မြန်မာနိုင်ငံကဲ့သို့ ကျိုးပျက်လွယ်သည့် နိုင်ငံများအတွက် သတင်းစာပညာ သင်တန်းများ ပြုလုပ်ပြီး နိုင်ငံတကာမှ ကူညီသင့်ကြောင်း Wilton Park Conference က သုံးသပ်

White Star | 日曜日, 10月 13, 2013 |

O-13-10
Wilton Park Conference တွင် နိုင်ငံတကာမှ တက်ရောက်လာသူများအား တွေ့ရစဉ် 
မြန်မာနိုင်ငံကဲ့သို့ ကျိုးပျက်လွယ်သည့် နိုင်ငံများတွင် သတင်းစာ အတတ်ပညာများ သင်ကြားပို့ချမှုတွင် ကူညီခြင်းသည် တည်ငြိမ်စွာ ဖွံ့ဖြိုးမှုနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို မြှင့်တင်နိုင်ကြောင်း Wilton Park Conference တွင် တက်ရောက်နေသည့် နိုင်ငံတကာမှ ပညာရှင်များက သုံးသပ်ခဲ့သည်။
ကျိုးပျက်လွယ်သည့် နိုင်ငံများတွင် နိုင်ငံတကာ မီဒီယာများ အဖွဲ့အစည်းများ အနေဖြင့် ပြည်တွင်းမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အလေ့အကျင့်ကောင်းများ မျှဝေခြင်း၊ ဒီဂျစ်တယ် လုံခြုံရေးနှင့် အင်တာနက် အသုံးပြုမှု တွင်ကျယ်လာစေရေးတို့တွင် ကူညီနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။
ထို့အပြင် ကျိုးပျက်လွယ်သည့် နိုင်ငံများရှိ သတင်းမီဒီယာများကို မူဝါဒတစ်ခု ချမှတ်၍ ကူညီခြင်းဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်စံနှုန်း၊ တရားဥပဒေ စိုးမိုးမှုနှင့် အကာအကွယ် ရရှိမှု၊ တာဝန်ယူမှုနှင့် သတင်းတိကျ ခိုင်မာမှုများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ပြီး တည်ငြိမ်စွာ ဖွံ့ဖြိုးလာမှုနှင့်အတူ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်ကို အထောက်အကူ ပေးနိုင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းသုံးသပ် ခဲ့သည်။
Wilton Park Conference တွင် နိုင်ငံတကာမှ တက်ရောက်လာသူများက မီဒီယာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ တာဝန်ယူမှုနှင့် ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေသော နိုင်ငံများ၊ ဘဏ္ဍာရေး ဆိုင်ရာများ၊ ဒီဂျစ်တယ် နည်းပညာ ပြောင်းလဲလာမှုများ စသည့်အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Wilton Park Conference တွင် Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်က ကျိုးပျက်လွယ်သော နိုင်ငံများမှ သတင်းမီဒီယာ ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီနှင့် ပတ်သက်သည့် သမိုင်းကြောင်းများ၊ သတင်းမီဒီယာ၏ အခန်းကဏ္ဍ၊ သတင်းမီဒီယာများ၏ လက်ရှိအခြေအနေများ၊ စိန်ခေါ်မှုများနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာများအတွက် နိုင်ငံတကာမှ ကူညီမှုများနှင့် သက်ရောက်မှုများကို ထည့်သွင်းပြောကြား ခဲ့သည်။
Wilton Park Conference ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာမှ အစိုးရ ၀န်ကြီးများ၊ NGO များနှင့် ပညာရှင် ၈၀ ခန့် တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
Wilton Park Conference သည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို နိုင်ငံတကာမှ ပညာရှင်များ၏ အမြင်များကို စုစည်း၍ သုံးသပ်ချက်များ ထုတ်ပြန်သည့် အဖွဲ့အစည်း ဖြစ်သည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ