ကျိုက္ခမီနှင့် စက်စဲကမ်းခြေများတွင် သဲပုံစေတီ တည်ထားပူဇော်ပွဲ ကျင်းပ

စက်စဲကမ်းခြေတွင် သဲပုံစေတီများ တည်ထားပူဇော် ကြသည်ကို တွေ့ရစဉ်
နှစ်စဉ်ကျင်းပမြဲ ဖြစ်သော သဲပုံစေတီ တည်ထားပူဇော် ကုသိုလ်ယူပွဲများကို သံဖြူဇရပ် မြို့နယ်ရှိ ကျိုက္ခမီနှင့် စက်စဲကမ်းခြေများတွင် အောက်တိုဘာ ၉ ရက် (သီတင်းကျွတ်လဆန်း ၅ ရက်) က ကျင်းပခဲ့သည်။
မွန်ပြည်နယ် အတွင်းရှိ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ် အတွင်းရှိ မွန်လူမျိုးများ နေထိုင်ရာ ကျေးရွာများမှ ကျိုက္ခမီနှင့် စက်စဲကမ်းခြေများသို့ လာရောက်ကာ သဲပုံစေတီများ တည်ထား ကုသိုလ်ယူကြခြင်း ဖြစ်သည်။
''ကျွန်တော်တို့က မနက်ပိုင်းမှာ ရွာကနေပြီး ကျိုက္ခမီရေလယ်ဘုရားကို အရင်သွားရောက် ဖူးမြော်တယ်။ နောက်ပြီး စက်စဲကမ်းခြေကို လာပြီးတော့ သဲပုံစေတီတွေ တည်ကြတာပါ။ စက်စဲကမ်းခြေမှာ သဲပုံစေတီ လာတည်တာ ငါးနှစ်ကျော်လောက် ရှိပါပြီ'' ဟု သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ကိုဇေယျာက ပြောကြားသည်။
''ကျိုက္ခမီ ကမ်းခြေက အရင်ကလို သဲသောင်ခုံတွေ မရှိတော့ ပင်လယ်လှိုင်းက ကမ်းခြေကို တိုက်ရိုက်ထိတယ်။ အဲဒါကြောင့် ကမ်းခြေမှာ သဲပုံစေတီတွေ တည်ထားပြီး ရေတက်ချိန်ရောက်ရင် လှိုင်းဒဏ်နဲ့ စေတီတွေက ပျက်စီးတာတွေရှိတော့ စက်စဲကမ်းခြေဘက်မှာ သဲပုံစေတီတွေ သွားတည်ကြတာ များတယ်။ ဒါပေမဲ့ စက်စဲကမ်းခြေမှာလည်း သဲတွေနည်းလာတယ်လို့ ကြားရတယ်'' ဟု ကျိုက္ခမီမြို့ခံ ဦးကိုဝင်းက ပြောကြားသည်။
ယခင်က သဲပုံစေတီ တည်ထားပူဇော်ပွဲကို ဧပြီလအတွင်း ကျင်းပခဲ့ကြသော်လည်း ယခုအခါ အောက်တိုဘာလအတွင်း ပြောင်းလဲကျင်းပခဲ့ကြပြီး ယခုနှစ် ကျိုက္ခမီနှင့် စက်စဲတွင် သဲပုံစေတီ အဆူပေါင်း ၅၀ ကျော် တည်ထားပူဇော် ခဲ့ကြသည်။
Category:



