၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် ဥပဒေကို ပြန်လည် ဆန်းစစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဇွန် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-AFP)
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရန် ဥပဒေကို ပြန်လည် ဆန်းစစ်သင့်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးမှုသည် နေရာအနှံ့အပြားတွင် ပျံ့နှံ့တည်ရှိရမည် ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်ထိုက်သူများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးကာ နိုင်ငံသားဖြစ်ခွင့်နှင့် ကိုက်ညီသူများကို နိုင်ငံသားဖြစ်ခွင့် ပေးရမည်ဖြစ်ကြောင်း ဇွန် ၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်၌ BBC ၏ စကားစစ်ထိုးပွဲ အစီအစဉ်တွင် ထည့်သွင်းပြောကြားသည်။
ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုအပေါ် နိုင်ငံတကာစံနှုန်းများနှင့် ညီ၊ မညီ ဆိုခြင်းထက် လက်ရှိနိုင်ငံရေး အခြေအနေများနှင့် မြန်မာ့ပထ၀ီ အနေအထားများကို ပိုမိုဦးစားပေး စဉ်းစားသင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ဝေဖန်ကြသည်။
မြန်မာနိုင်ငံသားဥပဒေ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းနှင့် ပြဋ္ဌာန်းချက်များကို ထဲထဲဝင်ဝင် လေ့လာရန်လိုအပ်ကြောင်း၊ နိုင်ငံတကာစံနှုန်းနှင့် ပြည်တွင်း၏ သမိုင်းဖြစ်ပေါ် တိုးတက်မှု၊ လူမျိုးရပ်တည်မှု အခြေအနေ အားလုံးကို သုံးသပ်ထားသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် မြန်မာနိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ရန် စနစ်တကျ ဆောင်ရွက်ထားသည့် ဥပဒေဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
''ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီဥပဒေဟာ နိုင်ငံတကာ စံနှုန်းနဲ့မမီဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ယူဆရင် သူဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အတွက် ဒီပြဿနာတွေကို ပြင်ပမှာ ပြောနေမယ့်အစား လွှတ်တော်မှာတင်ပြီးတော့ အပြန်အလှန် ဆွေးနွေးတာ ပိုကောင်းပါမယ်'' ဟု ဦးသိန်းညွန့်က ဆိုသည်။
မြန်မာနိုင်ငံသည် လူဦးရေ သန်းထောင်ချီရှိနေသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံ၊ လူဦးရေ ပေါက်ကွဲနေသည့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံမျိုးကြားတွင် ရှိနေသောကြောင့် ယင်းအချက်များနှင့် ညှိနှိုင်းရေးဆွဲခဲ့သည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် မလိုအပ်သေးကြောင်း၊ နိုင်ငံတကာစံနှုန်းများနှင့် ညီခြင်း မညီခြင်း ဆိုသည်ထက် မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေး အခြေအနေနှင့်အညီ ထည့်သွင်းစဉ်းစားသင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
စံနှုန်းများကို စဉ်းစားမည်ဆိုပါက ဥရောပစံနှုန်းနှင့် အာရှစံနှုန်း၊ အစ္စလာမ်စံနှုန်းနှင့် ဗုဒ္ဓဘာသာစံနှုန်း၊ ခရစ်ယာန်စံနှုန်းနှင့် ဗုဒ္ဓဘာသာစံနှုန်းများ မတူညီသည်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ မွတ်စလင် နိုင်ငံများတွင်လည်း အမျိုးသမီးများ လူမှုရေး ဖောက်ပြန်ပါက လူမြင်ကွင်းတွင် ခဲများဖြင့်ပေါက်ကာ သတ်ဖြတ်ခြင်းမျိုး ရှိကြောင်း၊ ယင်းအချက်တွင် မည်သည့်လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးများကို ထည့်သွင်း စဉ်းစားခြင်း ရှိသလဲ...
|
''ဒီဥပဒေဟာ လက်ရှိ အခြေအနေအရ မှန်ကန်ခိုင်လုံတဲ့ ပြဋ္ဌာန်းမှုလို့ မြင်တယ်။ လူ့အခွင့်အရေးနဲ့ အရာရာတိုင်းကို တိုင်းလို့မရဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေမှာ ဘယ်လိုနိုင်ငံတကာ စံနှုန်းတွေ ရခဲ့လို့လဲ။ ကျေးလက်ဒေသက လူတွေဘာတွေနဲ့ စားသောက်နေထိုင်ရတယ် ဆိုတာကို တစ်ခါလောက် သွားကြည့်ပါ။ အဲလို စားသောက် နေထိုင်မှုတွေက နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီမယ်ဆိုရင်တော့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ပြောရင် ပြောပေါ့။ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ တိုင်းရင်းသား အခွင့်အရေးတွေက နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီရင်တော့ ဒါကို လက်ခံမယ်''ဟု ဦးအေးသာအောင်က ဆိုသည်။
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားဥပဒေကို ယင်းနိုင်ငံ၏ ပထ၀ီအနေအထားကို ထည့်သွင်းမစဉ်းစားပါက မူရင်းနိုင်ငံသားများ၏ လူ့အခွင့်အရေးကို ချိုးဖောက်သလို ဖြစ်သွားနိုင်ကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် စံနှုန်းများသည် ဒေသတစ်ခုနှင့်တစ်ခု၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး တူနိုင်မည် မဟုတ်ကြောင်း၊ ဥပမာအားဖြင့် ဥရောပတွင် အသက် ၁၈ နှစ် ပြည့်ပြီးပါက လွတ်လပ်စွာ နေထိုင်နိုင်သော်လည်း အာရှတွင်မူ ယင်းကဲ့သို့ မဖြစ်နိုင်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။
''နိုင်ငံထဲမှာရှိတဲ့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးနဲ့ နိုင်ငံပြင်ပက ဥပဒေအရ လျောက်ထားပြီး ဖြစ်လာတဲ့ အခွင့်အရေးကို လူ့အခွင့်အရေးစံတွေနဲ့ သတ်မှတ်ရင် ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်တယ်'' ဟု ဒေါက်တာအေးမောင်က ဆိုသည်။
စံနှုန်းများကို စဉ်းစားမည်ဆိုပါက ဥရောပစံနှုန်းနှင့် အာရှစံနှုန်း၊ အစ္စလာမ်စံနှုန်းနှင့် ဗုဒ္ဓဘာသာစံနှုန်း၊ ခရစ်ယာန်စံနှုန်းနှင့် ဗုဒ္ဓဘာသာစံနှုန်းများ မတူညီသည်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ မွတ်စလင် နိုင်ငံများတွင်လည်း အမျိုးသမီးများ လူမှုရေး ဖောက်ပြန်ပါက လူမြင်ကွင်းတွင် ခဲများဖြင့်ပေါက်ကာ သတ်ဖြတ်ခြင်းမျိုး ရှိကြောင်း၊ ယင်းအချက်တွင် မည်သည့်လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးများကို ထည့်သွင်း စဉ်းစားခြင်း ရှိသလဲဟု ဒေါက်တာအေးမောင်က မေးခွန်းထုတ် ပြောကြားသည်။
''အရေးကြီးတာက ဥပဒေတစ်ခု ပြဋ္ဌာန်းထားပြီးရင် အဲဒီဟာက အသက်ဝင်ဖို့ လိုတယ်။ ၁၉၈၂ ခုနှစ် ဥပဒေဟာ ပြဋ္ဌာန်းထားတာ မှန်ပေမယ့် ဒီဥပဒေကို ပြဋ္ဌာန်းထားတဲ့အတိုင်း ကျင့်သုံးခဲ့ရဲ့လားဆိုတာ ပြန်သုံးသပ်ရမယ်။ ဥပဒေပြင်ခြင်း မပြင်ခြင်းထက် အခုချိန်မှာ လက်ရှိတည်ဆဲ ဥပဒေကိုပဲ ဘယ်လောက်ကျင့်သုံး နိုင်မလဲပေါ် မူတည်တယ်။ ဒီဥပဒေဟာ ကျွန်တော့်အမြင်တော့ အခုအချိန်ထိ အကောင်းဆုံး ဖြစ်နေသေးတယ်။ တကယ်လို့ ပြင်သင့်တယ် ဆိုရင်လည်း အများပြည်သူဆန္ဒနဲ့အညီ ဖြစ်ဖို့လိုတယ်'' ဟု ၈၈ မျိုးဆက်အဖွဲ့မှ ဦးဂျင်မီက ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ မည်မျပင်ရှိစေ၊ ရိုးရာဓလေ့ ဥပဒေများမှာ အသက်ဝင်နေဆဲ ဖြစ်ကြောင်း၊ ယင်းတို့ထဲတွင် ကောင်းတာရော၊ မကောင်းတာပါ ရှိနိုင်ကြောင်း၊ သို့သော် ကမ္ဘာပေါ်တွင် ယင်းရိုးရာ ဓလေ့များ ရှိမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံတွင်လည်း ကလေးတစ်ဦးနှုန်းသာ ယူရမည်ဆိုသည့်အချက် ရှိကြောင်း၊ ယင်းအချက်မှာလည်း သက်ဆိုင်ရာဒေသနှင့် ကိုက်ညီအောင် ပြုလုပ်ထားရခြင်း ဖြစ်သည့်အတွက် လူ့အခွင့်အရေးနှင့် မကိုက်ညီဟု ပြော၍မရကြောင်း ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။
''ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံခြားသား ပြဿနာနဲ့ တခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့ နိုင်ငံခြားသား ပြဿနာ ဘယ်လိုမှ မတူနိုင်ဘူး။ ကျွန်တော့်သဘော အရတော့ ကမ္ဘာ့စံနှုန်းနဲ့ မြန်မာ့စံနှုန်း သီးခြားရှိသင့်တယ်လို့ ယူဆတယ်။ ဘာပဲဖြစ်ဖြစ် ပြန်ပြီးတော့ လေ့လာမယ် ဆန်းစစ်မယ်ဆိုတောင်မှ ကမ္ဘာအတိုင်း လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ဆီမှာ ကမ္ဘာနဲ့မတူတဲ့ အခြေအနေတွေ အများကြီးရှိနေတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ကိုယ်ရဲ့အခြေအနေ၊ ကိုယ်ရဲ့ ဒေသရှိရင်းစွဲ ပကတိ အခြေအနေပေါ်မှာ မူတည်ပြီးမှ အဲဒီအခြေအနေကို သုံးသပ်ပြီးမှ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာဖြစ်တယ်'' ဟု ဦးဇိုဇမ်က ပြောကြားသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်မဲများသောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် ခြောက်နှစ်ကျော် အချိန်ယူ၍ ကွင်းဆင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုကို ချပြကာ ဆန္ဒခံယူပြီးမှသာ အတည်ပြုထားသော ဥပဒေတစ်ခု ဖြစ်ကြောင်း ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်၌ ပြောကြားခဲ့သည်။
Category:



