အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် အကုန်အကျခံ တည်ဆောက်ထားသော နေပြည်တော်လေဆိပ်ကို ၀န်ဆောင်မှုကင်းလွတ်ခွင့် ပေးထားသော်လည်း ယခုအချိန်ထိ ဆင်းသက်မည့် လေကြောင်းလိုင်း မရှိသေး

White Star | 月曜日, 4月 08, 2013 |



4.7.1
နေပြည်တော်လေဆိပ်အား ၂၀၁၃ ခုနှစ် မတ်လ ၂၅ ရက်နေ့က တွေ့မြင်ရစဉ်
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ၀န်ဆောင်မှု ကင်းလွတ်ခွင့်များဖြင့် ပြည်ပလေကြောင်းလိုင်းများ ဆင်းသက်နိုင်ရန် ဖိတ်ခေါ်ထားသော်လည်း လက်ရှိအချိန်ထိ ဆင်းသက်မည့် လေကြောင်းလိုင်း မရှိသေးကြောင်း သတင်းရရှိသည်။
“ခုထိတော့ ပြည်ပလေကြောင်း လိုင်းတွေက ခရီးစဉ်ပျံသန်းဖို့ ပြောလာတာမျိုး မရှိသေးပါဘူး။ နေပြည်တော်လေဆိပ်ရဲ့ အားသာချက်က သက်သာခွင့် ခြောက်လကို ထက်ဝက်နှုန်း ပေးထားတယ်။ ရန်ကုန်လေဆိပ်မှာဆို ဘယ်အချိန်ဆင်းချင်ပါတယ် ဆိုတာ လေကြောင်းလိုင်းက တောင်းဆိုလို့ မရဘူး။ သတ်မှတ်ပေးတဲ့ အချိန်ပဲဆင်းလို့ရတယ်။ နောက်ပြီး စက်ပစ္စည်း ကိရိယာနဲ့ လေဆိပ်အသုံးအဆောင် ပစ္စည်းတွေကအစ အသစ်စက်စက်ပဲ ရှိပါသေးတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဆိုသည်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဆင်းသက် အသုံးပြုမည့် လေကြောင်းလိုင်းများ အတွက် ခြောက်လအတွင်း ကင်းလွတ်ခွင့်များ ခွင့်ပြုပေးထားသည်။ အဆိုပါ ကင်းလွတ်ခွင့်များမှာ နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်း ခရီးသည်များအတွက် ခရီးသည် ၀န်ဆောင်မှုစရိတ် ကင်းလွတ်ခွင့်၊ မြေပြင်ဆင်းသက်မှု အခနှင့် လေယာဉ်ရပ်နားခွန် ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်၊ ဝေဟင်ပျံတက်ရန် ကိရိယာများ သုံးစွဲမှုစရိတ် ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်၊ ခရီးသည်များ ထွက်ခွာရာ ဂိတ်အသုံးစရိတ် ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်နှင့် ခရီးသည် လေယာဉ်ထွက်ခွာ၊ ၀င်ရောက်ခြင်း ၀န်ဆောင်မှုအခွန် ကင်းလွတ်ခွင့်၊ အငှားယာဉ်ခများနှင့် ဟိုတယ်ခများ ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်များကို ခွင့်ပြုပေးထားသည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyers Credit (၀ယ်သူချေးငွေ စနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import bank of China တို့မှ Loan aggrement ကို လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်းအဆင့် ၁ အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လေဆိပ်အဆောက်အုံ (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅.၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodr-ome Services Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
နေပြည်တော် လေဆိပ်သို့ ပြည်တွင်းရှိ ပုဂ္ဂလိက လေကြောင်းလိုင်းများမှ ပုံမှန်ခရီးစဉ် ပျံသန်းခြင်း မရှိဘဲ မြန်မာ့လေကြောင်း တစ်ခုတည်းသာ ပုံမှန်ခရီးစဉ် ပျံသန်းလျက်ရှိသည်။ ပြည်တွင်းလေကြောင်း လိုင်းများမှ စင်းလုံးငှား ခရီးစဉ်များသာ ပြေးဆွဲခြင်းမှာ နေပြည်တော်သို့ ပုံမှန်သွားရောက်သည့် ခရီးသည် နည်းပါးခြင်း၊ နေပြည်တော်မှ အခြားမြို့များသို့ ဆက်လက်ထွက်ခွာမည့် ခရီးသည် မရှိသလောက် နည်းပါးခြင်းများကြောင့် လေကြောင်းလိုင်းများ အနေဖြင့် စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိခြင်းတို့ ကြောင့်ဟု သိရသည်။
နေပြည်တော်လေဆိပ်တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းများ လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ၊ ဆီဖြည့်တင်းခြင်းနှင့် ပတ်သက်ပြီး ယခုနှစ် မေလမှ စတင်ကာ MPPE မှ ကူညီသွားမည်ဟု သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ