အားလုံးကျန်းမာ ကျုပ်တို့ရွာ

(၁)
''အာရောဂျံ
ပရမံ
လာဘံ
လက်ခံကျင့်သုံး တပြုံးပြုံးနဲ့
ကျန်းမာနေတဲ့ မိတ်ဆွေများ'' တဲ့။
အာရောဂျံ ပရမံလာဘံ - ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်သည်။ (ပါဠိမူရင်း အမှန်မှာ အာရောဂျ၊ ပရမာ၊ လာဘာ ဟု ဆိုပါသည်။)
လူတိုင်း ကြားဖူးနေသော၊ နားစွဲနေသော စကားဖြစ်သည်။ လူဆိုသည်က ကျန်းမာခြင်း၏ တန်ဖိုးရသကို မကျန်းမမာ ဖြစ်နေစဉ်ကာလ အတွင်းမှာသာ သတိပြု နေကြသည်က ပိုများနေတတ်ပါသည်။ ထို့ကြောင့်ပင် ကျန်းမာရေးအသိ အစဉ်ရှိသူ များကသာ ကျန်းမာရေးကို ပုံမှန်လိုက်စား ကြသည်။ ကိုယ်ခန္ဓာ ကျန်းမာရွှင်လန်း ပါမှလည်း ရည်ရွယ်ရာလမ်း ဖြောင့်ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်မည် မဟုတ်ပါလား။
(၂)
''ခြေလက်မျက်နှာ
ဆေးကြောပါ
ကျန်းမာသန့်ရှင်း ရောဂါကင်း'' တဲ့။
ငယ်ရွယ်စဉ်ဖတ်စာ သင်ခန်းစာထဲမှာပင် လမ်းညွှန်ပေးထားသော ကျန်းမာသုတ ဆောင်ပုဒ်ဖြစ်သည်။ ငယ်ရွယ်စဉ် ကတည်းက သန်စွမ်း ကျန်းမာသော ဘ၀ကို ပိုင်ဆိုင်နိုင်စေရန် ညွှန်ပြချက်လည်း ဖြစ်သည်။ အစားအသောက် စားစရာများ လက်ခံပေးမည့် ပါးစပ်နှင့် အနီးစပ်ဆုံး နေရာဖြစ်သော လက်၊ မျက်နှာတို့ သန့်ရှင်းရေး သည်လည်း အလွန်အရေးကြီး လှပါသည်။ (ယခုအခါ အောက်တိုဘာ ၁၅ ရက်ကို ကမ္ဘာ့လက်ဆေးနေ့ဟု သတ်မှတ် ထားလိုက်ပြီ ဖြစ်သည်။)
ထိုနည်းတူစွာ အညစ်အကြေး ရောဂါပိုးမွှားများ သယ်ဆောင် ပေးလာနိုင်သည့် ခြေထောက်တို့ သန့်ရှင်းရေးသည်လည်း အရေးကြီး လှပါသည်။ မည်သို့ဆိုစေ ခြေလက်မျက်နှာ သန့်ရှင်းခြင်းသည် ကျန်းမာရေး အအတွက် ထောက်ကူ ပေးနေသည် ဆိုသည်မှာ ငြင်းမရသော အမှန်တရား။
အားလုံးကျန်းမာ ဖို့အတွက် အရေးကြီးသော အခြေခံ အချက်များ ဆိုသည်မှာ ဘယ်လိုပြုမူ နေထိုင်နည်းများ ပါနည်း။ စေ့စေ့တွေးလျှင် ရေးရေးပေါ်လာ နိုင်ပါလိမ့်မည်။မိမိတစ်ကိုယ်ရေ ကျန်းမာမှုမှသည် လူ့ဘောင်တစ်ခုလုံး ရွှင်ပြုံးကျန်းမာ ရှိကြဖို့ ဆိုပါလျှင်... |
(၃)
စောစောထ
သွားတိုက်
မျက်နှာသစ်
သက္ကရာဇ်ထွန်းပြောင်
နှစ် ၂၀၀၀ မျှော်
သိပ်ပျော်နေတဲ့ မိတ်ဆွေများ'' တဲ့။
စောစောအိပ်ထ ပြုကျင့်ခြင်းသည်လည်း ကျန်းမာရေးအတွက် အရေးကြီးသော အခြေခံအကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၁၉၈၀ ၀န်းကျင်မှစ၍ ကျန်းမာရေးဌာနက ဆောင်ပုဒ်တစ်ခု ချမှတ်၍ တစ်မျိုးသားလုံး ကျန်းမာရေးအတွက် အကြီးအကျယ် ဆော်သြခဲ့ဖူးသည်။ ''အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ'' ဟူ၍ ဖြစ်သည်။ လူတွေအားလုံး ကတော့ ကျန်းမာနိုး ကျန်းမာနိုးနှင့် ၂၀၀၀ ပြည့်နှစ်ကို မျှော်မောခဲ့ကြဖူးသည်။ သို့သော် ယခု ၂၀၁၃ နှောင်းပိုင်းကိုပင် ရောက်လာခဲ့ရပါပြီ။ အားလုံးသော မြန်မာပြည်သူ ပြည်သားများ ကျန်းမာရွှင်လန်းပါစ။
(၄)
''ဟုတ်ရဲ့လား မိတ်ဆွေ
အားလုံးကျန်းမာ
အားလုံးကျန်းမာ'' တဲ့။
အားလုံးကျန်းမာဖို့ ဆိုပါလျှင် ...
စောစောထ၊ သွားတိုက်၊ မျက်နှာသစ် နေရုံနှင့် ပြီးနိုင်မည် မထင်ပါ။ ခြေလက်မျက်နှာ ဆေးကြောနေရုံနှင့် ကျန်းမာရေး အတွက် လုံလောက်သော ဆေးတစ်ဖုံ ဖြစ်လာနိုင်မည် မထင်ပါ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု အသိတရား ရှိထားရုံမျှနှင့်လည်း ကျန်းမာလန်းဖြာလာမည် မထင်ပါ။
သို့ဆိုပါလျှင် အားလုံးကျန်းမာ ဖို့အတွက် အရေးကြီးသော အခြေခံ အချက်များ ဆိုသည်မှာ ဘယ်လိုပြုမူ နေထိုင်နည်းများ ပါနည်း။ စေ့စေ့တွေးလျှင် ရေးရေးပေါ်လာ နိုင်ပါလိမ့်မည်။မိမိတစ်ကိုယ်ရေ ကျန်းမာမှုမှသည် လူ့ဘောင်တစ်ခုလုံး ရွှင်ပြုံးကျန်းမာ ရှိကြဖို့ ဆိုပါလျှင် -
''မိတ်ဆွေတို့ရဲ့ ကိုယ်မှာ
မှီကာရစ်ခွေ
ရှင်သန်နေကြ
လောဘမျက်နှာ သစ်လိုက်ပါ
မောဟသွားတွေ တိုက်ပစ်ပါ
အတ္တခြေများ ဆေးကြောပါ
ဒါဆိုလျှင်
မကြာတော့ပါ ရှေ့နားမှာ
အားလုံးကျန်းမာ ကျုပ်တို့ရွာ''
- Written by ကောင်းကျော် (စီးပွားရေးတက္ကသိုလ်)
Category:



