နှင်းဆီပန်း . . . လား ၊ မိစ္ဆာပန်း . . . လား
တလောလေးက စာအုပ်စင်တွေကို သန့်ရှင်းရေးလုပ်ရင်း စာအုပ်တစ်အုပ်ကို ပြန်ဖတ်ကြည့်နေမိသည်။ တစ်နေ့လုံး ထိုစာအုပ်ကိုပဲ ဖတ်မိနေသောကြောင့် စာအုပ်စင်လည်း ဆက်မရှင်း ဖြစ်တော့ပါ။ ကျွန်တော် မကြာခဏ ပြန်ဖတ်မိသော စာအုပ်ဖတ်တိုင်းလည်း တွေးတောစရာတွေ၊ စဉ်းစားစရာတွေ အသစ်ထပ်မံ ရရှိစေသောစာအုပ် လူပုဂ္ဂိုလ် တစ်ဦးအနေနှင့်ဆိုလျှင် အင်မတန်မှ အံ့သြဖွယ်ကောင်းသော ထိုးထွင်းသိမြင် နိုင်စွမ်းနှင့် စွမ်းအားကြီးသော စကားပြေတို့၏ လိုက်ဖက်စွာ ပေါင်းစည်းမိသော စာအုပ်ဖြစ်သည်။
စာအုပ်အမည်က လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓ၀င်) ဖြစ်ပါသည်။ ရေးသူအမည်က ဆရာကြီး ဦးရွှေအောင်ပါ။ အကြောင်းတိုက်ဆိုင်စွာ စာပိုဒ်တစ်ပိုဒ်ကို ထုတ်နုတ်ပြချင်ပါသည်။
သစ္စာဟူသည် တန်ဖိုးကြီး၏။ ထို့ကြောင့် လူတို့သည် လောကရေးရာ၌ ဖြစ်စေ၊ ဓမ္မရေးရာ၌ဖြစ်စေ သစ္စာဝတ်ရုံကို ခြုံချင်ကြ၏။ သစ္စာ၏ အသွင်ကို ပြချင်ကြ၏။ သို့ဖြစ်သော်လည်း သူတို့သည် သစ္စာ၏ သဘောအရ၊ အလုပ်နှင့်အပြော တစ်ဖြောင့်တည်း ကျရခြင်းကိုမူ မသိကျိုးကျွန် ပြုကြ၏။
သစ္စာသည် ရှင်း၏။ ပြတ်သား၏။ သစ္စာကို ပူဇော်လျှင် သစ္စာက ပြန်၍ချီးမြှောက်၏။ သစ္စာကို လှည့်ပတ်လျှင် သစ္စာက ပြန်၍ဒဏ်ခတ်၏။ ဤကား ဓမ္မတာ။
(သစ္စာပါရမီ-စာ -၂၀၇)
(သစ္စာပါရမီ-စာ -၂၀၇)
သစ္စာ၏ တန်ဖိုးကြီးမြင့်ပုံ၊ လူတွေနှုတ်က တဖွဖွရွတ်သီ နေကြသော်လည်း အသွင်များကိုသာ ယူကြပြီး အနှစ်သာရကို ပစ်ပယ်ထားကြပုံ စသည်ဖြင့် တိကျရှင်းပြတ်သော စကားပြေတို့ဖြင့် ပြတ်သားစွာ (မငြင်းပယ်နိုင်အောင်) ရေးသားတင်ပြ ထားသည်။ အခြေခံ အနှစ်သာရမှာ ဗုဒ္ဓ၏ ဒေသနာတော်များ ဖြစ်သည်။
သစ္စာကို လှည့်ပတ်သော လူတစ်စု၊ အဖွဲ့အစည်း တစ်ခုအကြောင်း ဖျတ်ခနဲ သတိရမိ လိုက်သည်။ လွန်လေပြီးသော နှစ်ပေါင်း (၅၀) မှသည် ပြီးခဲ့သော မနှစ်တစ်နှစ်က အထိ။
(၂)
အာရှတွင် ဒုတိယ အချမ်းသာဆုံး၊ အကောင်းဆုံး လေယာဉ်ကွင်း၊ အကောင်းဆုံး တက္ကသိုလ် ကျောင်းတိုက်ကြီးများ၊ အကောင်းဆုံး လမ်းမကြီးများ စသဖြင့် ဇာတိပုညဂုဏ် မာနတို့ဖြင့် လျှမ်းလျှမ်းတောက်ခဲ့သော နိုင်ငံတစ်ခုသည် ကမ္ဘာ့အဆင်းရဲဆုံး၊ အမွဲတေဆုံး၊ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ လျှောကျသက်ဆင်း လာရသည်။

ကမ္ဘာ့အညွှန်းကိန်း တိုင်းတွင် အောက်ခြေမှာ ပြားပြားဝပ်နေရသော နိုင်ငံ။ အာရှတွင် လျှပ်စစ်အသုံးပြုမှု အနည်းဆုံးနိုင်ငံ၊ တယ်လီဖုန်းသုံးစွဲမှု အနည်းဆုံးနိုင်ငံ၊ တစ်ဦးချင်းဝင်ငွေ အနည်းဆုံး နိုင်ငံ။ ကမ္ဘာ့ပျမ်းမျှ အသက်ရှည်မှုနှုန်းတွင် ၆၅ နှစ်ပျမ်းမျှနှုန်းဖြင့် ထိုင်း၊ ဗီယက်နမ်တို့ နောက်တွင် ပြတ်ကျန်ခဲ့သော နိုင်ငံ၊ ကမ္ဘာ့ကင်ဆာ ဖြစ်ပွားမှုအများဆုံး နိုင်ငံထဲတွင်လည်း ကျွန်တော်တို့ မကျန်ရစ်ခဲ့။ ကမ္ဘာ့သစ်တောများ ပျက်စီးဆုံးရှုံးမှု ၁၀ နိုင်ငံ စာရင်းထဲတွင် ကျွန်တော်တို့က ထိပ်ဆုံးမှာ။ ကမ္ဘာပေါ်တွင် အကျင့်ပျက် ခြစားမှု အဆိုးရွားဆုံး သုံးနိုင်ငံထဲတွင်လည်း ကျွန်တော်တို့ကို မေ့မချန်ခဲ့။ နိုင်ငံတွင်း သယံဇာတများ ထွက်ရှိမှုအပေါ် စီမံခန့်ခွဲမှု အညံ့ဖျင်းဆုံးနိုင်ငံ။ ကမ္ဘာပေါ်ရှိ စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးရွားဆုံး ခုနစ်နိုင်ငံထဲက တစ်နိုင်ငံ။ ထိုအချိန်တွင် နိုင်ငံပိုင် သတင်းစာတွေမှာ မြန်မာ့စီးပွားရေး မှန်မှန်ကြီး တိုးတက်နေကြောင်း၊ တချို့နှစ်တွေမှာ ၁၁ ရာခိုင်နှုန်းအထိ တိုးတက်နေသည် ဆိုသောကြောင့် တရုတ်တို့၊ ဂျပန်တို့ပင် ထိတ်လန့်တကြား ဖြစ်ခဲ့ကြသေးသည်။ ဒီသတင်းတွေကို ရေးသားဖော်ပြ နေသူတွေမှာ နိုင်ငံပိုင် သတင်းစာမှ စာနယ်ဇင်းသမားဆိုသော လူလက်တစ်ဆုပ်စာပင်။
| အမှန်အားဖြင့် သမိုင်းကို ထာဝစဉ် လိမ်၍မရ။ သမိုင်း၌ အ၀ိဇ္ဇာ လွှမ်းမိုးခိုက်သာ လိမ်၍ရ၏။ သမိုင်း၌ ၀ိဇ္ဇာ ရှိသေး၏။ ၀ိဇ္ဇာက အ၀ိဇ္ဇာကို ပယ်သတ်နိုင်သော နေ့တွင် သမိုင်း၌ အလိမ်သည် ပေါ်လေ၏ . . . . . |
အစိုးရ၏ တလွဲ စီမံကိန်းတွေ၊ ရေတွက်မရနိုင်လောက်အောင် များပြားလှသော ဒေါ်လာဘီလျံနှင့် ချီသော အကျင့်ပျက် ခြစားမှုတွေ၊ အတိုက်အခံ နိုင်ငံရေး အုပ်စုတွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ ပုဂ္ဂလိက စာနယ်ဇင်း သမားတွေကို ရက်စက်ရုံမက ဆိုးရွားစွာေ ဒ၀ဒတ်ပင် တွေးတောခဲ့ဖူးခြင်း မရှိသည့် နောက်ဆုံးပေါ် လုပ်ကြံမှု အဖုံဖုံတွေ။
ကနေ့ ဒီမိုကရေစီ အရုဏ်ဦးတွင် တစ်ချိန်က သူတို့အစိုးရနှင့် သူတို့သတင်းစာက နေ့စဉ်ဖော်ပြ ရေးသားနေသူတွေကို ပြည်သူတွေက သူရဲကောင်းကြီး တွေကဲ့သို့ ချစ်ခင်လေးမြတ် နေကြပြီး ကမ္ဘာအနှံ့က ဆုတွေအမျိုးမျိုး ပေးနေကြဆဲ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဆိုလျှင် ကမ္ဘာ့သမိုင်း တစ်လျှောက်လုံးမှာ နိုင်ငံတကာက ပေးသောဆုတံဆိပ် အများဆုံး ပိုင်ရှင်အဖြစ် ထင်ရှားကျော်ကြား လှသည်။
ဤသို့ဆိုလျှင် သစ္စာဖောက်သူ၊ သစ္စာကို လှည့်ပတ်သူသည် မည်သူတွေနည်း။ မြန်မာအဘိဓာန်က သစ္စာကို ဤသို့သုံးမျိုးသော အနက်ကို ပေးလေသည်။
(၁) အမှန်တရား။
(၂) မှန်ကန်သော စကား။
(၃) နိုင်ငံ၊ လူမျိုး စသည့်အပေါ်တွင် ထားရှိသော စောင့်သိရိုသေမှု။
ကျွန်တော် ကြက်သီးမွေးညင်းပင် ထမိပါသည်။ ကိုယ့်လူတွေက မြန်မာအဘိဓာန်က ပေးသောအနက်ကွဲ သုံးမျိုးစလုံးကို ဖြောင်းဖြောင်းမြည်အောင် ရိုက်ချိုးခဲ့ပြီးကာမှ။

(၃)
ဤကဲ့သို့ သစ္စာပျက်ယွင်းခဲ့ပြီး ပြည်သူတွေက နာနာကြည်းကြည်း မေ့လျော့ထားခဲ့သော အစိုးရဘက်သား စာရေးဆရာ တစ်ဦးက ၁၄-၅-၂၀၁၃ နေ့ထုတ် ပုဂ္ဂလိကသတင်း စာတစ်စောင်တွင် ဘယ်စာအုပ်တွေ ဖတ်သင့်သလဲ။ အမည်နှင့် ဆောင်းပါးတစ်စောင် ရေးခဲ့သည်။ သူဖတ်သင့်သည်ဟု ယူဆသော စာရေးဆရာ ၅၄ ဦး၏ စာအုပ် ၆၀ စာရင်း ရှည်ကြီးလည်း ပါဝင်သည်။

သူ့ကိုယ်သူ ညွှန်းဆိုရာမှာတော့ စာဖတ်သက် နှစ် (၅၀) ရှိတဲ့ စာဖတ်ဝါသနာအိုး တစ်ယောက်ရဲ့ အတော်အသင့် ကောင်းမွန်မှန်ကန်စွာ ရေးပေးတဲ့ စာအုပ်စာရင်းလို့ ပြောထားသည်။ သူရွေးချယ်ပုံကတော့ အမျိုးသား စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆု၊ ဆရာဝန်တင်ရွှေ စာပေဆု၊ သုတစွယ်စုံ စာပေဆု၊ ထွန်းဖောင်ဒေးရှင်း စာပေဆု စသောစာအုပ် တွေကိုလည်း ရှေးဦးစွာဖတ်ဖို့ ညွှန်းပြုထားသည်။
သူ့ မှတ်ချက်ကို ဆက်လက်ဖတ်ကြည့်လျှင် စာပေဆုစိစစ် ရွေးချယ်ရေးအဖွဲ့ ပညာရှင် စာပေ၀ါရင့် ပုဂ္ဂိုလ်များက ဆုပေးထားခဲ့တဲ့ စာအုပ်တွေမို့ ဖတ်ဖို့ရာ ညွှန်းလိုက်ရပါတယ် ဟူ၏။ သူညွှန်းသော စာအုပ်တွေက မည်သည့် စာအုပ်များဖြစ်ကြောင်း အထူးပြောဖို့ လိုမည်တော့ မထင်ပါ။ ပြီးတော့ စာအုပ်ကြော်ငြာ ၀င်လိုက်သေးသည်။ ပုဂ္ဂိုလ်နှစ်ဦး၏ အမည်ကို ဖော်ပြပြီး စာအုပ် (၁၅၀)၊ (၂၀၀) ရေးသား ထုတ်ဝေပြီးကြောင်း သူတို့ စာအုပ်တွေကို ရှာလို့ရသမျှ ဖတ်ကြည့်သင့်ဟု စေတနာ ဗရပွနှင့် (ကျွန်တော်တို့က အမှားဗရပွ ယုံကြည်) တိုက်တွန်းလိုက်သေးသည်။
သူလည်း သိမည်ပင်။ သူပြောခဲ့သော အရှေ့ပိုင်းမှာ ဖော်ပြထားသော၊ စာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ ပညာရှင်၊ စာပေ၀ါရင့် ပုဂ္ဂိုလ်များက ရွေးချယ်ဆုပေးခဲ့သော စာအုပ်ဆိုသည်ကား အဘယ်နည်း။
သစ္စာဖောက်သည် သစ္စာဖောက်ကို ချစ်ခင်၏။ ဓားပြသည် ဓားပြနှင့်သာ အလွမ်းသင့်၏။ ဤကားလောက ဓမ္မတာ။ ကျွန်တော်စဉ်းစား နေတာက ထိုအကောင်းစား စာရေးဆရာကြီးက ပြည်သူတွေ၏ အမေ့ခံ ကလောင်တွေကို ဘာကြောင့်များ အလောတကြီး ပွဲထုတ်ချင်လာ ရသလဲ ဆိုတာပင်။ သမိုင်းဆိုတာကို သူဘယ်လိုများ နားလည်နေသည်တော့ မသိ။

သမိုင်းဆိုသည်မှာ ......
အမှန်အားဖြင့် သမိုင်းကို ထာဝစဉ် လိမ်၍မရ။ သမိုင်း၌ အ၀ိဇ္ဇာ လွှမ်းမိုးခိုက်သာ လိမ်၍ရ၏။ သမိုင်း၌ ၀ိဇ္ဇာ ရှိသေး၏။ ၀ိဇ္ဇာက အ၀ိဇ္ဇာကို ပယ်သတ်နိုင်သော နေ့တွင် သမိုင်း၌ အလိမ်သည် ပေါ်လေ၏။
အမှန်အားဖြင့် သမိုင်းကို ထာဝစဉ် လိမ်၍မရ။ သမိုင်း၌ အ၀ိဇ္ဇာ လွှမ်းမိုးခိုက်သာ လိမ်၍ရ၏။ သမိုင်း၌ ၀ိဇ္ဇာ ရှိသေး၏။ ၀ိဇ္ဇာက အ၀ိဇ္ဇာကို ပယ်သတ်နိုင်သော နေ့တွင် သမိုင်း၌ အလိမ်သည် ပေါ်လေ၏။
ဦးရွှေအောင်
ဗုဒ္ဓ-လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓ၀င်) စာ-၂၁၇
ဗုဒ္ဓ-လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓ၀င်) စာ-၂၁၇
Category: