ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမားများ ဆက်လက်အလုပ်လုပ်ခွင့်ရရေး စီစဉ်ပေးရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှု ရရှိ

ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးပွဲ၌ ထိုင်းကိုယ်စားလှယ် အဖွဲ့အား တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမားများ ဆက်လက်အလုပ် လုပ်ကိုင်ခွင့်ရရေး စီစဉ်ပေးရန် ထိုင်း-မြန်မာနှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးပွဲမှ သဘောတူညီမှု ရရှိခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က အဆိုပါ အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။
အဆိုပါ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေပြီး ပြည်ဝင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသည့် အလုပ်သမားများအား ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ရရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ပြီး အလုပ်သမားများ အနေဖြင့် လုပ်ငန်းများ မစတင်မီ လောလောဆယ်တွင် နယ်စပ်မြို့များသို့ ပြောင်းရွှေ့နေထိုင် ရမည်ဖြစ်ကြောင်း သိရသည်။
"လေးနှစ်ပြည့်တဲ့ အလုပ်သမားတွေ ကိစ္စမှာ လက်တွေ့အကောင်အထည် ဖော်ရမယ့် လုပ်ငန်းစဉ်တွေ အားလုံးကို သူတို့ဘက်က သဘောတူတယ်။ One stop service centre တွေ ဖွင့်ဖို့အတွက် နေရာသတ်မှတ် တာကိုလည်း သဘောတူတယ်။ ပြီးရင် စခန်းတွေကို သွားကြည့်မယ်။ အလုပ်ရှင်ကရော အလုပ်သမားရော သံရုံးကို တင်ရမယ်။ ပြီးရင် နိုင်ငံသား စိစစ်ပြီး ပြန်ပို့မယ်။ ပြီးရင်တော့ One stop service centre တွေမှာ သွားပြီးလုပ်ရမယ်။ အခုလက်ရှိ သက်တမ်းကုန်နေတဲ့ သူတွေက နယ်စပ်တွေမှာ သွားနေရမယ်" ဟု ဦးမျိုးအောင်က ပြောကြားသည်။
ပြည်ဝင်ဗီဇာ သက်တမ်းလေးနှစ်ပြည့်သည့် အလုပ်သမားများအတွက် မယ်ဆိုင် (တာချီလိတ်)၊ မဲဆောက် (မြ၀တီ)၊ ပူနရွန် (ထီးခီး)၊ ဆင်ဂေါင်း (မောတောင်) နှင့် ရနောင်း (ကော့သောင်း) မြို့များတွင် One stop service centre များ ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ထောင်ကျော်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
Category:



