အင်အားကြီးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အာဇာနည် ကုန်း၌ တက်ရောက်ဂါရ၀ပြုကြမည်

(၆၆) ကြိမ်မြောက် အာဇာနည်နေ့တွင် ပြည်တွင်းအင်အားကြီးပါတီများမှအာဇာနည်ကုန်း၌ တက်ရောက် ဂါရ၀ပြု လွမ်းသူပန်းခွေချခြင်းများ ပြုလုပ်ကြမည်ဖြစ်သည်ဟု နိုင်ငံရေးပါတီအသိုင်းအ၀ိုင်းက သိရသည်။
ပြည်ခိုင်ဖြိုးပါတီအပါအ၀င် ဒီချုပ် တ.စ.ည၊ NDF ပါတီများမှ တစ်ပါတီလျှင်ခေါင်းဆောင် ၃ ဦးနှုန်းဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရ၀ပြု လွမ်းသူပန်းခွေချမည့် အစီအစဉ်ဖြစ်သည်။
“ကျွန်တော်တို့ ပါတီအနေနဲ့ အခြို့အချို့မှာတော့ သံဃာတော်တွေ ဆွမ်းဆည်းကပ်လှူဒါန်းမဲ့ အစီအစဉ်တွေ ရှိပါတယ်။ ဗဟိုပါတီအနေနဲ့တော့ ပါတီ ဒုဥက္ကဌ ဦးဆောင်ပြီး အာဇာနည်ကုန်းမှာ လွမ်းသူပန်းခွေကိုချဖို့ စီစဉ် ထား ပါတယ်။” ဟု ပြည်ထောင်စုကြံခိုင်ဖွံဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဝင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှု့ဆောင် ဦးထွန်းထွန်းဟိန်၊ ဗဟိုလူငယ်တာဝန်ခံ ကိုမျိုးညွန့် နှင့် ဒေါ်ခင်စောမူတို့မှ အာဇာနည်ကုန်းသို့ တက်ရောက်ဂါရ၀ပြု လွမ်းသူပန်းခွေချခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ရွှေဂုံတိုင် ဌာနချုပ်ရုံးခန်း၌ အာဇာနည်နေ့အခမ်းအနားကို ပြုလုပ်သွားမည်ဟု သိရသည်။
ထို့အပြင် မြို့နယ်ပါတီရုံး အချို့မှလည်း သံဃာတော်များပင့်ဖိတ်၍ ဆွမ်းဆပ်ကပ်လှူဒါန်းကာ အမျှအတန်း ပေးဝေသွားမည့်အစီအစဉ်များရှိကြောင်းကိုလည်း သိရသည်။
“ရန်ကုန်တိုင်းရုံးမှာ သံဃာတွေပင့်ပြီး ဆွမ်းကပ်အမျှအတန်းပေးဝေမယ်။ အာဇာနည် ခေါင်းဆောင်တွေကို ပါတီ ဌာနချုပ်လူကြီးတွေက လွမ်းသူပန်းခွေချဖို့ အစီအစဉ်ရှိတယ်။ မြို့နယ်ပါတီရုံးတွေမှာလည်း ဆွမ်းကပ်မယ့် အစီအစဉ် တွေရှိပါတယ်။” ဟု တ.စ.ည ပါတီ ရန်ကုန်တိုင်းဥက္ကဌ ဦးခင်မောင်သိန်းက ပြောသည်။
တ.စ.ည ပါတီမှ ယခင်နှစ်များတွင် အာဇာနည်ကုန်းသို့ ချီတက်အလေးပြုခြင်းများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ များနှင့် ဂါရ၀ပြုသူများလွန်းသည့်အတွက် အလေးပြုရန် နေရာအခက်အခဲးရှိပြီး ချီတက်အလေးပြုသွားမည် မဟုတ်ဟု ၎င်းက ဆက်ပြောသည်။
ဗိုလ်တစ်ထောင်ရှိ YMCA ခန်းမတွင် ဒီမိုကရက်တစ်မိတ်ဆွေ ၁၀ ပါတီမှလည်းအာဇာနည်နေ့ အခမ်းအနားများ ပြုလုပ်သွားမည်ဖြစ်ပြီး NDFပါတီမှဗဟိုအလုပ်အမှု့ဆောင်များလည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရ သည်။
“ဒုတိယခေါင်းဆောင် ဦးစိုးဘိုခေါင်းဆောင်ပြီး ဒုဥက္ကဌ ဦးစိုးဝင်းနဲ့ အတွင်းရေးမှူး ဦးကြည်သန်းတို့ အာဇာနည် ကုန်းမှာ လွမ်းသူပန်းခွေချမယ်။ ဌာနချုပ်မှာတော့ ဘုန်းကြီးငါးပါး ဆွမ်းကပ်မယ်။ YMCA မှာ မိတ်ဆွေ ၁၀ ပါတီရဲ့အာဇာနည်နေ့ အခမ်းအနားကို ပါတီကဗဟိုအလုပ်အမှုဆောင်တွေတက်ရောက်သွားမှာပါ။” ဟု NDF ပါတီမှ ဦးခင်မောင်ဆွေက ပြောသည်။
ဒါအပြင် ရန်ကုန်မြို့တော်ခန်းမတွင်လည်း အာဇာနည်နေ့ အခမ်းအနားကိုကျင်းပသွားမည်ဖြစ်ပြီး NDF ပါတီမှ ဗဟိုအလုပ်အမှု့ဆောင် ဦးအောင်သန်းနဲ့ ဦးဝင်းမင်းထွန်း တို့တက်ရောက်သွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရုပ်မြင်သံကြားမှ အာဇာနည်နေ့တွင် ဥသြဆွဲးသံထုတ်လွှင့်မည့် အစီအစဉ်မရှိသော်လည်း အာဇာနည် ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် အစီအစဉ်ထုတ်လွှင့်မှု့ကို ခေတ္တရပ်နားသွားမည်ဖြစ်ပြီး ည ၇ နာရီ
သတင်းပြီးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော်ဈာပန အခမ်းအနားကျင်းပခဲ့ပုံကို ထုတ်လွှင့်သွားမည် ဖြစ်သည်။
အာဇာနည်နေ့ ကျင်းပနေစဉ်လမ်းလွှဲစနစ်များကို အသုံးပြုခြင်း နံနက် ၄ နာရီမှ အခမ်းအနား ပြီးဆုံးချိန်အထိ အာဇာနည်လမ်း၊ သွေးဆေးကန်လမ်း တို့ကို ခေတ္တလမ်းပိတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းထုတ်ပြန်ချက် အရသိရသည်။
မိုးမြင့်ကျော်(မြစ်မခ)



