ပဲခူးတိုင်း ဒေသကြီးအတွင်း ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ပါ ကန့်သတ်ချိန်ကို ထပ်မံလျှော့ချမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားသူ ၈၀ ကျော်ရှိနေ Created on Sunday, 07 April 2013 23:01

နတ္တလင်းမြိ့ပေါ်တွင် လှည့်ကင်း ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို မတ်လ လကုန်ပိုင်းက တွေ့ရစဉ်
ပဲခူးတိုင်း ဒေသကြီးအတွင်း ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ပါ ကန့်သတ်ချိန်အား ထပ်မံလျှော့ချသွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားသူ ၈၀ ကျော် ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး မြ၀င်းက Eleven Media သို့ ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရှိ မြို့နယ်ငါးမြို့နယ်၌ မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် ပုဒ်မ ၁၄၄ သည် ည ၆ နာရီမှ နံနက် ၆ နာရီ မထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး ဧပြီလ ၃ ရက်နေ့မှ စတင်ကာ ည ၁၀ နာရီမှ နံနက် ၄ နာရီထိ လျှော့ချခဲ့သည်။ "အခြေအနေ တည်ငြိမ်အေးချမ်းလာမှုပေါ် မူတည်ပြီး ထပ်မံလျှော့ချသွားမှာ ဖြစ်ပါတယ်" ဟု ရဲမှူးကြီး မြ၀င်းက ပြောသည်။
မတ်လ ၂၃ ရက်နေ့မှ စတင်ကာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်း ဖြစ်ပွားခဲ့သော အဆောက်အအုံ ဖျက်ဆီးမှုများမှ ဦးဆောင်ခဲ့သူဟု ယူဆရသည့် ၃၈ ဦးအား ဖမ်းဆီးထားပြီး ဆက်လက်ဖမ်းဆီးရန် ကျန်ရှိနေကြောင်း ရဲမှူးကြီးမြ၀င်းက အတည်ပြုပြောသည်။
ယင်းဖြစ်စဉ်များကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း လိုက်နာမှုမရှိသူ အယောက် ၄၀ ကျော် ရှိနေပြီး ၎င်းတို့အားလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ထောင်ဒဏ်တစ်လ ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆောက်အအုံများ ဖြိုဖျက်မှု၌ ဦးဆောင်ခဲ့သူများအား အမှု ၁၈ မှုဖြင့် အမှုဖွင့်ထားပြီး မကြာမီ ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
သာယာဝတီခရိုင် အတွင်းရှိ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ မင်းလှ၊ ပုတီးကုန်း၊ မိုးညို၊ အင်းမနှင့် အိုးသည်ကုန်းမြို့နယ်များ၌ ဖျက်ဆီးမှုများ အဓိကဖြစ်ပွားခဲ့ပြီး ယင်းဒေသများမှာ လက်ရှိတွင် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ဦးတည်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
Category: