အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့မှသည် ပိုမိုလုံခြုံရာဆီသို့

အောက်တိုဘာ ၁၃ ရက်က အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းရှိ ဂိုပေါပါရွာအနီး ဖိုင်လင်မုန်တိုင်း တိုက်ခတ်မှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေစဉ်
အခုတစ်လော သတင်းစာစောင်တွေ ဖတ်ရကြားရတာ စိတ်မချမ်းသာပါ။ ဘင်္ဂလားပင်လယ်မှာ အင်အားပြင်းမုန်တိုင်း ဖြစ်ပေါ်နေပါသည်။ အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေလို့ မြန်မာနိုင်ငံက အ၀ါရောင်အဆင့် (ဤဆောင်းပါး ရေးချိန်တွင်) ပေးထားပါသည်။ တစ်ဖက်နိုင်ငံ ပြည်သူတွေအတွက် ဘေးကင်းကြစေဖို့ ဆုတောင်းနေကြ ရပါသည်။ မြန်မာပြည်ရဲ့ ယခုနှစ်မိုးရာသီ အစမကောင်းသလိုလို ရှိခဲ့ပေမယ့် မိုးလယ်နှင့် မိုးနှောင်း ကောင်းခဲ့ပါသည်။ ဧရာဝတီမြစ်နှင့် အခြားအဓိက မြစ်ချောင်းများ တစ်လျှောက်မှာ တည်ရှိနေတဲ့ ကျေးရွာများ မြစ်ကမ်းပါးပြိုလို့ အခုချိန်ထိ ရွှေ့ပြောင်းနေရဆဲပါ။ ချင်းတောင်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွေမှာလည်း တောင်ပြိုလို့ ရွာလုံးကျွတ် ရွှေ့ပြာင်း နေကြရပါသည်။ သူတို့ခမျာ ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့တဲ့နေရာ ဆုံးရှုံးရတာ ရင်နာစရာပါ။ မြန်မာပြည်အောက်ပိုင်းက ကရင်၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ရေကြီးရေမြုပ်လို့ သီးနှံစိုက်ခင်း ပျက်စီး၊ လူတွေလည်း ဒုက္ခရောက်ခဲ့ ကြရပါသည်။ အလယ်ပိုင်းမှာလည်း တချို့နေရာ ရေကြီးလို့ ကြက်သွန်ခင်းတွေ ပျက်စီးနေသလို တချို့ဒေသမှာ မိုးခေါင်လို့ ဧကသောင်းချီ နှမ်းခင်းများ ပျက်စီးခဲ့လို့ သက်ဆိုင်ရာဒေသ အစိုးရက အစားထိုးသီးနှံ စိုက်နိုင်ဖို့အတွက် ထောက်ပံ့ခဲ့ရပါသည်။ ဒီလိုဖြစ်နေရတာဟာ မိုးကောင်းလွန်း (ရက်ဆက်ရွာ၍) လို့လား၊ ရာသီဥတု ပြောင်းလဲဖောက်ပြန် လို့လား၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်း လာလို့လား စသည့် မေးခွန်းများကို တွေးနေမိပါသည်။
အောက်တိုဘာ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာပါ ''သဘာဝဘေး အန္တရာယ် ဘာသာရပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်နေ'' ဟု နေပြည်တော်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း ဖတ်ရပါသည်။ ဆက်လက်ပြီး ဒုတိယသမ္မတက သဘာဝဘေး အန္တရာယ် ကျရောက်ပါက ဦးစွာစီမံတုံ့ပြန် ဆောင်ရွက်ရမည်မှာ ဒေသခံ အစိုးရများ ဖြစ်ပါကြောင်း၊ ဘေးဒဏ်ကျရောက် နိုင်သည့်ဒေသရှိ ပြည်သူနှင့် အစိုးရတို့၏ ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းရည်တိုးတက် မြင့်မားလာစေရန် ဆိုင်ရာသင်တန်းများ၊ ပညာပေး လေ့ကျင့်ခြင်း လုပ်ငန်းများကို ကုလသမဂ္ဂအဖွဲ့၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတ မြို့နယ်တွင် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း တည်ထောင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့သည်ကို ဖတ်ရှုရပါသည်။
ဤဆောင်းပါးတွင် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ လေ့လာသူ အနေဖြင့် စာရေးသူ သိမြင်ယုံကြည် ထားမှုများကို အနည်းငယ် တင်ပြသွားပါမည်။ သဘာဝဘေး အန္တရာယ် ရင်ဆိုင်တုံ့ပြန် နိုင်ရေးအတွက် သဘာဝဘေး၏ အကြောင်းရင်း ခံများထဲမှ တစ်ခုဖြစ်သော ရာသီဥတုဆိုင်ရာ အခြေခံ အချက်အလက် များစွာရှိဖို့ အလွန်လိုအပ်ပါသည်။ နှစ်ပေါင်းကြာကြာ စုဆောင်းထားနိုင်လေ အကျိုးရှိလေ ဖြစ်သည်။ သို့မှသာ အခြေခံ အချက်အလက်များကို လေ့လာဆန်းစစ်ပြီး သင့်လျော်သည့် အစီအမံများ ချမှတ်ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လေ့လာဆန်းစစ်ထားသည့် သဘာဝဘေးဆိုင်ရာ ကိုးကားရန် စာအုပ်စာတမ်းများ နည်းပါးပါသည်။ ရှိပါက ယုံကြည်စိတ်ချ ရသည်လား မေးခွန်းများ ပေါ်လာပါသည်။ နာဂစ်မုန်တိုင်း နောက်ပိုင်း ထုတ်ဝေသည့် မြန်မာပြည် သဘာဝဘေးမြေပုံ ((Hazard Map of Myamanr) စာအုပ်သာ စာရေးသူ သိမိပါသည်။ လေ့လာ ဆန်းစစ်ထားသော အခြေခံ အချက်အလက်များ မရှိဘဲ ကျရောက်လာမည့် သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်ရေး မှန်မှန်ကန်ကန် စီမံလေ့ကျင့် ပြင်ဆင်နိုင်ပါမည်လား စဉ်းစားမိပါသည်။ နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင်လည်း မြန်မာပြည်တစ်ဝန်း မိုးလေ၀သ စခန်းများ လုံလောက်စွာ မရှိ၍ လိုအပ်သည့် အချက်အလက်များ မရရှိနိုင်ကြောင်း မိုး/ဇလညွှန် ချုပ်(ငြိမ်း)က ထုတ်ဖော် ပြောဆို ထားသည်ကို ဖတ်ရပါသည်။ ဧရာဝတီ မြစ်ဆုံဒေသတွင် မိုးလေ၀သစခန်း မရှိသေးကြောင်း ဥပမာပေး ပြောဆိုထားပါသည်။
လက်ရှိအစိုးရချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလျက်၊ မြို့ပြဒေသ ဆင်းရဲမှု လျော့ပါးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းများ အောင်မြင်ဖို့ ဘေးအန္တရာယ် ကျရောက်မှုကြောင့် အိတ်ပေါက်နှင့် ဖားကောက်သလို မဖြစ်စေချင်ပါ။ ဖြစ်မှထလုပ်မည့် ထုံးစံမှ လွတ်မြောက် စေချင်ပါသည်။ သို့အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားပွဲတင် ရပ်မနေဘဲ မျက်ခြည်မပြတ် ဆက်လက် ဆောင်ရွက်ဖို့ အလွန်လိုအပ် ပါကြောင်း... |
ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက အထက်မြန်မာပြည် တစ်ခုလုံး၏ ရာသီဥတု အခြေအနေကို စောင့်ကြပ်ကြည့်ရှုနိုင်ရန် အမေရိကန်ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိ မိုးလေ၀သ ရေဒါစခန်းကြီး တစ်ခုအား မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည် လေယာဉ်ကွင်းတွင် ဂျပန်နိုင်ငံ အကူအညီဖြင့် တည်ဆောက်မည်ဟု ပြောကြားထားပါသည်။ သတင်းကောင်းပါ။ အမြန်ဆုံး လက်တွေ့ အကောင်အထည် ဖော်ဖို့သာ လိုအပ်ပါသည်။ သို့မှသာ လိုအပ်နေသည့် အခြေခံသတင်း အချက်အလက်ရရှိပြီး သဘာဝဘေး လျော့ပါးရေး လုပ်ငန်းစဉ်များကို စီမံဆောင်ရွက် နိုင်လိမ့်မည်ဖြစ်သည်။ အထူးသဖြင့် မြန်မာပြည် အလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသတွင် ရာသီဥတု ပြောင်းလဲဖောက်ပြန် မှုကြောင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုများ နှစ်စဉ်နှစ်တိုင်း ကြားနေ မြင်နေ ရပါသည်။ သက်ဆိုင်သည့် အစိုးရဌာန များကလည်း ဘယ်လိုကူညီ ပေးရမှန်းမသိ၊ ဘယ်က စရမှန်းမသိ။ စပ်မျိုးစပါး အထူးအထွက်တိုးရေး ကိုသာ အထက်ညွှန်ကြား ချက်အတိုင်း အချိန်ကုန် နေရပါသည်။ သက်ဆိုင်ရာ ၀န်ကြီးဌာန အချင်းချင်း ပူးပေါင်းအဖြေရှာဖို့ လိုအပ်နေပြီ ဖြစ်သည်။ ပညာရှင်များ စဉ်းစားကြပါကုန်။
ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ် (World Meteorological Organization) ၏ ၂၀၁၃ ခုနှစ်ထုတ် အထူးစာစောင်တွင် သဘာဝဘေး လျော့ပါးရေး (Disaster Risk Reduction) ကဏ္ဍသည် WMO ၏ အဓိက လုပ်ငန်းစဉ်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ ၂၀၁၂-၂၀၁၅ ကာလအတွင်း WMO ၏ DRR ဦးစားပေး လုပ်ငန်းများမှာ ဘေးအန္တရာယ် ဆန်းစစ်ခြင်း (Risk assessment)၊ ဘေးအန္တရာယ် ကြိုတင်သတိပေးစနစ် (Early warning systems)၊ ရာသီဥတုအပေါ် အမှီပြုနေသော ကဏ္ဍရပ်များတွင် ဘေးအန္တရာယ် လျော့ပါးရေး (Risk reduction in climate-sensitive sectors) ၊ ဘေးအန္တရာယ်ဆိုင်ရာ ဘဏ္ဍာရေးနှင့် လွှဲပြောင်းရေး (Risk financing abd transfer) စသည်တို့ ပါဝင်သည်။ မြန်မာနိုင်ငံသည် WMO အဖွဲ့ဝင်ဖြစ်၍ အထက် ဖော်ပြပါ မည်သည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေသည်ကို ပြည်သူတစ်ဦး အနေဖြင့် စိတ်ဝင်စားနေ မိပါသည်။ WMO စာစောင်ပါ အချက်အလက် များအရ ၁၉၇၀-၂၀၀၉ ခုနှစ်အတွင်း မိုးလေ၀သ/ ဇလဗေဒနှင့် ဆိုင်သော ဘေးအန္တရာယ်ပေါင်း ၇၈၇၀ ခု ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့ပြီး၊ လူ့အသက် ဆုံးရှုံးမှုပေါင်း ၁ ဒသမ ၉ သန်းနှင့် စီးပွားရေး ထိခိုက်မှုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလျံ (သန်းပေါင်း တစ်သန်း) ရှိပါကြောင်း၊ စုစုပေါင်း ဘေးအန္တရာယ်မှ ၇၉ ရာခိုင်နှုန်း ၊ အသက်ဆုံးရှုံးမှုမှ ၅၆ ရာခိုင်နှုန်း၊ စီးပွားရေး ထိခိုက်မှုမှ ၈၅ ရာခိုင်နှုန်းသည် မုန်တိုင်းနှင့် ရေကြီးခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။ အောက်ဖော်ပြပါ ဇယား ၁ နှင့် ၂ အရ မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှု အများဆုံး စာရင်းတွင် ကမ္ဘာမှာ အမှတ်စဉ် ၅ နှင့် အာရှမှာ အမှတ်စဉ် ၃ ဘင်္ဂလားဒေ့ရှ် နိုင်ငံနောက် ကပ်လျက် ရှိနေပါသည်။
မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံလောက် အရေအတွက်အရ မုန်တိုင်းများများစားစား မကျရောက်ခဲ့ပါ။ ထူးခြားသည့် သမိုင်းဝင် နာဂစ်မုန်တိုင်း (၂၀၀၈) နှင့် ဂီရိမုန်တိုင်း (၂၀၁၀) သာ စာရေးသူ သိမီပါသည်။ ဇယား ၂ ကို လေ့လာကြလျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၁၉၇၀ နှင့် ၁၉၉၁ မုန်တိုင်းတွင် အသေအပျောက် စံချိန်တင်ခဲ့ပြီး နောက်ပိုင်း မုန်တိုင်းများတွင် လျော့နည်းလာပြီး ၂၀၀၁ မုန်တိုင်းတွင် အသေအပျောက် အနည်းဆုံး ရှိခဲ့ပါသည်။ စာရေးသူ လေ့လာမှတ်သား ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဘေးအန္တရာယ် လျော့ပါးရေး အစီအမံနှင့် ရင်ဆိုင်တုံ့ပြန်ရေး လုပ်ငန်းများ တိုးတက်ကောင်းမွန်လာ၍ ဖြစ်ပါသည်။ စာရွက်ပေါ်တင် မဟုတ်ဘဲ အောက်ခြေ ပြည်သူလူထု ထိရောက်အောင် တက်လှမ်းနိုင်ခဲ့၍ ဖြစ်သည်။ နောက်အာရှ ကျွန်းနိုင်ငံ တစ်ခုဖြစ်သော ဖိလစ်ပိုင်သည် နှစ်စဉ်မုန်တိုင်း ၂၀ ခန့် ၀င်ရောက်လေ့ရှိပြီး လေးငါးခုသည် ဖျက်အားပြင်းအဆင့် ရှိပါသည်။ သို့သော် မည်သည့် အကြောင်းကြောင့် ကမ္ဘာမှာရော အာရှမှာပါ မုန်တိုင်းနှင့် ရေကြီးမှုတို့ကြောင့် အသက်ဆုံးရှုံးမှု ထိပ်ဆုံးစာရင်းတွင် ဖိလစ်ပိုင်နိုင်ငံသည် မပါဝင် ပါသနည်း။ စိတ်ဝင်စား စရာပါ။ သူတို့၏ အစိုးရနှင့် ပြည်သူတွေ ဘယ်လိုပြုမူ နေထိုင်ကြသလဲ၊ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြသလဲ မြန်မာနိုင်ငံ အနေဖြင့် လေ့လာဖို့ အလွန်ကောင်းပါသည်။
အချုပ်ဆိုရလျှင် အပြောထက် အလုပ်က ပိုမိုလိုအပ်ပါသည်။ လက်ရှိအစိုးရချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလျက်၊ မြို့ပြဒေသ ဆင်းရဲမှု လျော့ပါးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းများ အောင်မြင်ဖို့ ဘေးအန္တရာယ် ကျရောက်မှုကြောင့် အိတ်ပေါက်နှင့် ဖားကောက်သလို မဖြစ်စေချင်ပါ။ ဖြစ်မှထလုပ်မည့် ထုံးစံမှ လွတ်မြောက် စေချင်ပါသည်။ သို့အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားပွဲတင် ရပ်မနေဘဲ မျက်ခြည်မပြတ် ဆက်လက် ဆောင်ရွက်ဖို့ အလွန်လိုအပ် ပါကြောင်း သက်ဆိုင်ပတ်သက်သူ အားလုံး (All Stakeholders) သို့ တိုက်တွန်း နှိုးဆော် အပ်ပါသည်။

Category:



