ပြည်သူတစ်ယောက်၏ မီဒီယာအတွေး

အာဏာရှင် စနစ်မှ ယခုဒီမိုကရေစီစနစ်သို့ ပြောင်းလဲချီတက်ရာတွင် မကြာခဏ ဆိုသလို သမ္မတ၏ မိန့်ခွန်းစကားထဲတွင် မဏ္ဍိုင်ကြီးသုံးရပ်ကို လမ်းကြောင်းပြပြီး ပြောပြသွားတတ်သည်။
သာမန်ပြည်သူတစ်ယောက် အနေဖြင့် ဆိုရပါလျှင် သမ္မတကြီးပြောသော ထိုမဏ္ဍိုင်ကြီး သုံးရပ်ကို သိပ်ကွဲကွဲပြားပြား နားမလည်ပါ။ ခေါင်းစဉ်များကိုပင် မေ့တေ့တေ့ ဖြစ်နေသဖြင့် ဂျာနယ်များ၊ သတင်းစာများ ဖတ်သည့်အခါ ထိုမဏ္ဍိုင်ဆိုသည်များ ရေးထားသည်ကိုတွေ့လျှင် စိတ်ဖြင့်တေးပြီး မှတ်ထားလိုက်သည်။
ထိုမဏ္ဍိုင်သုံးရပ်သည်လည်း စာအဖြစ်သာ မှတ်သားရပြီး လက်တွေ့တွင်မူ ကျွန်တော်တို့ ပြည်သူများအတွက် ထောက်ပံ့ကာကွယ်ပေးခြင်းမျိုး သိသာထင်ရှားလောက် မမြင်ရပေ။ ထိုမဏ္ဍိုင်သုံးရပ်မှာ ကျွန်တော်တို့ ပြည်သူများနှင့် မဆိုင်သလိုလိုတောင် တစ်ခါတစ်ရံ စိတ်ထဲခံစားမိပါသည်။
အရပ်သားအစိုးရ တက်လာပြီး နှစ်နှစ်ကျော် အကြာတွင် ထူးထူးခြားခြား ခံစားသတိပြုခဲ့ရသည့် အချက်မှာ သမ္မတကြီးပြောကြားသည့် မိန့်ခွန်းတစ်ခုထဲမှ ရိပ်ဖမ်းသံဖမ်း ပြောကြားခဲ့သော "မီဒီယာကဏ္ဍသည် ဒီမိုကရေစီလမ်းစဉ် တည်ဆောက်သည့် မိမိတို့တိုင်းပြည်တွင် စတုတ္ထမဏ္ဍိုင်သဖွယ် ယူဆထားရမည် ဖြစ်ပါသည်" ဟူသည့် မီဒီယာကဏ္ဍသည်ကား ကျွန်တော်တို့ ပြည်သူများအတွက် မျက်စိရော၊ နားရော အနားမရအောင် အထိပင် အရှိန်အဟုန်ဖြင့် အပြေးမြန်လွန်းလှသဖြင့် နောက်ကနေမီအောင် မနည်းကြီးပင် လိုက်နေရသည်။ သတင်းစာဂျာနယ် တစ်နေ့မဖတ်ဖြစ်လျှင် ခေတ်နောက်ကျ ကျန်တော့မည့်သူလို ဖြစ်သွားတတ်၍ လွတ်လပ်ရေး ရပြီးခါစခေတ်က မြန်မာပြည်ကဲ့သို့ မနက်လင်းသည်နှင့် အရပ်ဘက်သတင်းစာ၊ ဂျာနယ်များကို မျှော်ရတော့သည်။
အာဏာရှင်အစိုးရ သတင်းစာများလို နောက်ကျောကနေလှန်၊ နာရေးသတင်းများကို အရင်မဖတ်ဖြစ်တော့။ သတင်းစာများ၊ ဂျာနယ်များအား ခေါင်းကြီးပိုင်းများ၊ အရှေ့မျက်နှာစာ သတင်းခေါင်းစဉ်များကို စိတ်ဝင်စားစွာဖြင့် အရင်ဖတ်ရတော့သည်။ သတင်းစာ၊ ဂျာနယ်တို့၏ "အယ်ဒီတာ့အာဘော်" များကိုလည်း မလွတ်တမ်း ဖတ်ရတော့သည်။
နှစ် ၅၀ ကျော်လောက် "သတင်းမှန် ငတ်ခဲ့သော" ပြည်သူများမှာ ယခုကဲ့သို့ ပွင့်လင်းမြင်သာသည့် သတင်းမျိုး၊ မိမိတိုင်းပြည်အကြောင်း၊ တိုင်းပြည်၏ ခေါင်းဆောင်များအကြောင်း တိတိပပ သိလာရသည့်အခါ တိုင်းပြည်အပေါ် စိတ်ဝင်စားလာသည့် အမျိုးသားရေးစိတ်များ တစ်စတစ်စ တိုးပွားလာသည်ကိုလည်း ၀မ်းမြောက်ဖွယ် တွေ့ရှိလာရသည်။
နိုင်ငံကို အုပ်ချုပ်နေသည့် အုပ်ချုပ်ရေး အာဏာပိုင်တို့၏ အားသာချက်၊ အားနည်းချက်၊ နိုင်ငံရေးခေါင်းဆောင်များ၏ လျှောက်လှမ်းနေသည့် လမ်းစဉ်များ တော်တည့်ခြင်း ရှိ၊ မရှိ စသည်တို့ကို မီဒီယာတို့၏ လုံ့လကျေးဇူးကြောင့် ကျွန်တော်တို့ ပြည်သူတွေ သိခွင့်ရလာခဲ့ရသည်။
ဒီမိုကရေစီစနစ်ဖြင့် ချီတက်နေသည်ဆိုသော နိုင်ငံတစ်ခုတွင် မီဒီယာတို့၏ လွတ်လပ်ခွင့်ဆိုသည်မှာ အသက်သွေးကြောကြီးသဖွယ် အရေးပါလှပါလားဆိုသည့် ဒီမိုကရေစီ အသိဗဟုသုတကို ရခဲ့သည်မှာလည်း မီဒီယာ၏ အခန်းကဏ္ဍကြောင့်ပင် ဆိုရမည် ဖြစ်ပါသည်။
ထိုကဲ့သို့ ပြည်သူများ၏ ဝေဖန်စောင့်ကြည့်နိုင်စေရန် လွတ်လပ်သည့် မီဒီယာ အခန်းကဏ္ဍသည် မဖြစ်မနေ ရှိနေအပ်သည့် ပေါင်းကူးတံတားကြီးတစ်ခု ဖြစ်သည်။ ထိုပေါင်းကူးတံတားကြီးကြောင့် အစိုးရနှင့် ပြည်သူကြား ပွင့်လင်းမြင်သာမှု ရှိလာသည် . . . . .
|
တကယ်တော့ ကျွန်တော်တို့နိုင်ငံတွင် "ဒီမိုကရေစီ" ဟုသာ ဟစ်ကြွေးနေသော်လည်း အမှန်ကို ၀န်ခံရလျှင် ထိုကျွန်တော်တို့ ပြည်သူများသည် ဒီမိုကရေစီ၏ အရင်းအမြစ်၊ စံချိန်စံနှုန်း၊ အားသာချက်၊ အားနည်းချက်တို့ကို ရေရေရာရာ သိလှသေးသည် မဟုတ်သေးပါ။ မိမိတို့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တို့ ဆိုခြင်းအပေါ် မည်သည့်စံ၊ မည်သို့သော စည်းကမ်းဖြင့် ဖော်ထုတ်လုပ်ဆောင်ရမည်ကိုလည်း သိပ်သဲသဲကွဲကွဲ သိလှသေးသည် မဟုတ်။ ကျွန်တော်တို့ ပြည်သူများ မသိသေးသည်ကို ခဏထားပြီး အုပ်ချုပ်ရေး ကဏ္ဍတွင် ရှိနေသည့် အုပ်ချုပ်သည့် လူတန်းစားအချို့ပင် သိပ်ကောင်းကောင်း မသိကြသေး။ အာဏာရှင်ခေတ်ဟောင်း အတွေးအခေါ် ချိုးကပ်နေသည့် သူတို့၏ သဘာဝအတိုင်း လွတ်လပ်စွာ ပြောဆိုခြင်းကြောင့် သူတို့၏ အကျိုးစီးပွားကို ထိပါးလာလျှင် နည်းနည်းမျှ သည်းမခံနိုင်သည်ကိုလည်း မီဒီယာများကြောင့် ကျွန်တော်တို့ပြည်သူတွေ သိလာခဲ့ရသည်။ ဒီမိုကရေစီနိုင်ငံတွင် အုပ်ချုပ်သူပဲဖြစ်ဖြစ်၊ အုပ်ချုပ်ခံပဲဖြစ်ဖြစ် ဘယ်အရာမျှ အလွတ်မဲ့လုပ်လို့ မရတော့ပေ။ ဖုံးဖိကွယ်ဖျောက် ထားလို့လည်း မရတော့ချေ။ ဥပမာဆိုရလျှင် အာဏာရှင် ခေတ်တုန်းကလို ပညာရေးဝန်ကြီးဆိုပြီး အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားတောင် ဖြောင့်တန်းအောင် မရေးနိုင်၊ မပြောနိုင်လို့မရ။ ထိုရာထူးအတွက် ထိုက်တန်သည့် ပညာဗဟုသုတ နှံ့စပ်မှု၊ တွေးခေါ်မြော်မြင်တတ်မှုတို့ လိုလာပြီဖြစ်သည်။ အကယ်၍ ထိုစံချိန်စံညွှန်းနှင့် မကိုက်ညီလျှင် အာဏာရှင် စနစ်တုန်းကလို ဖုံးကွယ်ထားလို့မရ။ ညာဝါးဖြီးဖြန်းနေလို့ မရ။ မီဒီယာကဏ္ဍသည် မျက်စိဒေါက်ထောက် ကြည့်နေလိမ့်မည် ဖြစ်သည်။
မိန့်ခွန်းခြွေရာတွင် လည်းကောင်း၊ စကားတစ်ခွန်းဆိုရာတွင် လည်းကောင်း စိတ်ကူးတည့်ရာ၊ ထင်ရာကို ပြောလို့မရတော့ချေ။ မီဒီယာအပေါ် တည်မှီလျက် ပြည်သူတစ်ရပ်လုံးကလည်း စောင့်ကြည့်နေကြမည် ဖြစ်သည်။ ထိုအချက်သည် အုပ်ချုပ်သူ လူတန်းစားများကို အနေကျပ်စေသည်။ ဘ၀င်မကျ ဖြစ်စေသည်။ အဂတိ လိုက်စားလျှင်လည်း နေ့ပင်မကူး။ ပြည်သူတွေ ချက်ချင်းသိသည်။ မတရား အကျိုးစီးပွား လုပ်နေလျှင်လည်း ပြည်သူတွေက သိသွားသည်။ နိုင်ထက်စီးနင်း အာဏာပါဝါ ပြလျှင်လည်း ချက်ချင်းသိရပြီး ကျွန်တော်တို့ ပြည်သူများအတွက် အထင်အမြင်သေးစရာ၊ ရွံရှာစက်ဆုပ် ဖွယ်ရာများကို ဖြစ်စေခဲ့သည်။
ထိုအချက်ကိုမှီ၊ ဥပမာပြုပြီး အုပ်ချုပ်သူများဘက်မှ အတွေးကောင်း အကြံကောင်းဖြင့် စဉ်းစားသင့်သည်မှာ မိမိကိုယ်ကျင့်တရားကို ကောင်းအောင်ပြုပြင်မည်။ မိမိ၏ ရာထူးအာဏာသည် တိုင်းပြည်အတွက် အစေအပါးပြုနိုင်အောင် ကြိုးစားမည်။ ပညာဥာဏ် ဗဟုသုတ ပြည့်စုံကုံလုံအောင် လေ့လာဆည်းပူးမည်။ တိုင်းသူပြည်သားများအတွက် စံပြခေါင်းဆောင်ဖြစ်အောင် သမိုင်းမှတ်တိုင် စိုက်ထူသွားမည် စသည်ဖြင့် စိတ်ကူးကောင်းကောင်း ဖြောင့်မတ်တည်ကြည်အောင် ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်သင့်သည်။ ထိုသို့မဟုတ်ဘဲ ဖွင့်ဟထုတ်ဖော်သည့် မီဒီယာကို "ဖော်ကောင်" လုပ်သည်ဟုဆိုကာ မိမိတို့ သိက္ခာကို ညှိုးမှိန်အောင် လုပ်သည်ဆိုကာ အငြိုးတကြီးဖြင့် ကန့်သတ်ချုပ်ချယ်၊ အပြစ်ရှာရန် မကြိုးပမ်းသင့်ချေ။
"အဝေဖန်ခံနိုင်မှ တိုးတက်မည်" ဆိုသည့်စကားအတိုင်း အုပ်ချုပ်သူ ခေါင်းဆောင်များသည် ပြည်သူလူထု၏ အဝေဖန် ခံနိုင်ရမည်။ မှတ်ကျောက်တင် ခံနိုင်ရမည် ဖြစ်သည်။ "အဝေဖန် ခံနိုင်ခြင်းသည် သဘောထားကြီးမြင့်ခြင်း ဖြစ်သည်" ဆိုသကဲ့သို့ မိမိကို ဝေဖန်ခြင်းသည် အပြုသဘောလည်း ပါနိုင်သည်။ ပျက်စီးစေလိုသည့် သဘောလည်း ပါနိုင်သည်။ မည်သည့်သဘောပဲပါပါ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အာဏာပိုင် ခေါင်းဆောင်များမှာ ပြည်သူများ၏ မျက်လုံးဒေါက်ထောက်ကြည့်ခြင်းကို ခံရမည်ဖြစ်သကဲ့သို့ ပြည်သူတို့၏ ဝေဖန်သံကိုလည်း မီဒီယာမှတစ်ဆင့် မြိုင်မြိုင်ကြီး ကြားကြရမည်ဖြစ်ပြီး ပြုပြင်သင့်သည်များကိုလည်း လက်မနှေးတမ်း အနှောင်အဖွဲ့ ကင်းကင်းနှင့် ပြုပြင်နိုင်ရမည် ဖြစ်သည်။ ထိုအချက်သည် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ (ဖြောင့်မတ်သိက္ခာရှိသော အစိုးရ) ဟု မှတ်ကျောက်တင်နိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ ပြည်သူများ၏ ဝေဖန်စောင့်ကြည့်နိုင်စေရန် လွတ်လပ်သည့် မီဒီယာ အခန်းကဏ္ဍသည် မဖြစ်မနေ ရှိနေအပ်သည့် ပေါင်းကူးတံတားကြီးတစ်ခု ဖြစ်သည်။ ထိုပေါင်းကူးတံတားကြီးကြောင့် အစိုးရနှင့် ပြည်သူကြား ပွင့်လင်းမြင်သာမှု ရှိလာသည်။ အစိုးရဆိုသည်မှာ မိမိတို့ ထင်တိုင်းကြဲလို့ မရ။ ပြည်သူကို ရှေ့တန်းတင် စဉ်းစားရမည်ဆိုသည့် ပြည်သူများမှ ဒီမိုကရေစီ၏ စံနှုန်းနှင့် ပတ်သက်သော အသိအမြင်ကို သိလာကြရသည်။ ထိုမီဒီယာ ပေါင်းကူးတံတားကြီးအား ဒေါက်တိုင်များဖြစ်ကြသည့် မီဒီယာ အခန်းကဏ္ဍရှိ ပုဂ္ဂိုလ်များသာမက ထိုပေါင်းကူးတံတားကြီးပေါ် လွတ်လပ်စွာမြင်နိုင်၊ ပြောနိုင် ဆိုနိုင် ဝေဖန်လျှောက်လှမ်းနိုင်သည့် ကျွန်တော်တို့ ပြည်သူများသည်လည်း မကျိုးမပဲ့ မယိုင်နဲ့သွားစေရန် ၀ိုင်းဝန်းထောက်ကူ ကာကွယ်ထိန်းသိမ်း ပေးသင့်ပါသည်။
Category:



