Super Cyclone Phailin မြန်မာနိုင်ငံတွင်းသို့ သက်ရောက်နိုင်မှု မရှိသေးသော်လည်း ကမ်းရိုးတန်း ဒေသများ သတိရှိရန်လို

White Star | 土曜日, 10月 12, 2013 |

India

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော Phailin ဟု အမည်ပေးထားသော အားကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်းသည် မြန်မာနိုင်ငံ အတွင်းသို့ သက်ရောက်နိုင်မှု အားနည်းနေသော်လည်း ကမ်းရိုးတန်း ဒေသများ အနေဖြင့် သတိရှိရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
''ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Phailin က ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၃၇၀၊ ဂွမြို့၏ အနောက်တောင်ဘက်မိုင် ၃၇၀ ခန့်၊ ကိုကိုးကျွန်း၏ အနောက်မြောက်ဘက် မိုင် ၃၁၀ခန့်ကို ဗဟိုပြုနေပါတယ်။ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းက အနောက်မြောက်ဘက်ကို ရွေ့လျားနေပါတယ်။ ဗဟိုချက်အနီး အမြင့်ဆုံး လေတိုက်နှုန်းကတော့ တစ်နာရီလျှင် မိုင်တစ်ရာမှ တစ်ရာ့နှစ်ဆယ်ခန့် ရှိပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ကမ်းလွန်ပင်လယ်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကြရောက်နိုင်ပါတယ်။ မိုးသက်လေပြင်းကြစဉ် မြေပြင်ရေပြင်မှာ တစ်နာရီကို မိုင် ၅၀ ခန့် တိုက်ခတ်နိုင်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းက လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိပါသေးတယ်'' ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့ ညနေပိုင်းတွင် အိန္ဒိယ အနောက်မြောက်ဘက်ပိုင်း သြရိဿကမ်းခြေသို့ ဖြတ်ကျော် ၀င်ရောက်မည်ဖြစ်ကာ မုန်တိုင်း အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း ဒေသတွင် အနားသား မိုးတိမ်တိုက်မှာ ရိုက်ခတ်နိုင်ပြီး၊ ဒီရေမြင့်တက်မှု မရှိနိုင်ကြောင်း Myanmar Climate Change မှ သိရသည်။
''မိုးလွန်မုန်တိုင်းက မိုးကြိုမုန်တိုင်းထက် ပိုပြင်းထန်ပါတယ်။ မုန်တိုင်းရဲ့ အဆုံးသတ် ခရီးစဉ်ကတော့ ဖြစ်နိုင်မှုအရ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့က အစဉ်လိုက် အရေးကြီးနေပါတယ်။ ယခုလက်ရှိတော့ မုန်တိုင်းက အိန္ဒိယကိုပဲ ၀င်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းက တဖြည်းဖြည်းနဲ့ အားကောင်းလာတဲ့ အတွက် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်က သတိရှိဖို့ လိုအပ်ပါတယ်'' ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ