သယံဇာတထုတ်ယူရေး စီမံကိန်းများ၌ ပွင့်လင်းမြင်သာမှု့ရှိရန်လို

hnm | 水曜日, 7月 17, 2013 |




ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အားနည်းချက်များရှိနေခြင်းနှင့် စီမံကိန်းဆိုင်ရာ သဘောတူညီမှုများ ပြုလုပ်ရာ၌ ပွင့်လင်း မြင်သာမှု မရှိသည့်အတွက် ရွှေ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းကဲ့သို့ သယံဇာတ ထုတ်ယူသည့် စီမံကိန်းများ၌ နောက်ဆက်တွဲ ပြသနာများ ဖြစ်ပေါ်လာနိုင်သည်ဟု ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှုအဖွဲ့က သုံးသပ်သည်။
 အဆိုပါ ပွင့်လင်းမြင်သာမှုမရှိသည့် သယံဇာတ ထုတ်ယူသည့် စီမံကိန်းများကြောင့် လူ့အခွင့်အရေး ၊ သဘာဝ ပတ်ဝန်းကျင်နှင့် တိုင်းရင်းသားရေးရာ ပြသနာများ ဖြစ်လာနိုင်သည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဦးဆောင် လှုပ်ရှားသူများအပါအ၀င် ပညာရှင်များမှ ၂၀၁၃ ခုနှစ် ၊ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်၊ ရွှေဂုံတိုင်မြို့နယ်ရှိ တော်ဝင်နှင်းဆီ၌ ဟောပြာပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
"စီမံကိန်းတွေကို လုပ်တဲ့နေရာမှာ EIA,SIA တွေကို နိုင်ငံခြားက ကုမ္ပဏီတွေနဲ့ လုပ်တယ်၊ ပြီးတော့ အဲဒါတွေကို ပြည်သူတွေ ပေးမသိဘူး ၊ ဓါတ်ငွေ့ပိုက်လိုင်းကြောင့် ပြုန်းတီးသွားတဲ့ သစ်တောတွေ ၊ တိရစ္ဆာန်မျိုးစိပ်တွေ ၊ ပျောက်ဆုံးသွားတဲ့ ရိုးရာယဉ်ကျေးမှုတွေအတွက် တရုတ်နိုင်ငံက အလျော်ပေးမှာလားလို့ မေးချင်တယ်"ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်သူ ဦးတင်သန်းက ဆိုသည်။
အဆိုပါ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းနှင့် သက်ဆိုင်သည့် EIA,SIA များအား ဒေသခံပြည်သူတွေနဲ့ ပညာရှင်တွေက ပူပေါင်းတင်ပြပြီး အကျိုးရှိမရှိ စမ်းစစ်ရန် လိုအပ်ကြောင်း နှင့် ခေတ်မီစီးပွားရေးနောက်ကိုသာ လိုက်နေခြင်းကြောင့် သဘာဝအလှတရားများ နှင့် အဖိုးတန် သယံဇာတ အားလုံး ပျက်စီးသွားနိုင်သည်ဟု ၄င်းက ဆက်ပြောသည်။
"စစ်မှန်တဲ့ ဖယ်ဒရယ် ဆိုရင် သက်ဆိုင်ရာ တိုင်းရင်းသားတွေအတွက် အကျိုးခံစားခွင့်ဆိုတာရှိရမယ် ၊ ဒီရွှေသဘာဝ ဓါတ်ငွေ စီမံကိန်းဆိုရင် တိုင်းရင်းသား အခွင့်အရေးရှိတဲ့ ကချင် ၊ ရှမ်း ဒေသက ဖြတ်သွားတာပါ၊ ဒီအတွက် အဲ့ဒီ ဒေသက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတယ် "ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာ က ပြောသည်။
သယံဇာတအရင်းအမြစ် ထုတ်လုပ်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး(EITI) အဖွဲ့ဝင်ဖြစ်ရန် ကြိုးစား နေသော လက်ရှိအစိုးရ၌ အားနည်းချက်များ ရှိသနေသည့်အတွက် အဆိုပါအဖွဲ့၌ ဒေသခံလူမှုရေး အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်ကြောင်း၊ လူမှုအဖွဲ့အစည်းများဟု ဆိုရာ၌ သက်ဆိုင်ရာ ဒေသခံစစ်စစ်များ ပါဝင်သင့်ကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။
သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ နှင့် သတင်းအချက်အလက်များအား ပြည်သူများအနေဖြင့် သိရှိနိုင်ရန်ပြုလုပ်ရမည် ဆိုသည့် ဥပဒေ မရှိသေးကြောင်းနှင့် သယံဇာတဆိုသည်မှာ နိုင်ငံတော်ပိုင်ဖြစ်သည့်အတွက် အစိုးရတစ်ခုတည်း ဆုံးဖြတ်ချက်ချနေခြင်းမှာ Good Governess မဖြစ်သေးကြောင်း HEREIB မှ ကိုအောင်မျိုးမင်းက သုံးသပ်သည်။
ဒီ သယံဇာတကို ထုတ်ယူတဲ့ စီမံကိန်းတွေကရတဲ့ ၀င်ငွေတွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် အဲဒီငွေတွေက ဘယ်လိုနေရာတွေမှာ အသုံးချတယ်ဆိုတာကို မသိရဘူး၊ အဲဒီ ပိုက်ဆံတွေက ပြည်သူတွေရဲ့ ကျန်းမာရေး ၊ ပညာရေး အတွက် အနည်းငယ်သော ပမာဏပဲ သုံးထားတယ်၊ အဲဒီအတွက် ဒီလို အစီရင်ခံစာမျိုး လုပ်တာပါ ” ဟု ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်ကဆိုသည်။
ရွှေသဘာဝ ဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှာ ရေနံ သဘောဝဓါတ်ငွေ့ထုတ်ယူမှုလုပ်ငန်းအား ကန့်ကွက်သော လူမှု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာ့ သဘာဝ သယံဇာတ ထုတ်လုပ်မှုလုပ်ငန်းများ နှင့် ကောင်းမွန်သည့် အစိုးရ အုပ်ချုပ်ရေး စနစ်- မြန်မာနိုင်ငံတည်ဆဲ ဥပဒေများ၏ အားနည်းချက် ပြသနာများ အစရှိသည့် အစီရင်ခံစာ စာအုပ်ကို ရေးသား ပြုစုခဲ့ကြောင်းကိုလည်း သိရသည်။
လွင်ထူးကို(မြစ်မခ)

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ