ရေကစားမှုများ ရပ်နားသွားခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်ကျေးရွာတွင် ရေကစားသူများနှင့် ငါးလွှတ် ကုသိုလ်ယူသူများဖြင့် စည်ကားများပြားခဲ့သည်။
ယခုနှစ်တွင် သာဓုကန်ကျေးရွာ ငါးလွှတ်ပွဲတော်တွင် ငါးလွှတ်သူများနှင့် ငါးရောင်းချသူများ၊ ရေကစားကြသူများဖြင့် နှစ်စဉ် မြန်မာနှစ်ဆန်း ၁ ရက်နေ့တိုင်း စည်ကားခဲ့သည်မှာ နှစ်ပေါင်း ၂၀ ၀န်းကျင် ရှိပြီဖြစ်ကြောင်းနှင့် သာဓုကန်တွင် သင်္ကြန်ရက်များ၌ လာရောက်သူ နည်းပါးပြီး နှစ်ဆန်း ၁ ရက်နေ့ ရောက်မှသာ ငါးလွှတ်ပွဲနှင့်အတူ ရေကစားခြင်းသည် သာဓုကန်ရွာ၏ ဓလေ့ကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများအပြင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ ကန်တော်ကြီး၊ ဟက်ပီးဝေါ၊ ပြည်သူ့ရင်ပြင်၊ အင်းလျားကန် စသည့်အပန်းးဖြေ နေရာများတွင်လည်း လာရောက်လည်ပတ်သူများ၊ ဇီဝိတဒါန ငါးလွှတ်သူများဖြင့် စည်ကားခဲ့သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင်လည်း နှစ်စဉ်ပြုလုပ်နေကျ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်သည့် အဘိုးအဘွားများကို ခေါင်းလျှော်ခြင်း၊ ခြေသည်း၊ လက်သည်း ညှပ်ပေးခြင်း စသည့်ကုသိုလ်ယူမှု ပြုလုပ်သူများ ပြားခဲ့သည်။
ယခုနှစ်တွင် နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင်ရှိသော အဘိုး ၆၅ ဦး၊ အဘွား ၁၂၉ ဦးထဲမှ အဘိုး ၂၀ ဦး၊ အဘွား ၂၀ ဦးတို့က ခေါင်းလျှော်ခံ၊ ခြေသည်း၊ လက်သည်း ညှပ်ခံခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် မြန်မာနှစ်ဆန်း ၁ ရက်နေ့၌ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းအချို့ကလည်း ယာဉ်စီးခအခမဲ့ဖြင့် ကုသိုလ်ပြုခဲ့သည်။
Category: