သဘာဝ ဘေးအန္တရာယ် ဘာသာရပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်နေဟု ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြောကြား

White Star | 土曜日, 10月 12, 2013 |


8.1.1
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးနေ့တွင် ပြုလုပ်သောပြပွဲအား ကြည့်ရှုနေစဉ်
သဘာဝ ဘေးအန္တရာယ် ဘာသာရပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်နေသည်ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
အောက်တိုဘာ ၁၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျှော့ပါးရေးနေ့ အခမ်းအနားတွင် အမှာစကား ပြောကြားရာတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားသည်။
သဘာဝ ဘေးအန္တရာယ် ကျရောက်ဖြစ်ပွားချိန်တွင် ဖြစ်ပွားရာ ဒေသရှိ ဒေသခံ ပြည်သူနှင့် ဒေသခံ အစိုးရတို့ သည်သာ ပထမဦးဆုံး ရင်ဆိုင်ဖြေရှင်းရမည့် သူများဖြစ်ကြပြီး စီမံတုံ့ပြန် ဆောင်ရွက်ရမည်မှာ ဒေသခံ အစိုးရများ ဖြစ်ပါကြောင်း၊ ဘေးဒဏ်ကျရောက်နိုင်သည့် ဒေသရှိ ပြည်သူလူထုနှင့် ဒေသခံ အစိုးရတို့၏ ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းရည် တိုးတက်မြင့်မား လာစေရန်အတွက် သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ သင်တန်း၊ ပညာပေး ဆွေးနွေးမှုများ၊ ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို ကုလသမဂ္ဂအဖွဲ့၊ ပြည်တွင်းပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထိုဘာသာရပ်ကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလုပ်ဆောင် နိုင်ရေးအတွက် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် တည်ထောင်ဖွင့်လှစ် နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက် ရှိပါကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆိုသည်။
ယနေ့ကမ္ဘာတွင် ကြုံတွေ့နေကြရသည့် သဘာဝ ဘေးအန္တရာယ်များ၏ ဖြစ်ပွားမှု၊ အကြိမ်အရေအတွက် များလာမှုနှင့် ပိုမိုပြင်းထန် လာမှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံတစ်နိုင်ငံတည်း၊ ဒေသတစ်ခု တည်းဖြင့် ဆောင်ရွက်၍ မရတော့သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အာဆီယံ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းနောက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် တည်ထောင်ထားသည့် အာဆီယံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ၊ လူသားချင်း စာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်းလည်း ဒုတိယသမ္မတက ပြောကြားသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ