ရန်ကုန်မြို့ရှိ မီးပွိုင့်များ မကြာခဏ ပျက်နေခြင်းကြောင့် ယာဉ်တိုက်မှုအချို့ ဖြစ်ပွားနေပြီး အရည်အသွေးမမီသော မီးပွိုင့်များ အသုံးပြုနေခြင်းနှင့်လည်း သက်ဆိုင်နေ

White Star | 月曜日, 4月 08, 2013 |

AddThis Social Bookmark Button
4.7.1
ကြည့်မြင်တိုင်မြို့နယ် ဗားကရာမီးပွိုင့်တွင် မီးပွိုင့်ပျက်နေ၍ ယာဉ်ကြောပိတ်ဆို့ နေသည်ကို ဧပြီလ ၅ ရက်နေ့ ည ၇ နာရီခန့်က တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မီးပွိုင့်များ မကြာခဏ ပျက်နေခြင်းနှင့် မီးပွိုင့်များ အရည်အသွေး မမီခြင်းတို့ကြောင့် ယာဉ်အန္တရာယ် ဖြစ်ပွားမှုအချို့ ရှိနေကြောင်း ဧပြီလ ၅ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်း၏ တင်ပြချက်အရ သိရသည်။
“ရန်ကုန်မြို့မှာ မော်တော်ယာဉ် အသုံးပြုမှု များလာတယ်။ မီးပွိုင့်တွေ ပျက်နေတယ်။ မီးပွိုင့်မှာ အလုအယက် မောင်းနှင်တယ်။ ဘာကြောင့် မောင်းနှင်လဲဆိုတော့ မီးပွိုင့်ပျက်လို့။ မီးပွိုင့်ပျက်တဲ့အတွက် ယာဉ်ကြောပိတ်တယ်။ ယာဉ်ကြောပိတ်တဲ့အပြင် ယာဉ်တိုက်မှုတွေ ဖြစ်တယ်။ မလိုလားအပ်ဘဲ အချိန်တွေ ကုန်ဆုံးသွားတာကြောင့် ရေရှည်မှာ ပြဿနာအတော် ဖြစ်လာနိုင်ပါတယ်” ဟု ဒေါက်တာစောလှထွန်းက ပြောကြားခဲ့သည်။
“မီးပွိုင့်ပျက်ရင် ဘာကြောင့် ပျက်တယ်ဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။ ပျက်တဲ့အကြောင်းရင်းက ကိုင်တွယ်ပုံ မကျွမ်းကျင်လို့လား။ ဒါ မှမဟုတ် ၀ယ်ယူတဲ့စက်က မကောင်းလို့လား။ တင်သွင်းတဲ့ မီးပွိုင့်တွေကို ကျွန်တော် လက်လှမ်းမီသလောက် စုံစမ်းကြည့်တော့ အရင်တုန်းက စင်ကာပူက တင်သွင်းတယ်။ နောက်ပိုင်း တရုတ်က တင်သွင်းတယ်။ ဒါကြောင့် ကွာလတီရှိသော မီးပွိုင့်များ တပ်ဆင်အသုံးပြုပါလို့ ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မီးပွိုင့်က မှားသွားရင် အသက်ဆုံးရှုံး သွားနိုင်တဲ့ အတွက်ကြောင့်ပါ” ဟု ဒေါက်တာစောလှထွန်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့တွင်း ယာဉ်အစီးရေ များပြားလာခြင်းနှင့်အတူ ယာဉ်များ စနစ်တကျ သွားလာစေရန်နှင့် ယာဉ်ကြောရှုပ်ထွေးမှု မဖြစ်ပေါ်စေရန် မီးပွိုင့်များမှာ အရေးကြီးပြီး မီးပွိုင့်၏ ညွှန်ကြားချက်အတိုင်း ယာဉ်များ သွားရခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လျှပ်စစ်မီးလာပါလျက်နှင့် မီးပွိုင့်များ မကြာခဏ ပျက်နေခြင်းနှင့် မီးပွိုင့်အချက်ပြစနစ် မှားယွင်းခြင်းများက ယာဉ်အန္တရာယ် ဖြစ်စေနိုင်ကြောင်းလည်း ယင်းနေ့တွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
ရန်ကုန်မြို့အတွင်း မီးပွိုင့်စုစုပေါင်း ၁၅၁ ခု ရှိပြီး မီးပွိုင့်အချက်ပြရာတွင် Auto နှင့် Manual ဟူ၍ နှစ်မျိုးရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက “လျှပ်စစ်မီး ပြတ်တောက်ခြင်းမှ လွဲ၍ မီးပွိုင့်များ ပျက်ခြင်းကို အချိန်မီ ပြုပြင်နိုင်ရန် လိုအပ်သော ပစ္စည်းများ အရန်ထားရှိ ပေးထားကြောင်း၊ မီးပွိုင့်များ ပျက်စီးပါက အမြန်ပြုပြင်နိုင်ရန် အဖွဲ့ ဖွဲ့စည်းထားပြီး အဖွဲ့သုံးဖွဲ့ဖြင့် နယ်မြေပိုင်းခြား ပြုလုပ်လျက် ရှိကြောင်း” ပြောကြားခဲ့သည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ