Home �
bcjpnoa
,
News
� နိုင်ငံတော်သမ္မတ ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ
hnm |
火曜日, 5月 07, 2013 |
နိုင်ငံတော်သမ္မတ ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ
Eleven Media Group
ဗုဒ္ဓဘာသာများနှင့်
မွတ်စလင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခများကို လွဲမှားစွာ
ပုံဖော်နေခြင်းသည် ကြုံတွေ့နေသော ပြဿနာများကို ဖြေရှင်းရန်
ပိုမိုခက်ခဲစေမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
ဗုဒ္ဓဘာသာများနှင့်
မွတ်စလင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခအဖြစ် လွဲမှားစွာ ပုံဖော်နေခြင်းသည်
ကြုံတွေ့နေသော ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမည်ဟု
နိုင်ငံတော်သမ္မတက မေ ၆ ရက်တွင် နိုင်ငံပိုင်ရုပ်သံများမှ ထုတ်လွင့်သည့်
မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဧပြီ ၂၉ ရက်က ထုတ်ပြန်ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး
ကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအား အစိုးရပိုင်းမှ လုပ်ဆောင်မည့်
အချက်များနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံမှာ -
''ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့
အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များဟာ
လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး
ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေး
စနစ်မှ ဒီမိုကရေစီစနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့
ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သော စီးပွားရေးစနစ်မှ
ဈေးကွက်စီးပွားရေး ရှင်သန်သော ခေတ်မီအမျိုးသား စီးပွားပုံစံချ တည်ဆောက်မှု
ဖြစ်စဉ်တွေကို ဖော်ဆောင်လျက်ရှိတဲ့ သုံးပွင့်ဆိုင်အပြိုင်
အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထု
တစ်ရပ်လုံးအနေနဲ့ အခုလိုကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့
ပြည့်နှက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်
နိုင်ကြမယ်ဆိုရင်ဖြင့် နိုင်ငံသားတစ်ဦးချင်းစီရဲ့
မျော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း
တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလှပတဲ့ အနာဂတ်ကို
ပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းများ ရရှိထားပေမယ့် တစ်ချိန်တည်းမှာပဲ
အမှားမခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့အတွက်
စိတ်ခံစားမှုများကို ရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့
လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။
ဒါတွေကို ရှောင်လွဲနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ
တာဝန်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။
၂၀၁၂
ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့
အကြောင်းအရင်းများကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူ ပဋိပက္ခများ
ထပ်မံမဖြစ်ပွားစေဖို့ဆိုတဲ့
ရည်ရွယ်ချက်များနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်ကို
ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါတယ်။ ယင်းကော်မရှင် ရဲ့အစီရင်ခံစာကို ၂၀၁၃
ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒီအစီရင်ခံစာကို အသေအချာ လေ့လာဖတ်ရှုကြည့်တဲ့ အခါမှာ ဘက်ပေါင်းစုံကနေ
စနစ်တကျ အသေးစိတ် လေ့လာသုံးသပ်ပြထားတာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး
ပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိရမှာ
ဖြစ်သလို နိုင်ငံတော်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များရဲ့ စေတနာထား
ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့
ရပ်တည်ချက်ဟာ လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့
ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ
နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့
ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။
ဒီနေရာမှာ သမိုင်းသင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ်ပေမယ့် ကျွန်တော်တို့
လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထခွဲထွက်ဖို့
လိုအပ်မှာဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေရှာဖွေမှုတွေကို ပြုလုပ်ကြရမှာ
ဖြစ်ပါတယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ
သမိုင်းကြောင်းနဲ့ချီပြီး ဒီမိုကရေစီရေချိန် နိမ့်ပါးခဲ့ခြင်းနဲ့
ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို မတည်ဆောက်နိုင်ခဲ့ခြင်း
ဆိုတာတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊
အချင်းချင်း မယုံကြည်မှုတွေ၊ စီးပွားရေး နိမ့်ကျမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု
နောက်ကျခဲ့မှုဆိုတဲ့ ခါးသီးတဲ့ ဒဏ်တွေကို ခံစားခဲ့ကြရပါတယ်။ ဒီဒဏ်ရာတွေကို
ကုစားနိုင်ဖို့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေရခြင်း
ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံသားတိုင်း မိမိတို့ယုံကြည်ရာ
ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေဖို့ဆိုတဲ့ အချက်တွေကိုလည်း မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်းဖော်ဆောင်နေရခြင်း
ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ
ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံ အနှစ်သာရဟာ ဘာသာတရား အချင်းချင်း
အပြန်အလှန် လေးစားမှုပဲ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လေးစားမှုရှိမှသာ
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်း ဖြစ်ပြီး နိုင်ငံသား
တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီးတော့လည်း
ကျွန်တော်တို့ အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရ တစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်နဲ့
ပတ်သက်ပြီးတော့လည်း ပြောကြားလိုပါတယ်။ ဒီအခွင့်အရေးကို အလွဲသုံးပြီး
အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ၊ လှုံ့ဆော်မှုများဟာ
ပဋိပက္ခများကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့
သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေး တစ်ခုကို လွဲမှားစွာ အသုံးချခြင်းဟာ
အခြားအခွင့်အရေးများကို ဆုံးရှုံးစေတယ် ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရား၊ ကျောင်းကန်၊
စေတီပုထိုးများ၊ ခရစ်ယာန် ဘာသာဝင်များရဲ့ ဘုရားရှိခိုးကျောင်းများ၊
အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင်များရဲ့ ဘုရားကျောင်းများ
အတူယှဉ်တွဲ တည်ရှိနေပြီး နိုင်ငံသားများ အကြားမှာလည်း သမိုင်းနဲ့ချီတဲ့
လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ
ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာစ်မြစ်များဖြစ်တဲ့ လူဦးရေ
ပေါက်ကွဲမှုမြင့်မားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊
ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားများနဲ့
အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ
နိမ့်ကျမှုများ စတဲ့အချက်တွေကို လျစ်လျူရှုပြီး ရခိုင်နဲ့ အစ္စလာမ်ဘာသာ
ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာများနဲ့
မွတ်စလင်များကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် ကျဉ်းမြောင်းတဲ့အမြင်နဲ့
လွဲမှားစွာ ပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကို
ဖြေရှင်းရန် ပိုမိုခက်ခဲစေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မိတ္ထီလာနဲ့
ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေး ပြဿနာများအဖြစ်
မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင်နိုင်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းရာမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့
အကြံပြုချက်များအနက် အဓိကအချက်များကို ကြည့်ရင်ပထမဆုံး ဆောင်ရွက်ရမယ့်
အချက်ဟာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခများ
ထပ်မံမဖြစ်ပွားရေးအတွက် တရားဥပဒေ စိုးမိုးရေး အစီအမံများ
ချမှတ်ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။
တာဝန်ရှိတဲ့ လုံခြုံရေး
အဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး
ကိစ္စရပ်များမှာ အပြည့်အ၀ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးအတွက်
ကျွန်တော့်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ
အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေး အဖွဲ့အစည်းများဟာ
ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ
လိုက်နာဆောင်ရွက်စေဖို့ကိုလည်း
ကျွန်တော့်အနေနဲ့ ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင်း
ဖြစ်ပွားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ
ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့် အိုးအိမ်၊
စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရ သူများအတွက်လည်း ကယ်ဆယ်ရေး၊
ကူညီစောင့်ရှောက်ရေး များကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့်
ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီ ရောက်ရှိရေး၊
ကလေးသူငယ်များ အာဟာရပြည့်ဝစေရေး၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့်
မလုံခြုံမှုများကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါများကို ဟန့်တားရေး၊
အသက်မွေးဝမ်းကျောင်းမှုနှင့်
ဒေသစီးပွားရေး ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေး
လုပ်ငန်းများ အကောင်အထည် ဖော်ရေးတို့ကို အလျင်အမြန် အရေးယူ
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံတကာ အကူအညီ များကိုလည်း
ရယူသွားမှာဖြစ်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ၀င်ရောက်
ဆောင်ရွက်ကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစိုးရအနေနဲ့ လိုအပ်တဲ့
အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ယခင်ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ
လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ခေါင်းစဉ်နဲ့ဝင်ရောက်
လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်း အချို့ရဲ့ လုပ်နည်းကိုင်နည်း
အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့တာဟာလည်း
ငြင်းဆို၍ မရသည့် အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေအရ
ရခိုင်ပြည်နယ်မှာ ၀င်ရောက်ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းများ အနေနဲ့လည်း
အသိုက်အ၀န်း နှစ်ခုအကြား ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စရပ်များ
မဖြစ်ပေါ်ဖို့အတွက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက်များကို
နားလည်လိုက်နာကြဖို့နဲ့ နှစ်ဖက်လူ့အသိုက်အ၀န်း နှစ်ခုလုံးရဲ့
ယုံကြည်ထောက်ခံမှုကို ရယူရန် ကြိုးစားကြဖို့လည်း တိုက်တွန်းလိုပါတယ်။
ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အညီ
ပဋိပက္ခများ ပိုမိုဆိုးဝါး မလာရေးအတွက် တရားမ၀င် ဆက်လက်ဝင်ရောက်လာသူများကို
ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မယ့်
လုံခြုံရေးဆိုင်ရာ အစီအမံများကိုလည်း ချမှတ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသား
ဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များကိုလည်း ရေတို၊ ရေရှည်
စီမံချက်များ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူမှုရေး သဟဇာတဖြစ်မှု
တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
ရေရှည်အစီအမံများနဲ့ ဟန်ချက်ညီညီ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။
ထိုသို့အစီအမံများ ချမှတ်ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး
ကော်မရှင်ရဲ့ အကြံပြုချက်များကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်သော်လည်း
အခြား မတူညီသည့် အမြင်များနဲ့ အကြံပြုချက်များကိုလည်း အလေးထား
ထည့်သွင်းစဉ်းစား သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ပဋိပက္ခများ
ချုပ်ငြိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန် အရေးယူ
ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုကော်မတီကို
ဖွဲ့စည်းပေးခဲ့ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်မှု ဗဟိုကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လေ့လာအကြံပြု
တင်ပြချက်များနဲ့ အခြားဆောင်ရွက်ရန် သင့်လျော်မယ့် လုပ်ငန်းစဉ်များကို
ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက်
တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး၊
လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး၊ ဒေသတွင်း ယာယီနေရာ
ချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနဲ့
ဘက်စုံမဟာဗျူဟာ ရေးဆွဲရေးဆိုတဲ့ လုပ်ငန်းကော်မတီ (၇) ခုကိုလည်း မတ်လ ၂၉
ရက်နေ့မှာ ထပ်မံဖွဲ့စည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်
ပဋိပက္ခကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး
စတဲ့ရှုထောင့် ပေါင်းစုံကနေ အစိုးရတစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး
တိကျပြတ်သားစွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ
တွေ့ရှိချက်များကို ခြုံငုံသုံးသပ်ရာမှ ရရှိလာတဲ့ သင်ခန်းစာ တစ်ရပ်ကတော့
ယခင်ကျင့်သုံးခဲ့တဲ့ မူဝါဒများကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း
လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လက်ရှိကြုံတွေ့နေသော ပြဿနာများကို
ဖြေရှင်းရာမှာ တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခြင်းများ ရပ်တန့်ပြီး
လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး
အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်
ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန်ကျပြီ
ဖြစ်ကြောင်းဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်
အရေးကိစ္စကို ကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့ အစိုးရအနေနဲ့
ရခိုင်ပြည်နယ်အတွင်းမှာ မူလက ရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာ
ကိုးကွယ်သူများအား လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် သူတို့ရဲ့
အခြေခံရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး
နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို
ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်ပါတယ်'' ဟူ၍ ဖြစ်ပါသည်။
Category:
bcjpnoa,
News
စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ