ယခုနှစ် ကျောက်ဆည်ဆင် အကအလှပြိုင်ပွဲ အောက်တိုဘာ ၁၈ တွင် စတင်မည်ဖြစ်ပြီး ရိုးရာဆင်များအား ဆုကြေးချီးမြှင့်ကာ ဦးစားပေး ပွဲထုတ်ယှဉ်ပြိုင်မည်

ယမန်နှစ်က ကျင်းပခဲ့သည့် ကျောက်ဆည်ဆင် အကအလှ ပြိုင်ပွဲမြင်ကွင်း
ကျောက်ဆည်မြို့၏ အထင်ကရပွဲတော် တစ်ခုဖြစ်သော ရွှေသာလျောင်းတောင် ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ ယခုနှစ်တွင် နှစ်ပေါင်း ၂၀ နီးပါး မှေးမှိန်အားနည်းခဲ့သော ရိုးရာဆင်များအား ဆုကြေးငွေမြှင့်ကာ ဦးစားပေး ပွဲထုတ်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ကျောက်ဆည်မြို့ ဆင်လှူပွဲတော်နှင့် ဆင်အကအလှ ပြိုင်ပွဲများကို သီတင်းကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာ ၁၈) တွင် ရွှေသာလျောင်းတော်ခြေရှိ ၀တ္တကကုန်းမြေ၌ ကျင်းပသွားမည်ဖြစ်ပြီး သီတင်းကျွတ် လပြည့်နေ့ (အောက်တိုဘာ ၁၉) ရက်တွင် ရွှေသာလျောင်းတောင် ရင်ပြင်တော်၌ ဆွမ်းတော်ကြီး ကပ်ပွဲများကို နှစ်စဉ်ကျင်းပသည့် အတိုင်း ကျင်းပသွားမည် ဖြစ်သည်။
''ရွှေချည်ငွေချည်၊ ဘော်ကြယ်နဲ့ အလှပြတဲ့ ဆင်တွေပေါ်လာတဲ့ နောက်ပိုင်းမှာ ဘော်ကြယ်ဆင်ပိုင်းကို အားပြုပြိုင်လာကြလို့ ရိုးရာဆင်ပိုင်း မှေးမှိန်အားနည်း လာခဲ့တာ နှစ် ၂၀ ၀န်းကျင် လောက်ရှိပြီ။ မနှစ်ကစပြီး ရိုးရာဆင်တွေ မတိမ်ကော စေဖို့အတွက် ဆုကြေးငွေ တိုးမြှင့်လိုက်တယ်။ ဒီနှစ်လည်း ရိုးရာဆင်ပြိုင်ပွဲကို ဆုကြေးငွေ ထပ်တိုးပေးလိုက်တော့ ရိုးရာဆင် ချိုးပေးရတဲ့သူတွေ များလာတယ်'' ဟု ဆင်ချိုးလုပ်ငန်း အများစု လုပ်ကိုင်သည့် ကျောက်ဆည်မြို့ ရဲစုရပ်နှင့် ဇရပ်ဖြူ ကျေးရွာရှိ ဆင်ချိုးလုပ်ကိုင် သူများက ပြောကြားသည်။

ယခင်နှစ် ကျောက်ဆည်ဆင် အကအလှ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေစဉ်
ဆင်လှူပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဆင်အဖွဲ့များအား ဆင်ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ရိုးရာဆင်(ပထမဆု) ဆုငွေကျပ် ရှစ်သိန်း၊ (ဒုတိယဆု) ဆုငွေကျပ် ခြောက်သိန်း၊ (တတိယဆု) ဆုငွေကျပ် လေးသိန်း၊ ဘော်ကြယ်ဆင် (ပထမဆု) ဆုငွေကျပ် ခုနစ်သိန်း၊ (ဒုတိယဆု) ဆုငွေကျပ် ငါးသိန်း၊ (တတိယဆု) ဆုငွေကျပ် သုံးသိန်းနှင့် ကလေးဆင် (ပထမဆု) ဆုငွေကျပ် ငါးသိန်း၊ (ဒုတိယဆု) ဆုငွေကျပ် သုံးသိန်း၊ (တတိယဆု) ဆုငွေကျပ် တစ်သိန်း ချီးမြှင့်သွားမည့် အပြင် နှစ် ၃၀ အထက် ပါဝင်လှည့်လည် ကြသော သက်ကြီးဆင်များကို 'ဇွဲဆု' ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
Category:



