ခြံဖွင့်ရာသီ ရောက်နေပြီ ဖြစ်သော်လည်း မြန်မာပြည်အောက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု ရှိနေခြင်းကြောင့် ရော်ဘာခြံ အားလုံးနီးပါး ပြန်ဖွင့်နိုင်ခြင်း မရှိသေး

White Star | 火曜日, 10月 15, 2013 |


J-16-10
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ရော်ဘာခြံတစ်ခြံအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)
ခြံဖွင့်ရာသီသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာပြည်အောက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု ရှိနေခြင်းကြောင့် ရော်ဘာခြံ အားလုံးနီးပါး ပြန်ဖွင့်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်၏ ပြောပြချက်အရ သိရသည်။
ပုံမှန်အားဖြင့် နှစ်စဉ် စက်တင်ဘာလ အလယ်ပိုင်းတွင် ခြံဖွင့်ရာသီ စတင်ကာ ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှုများ စတင်လေ့ ရှိသော်လည်း ယခုနှစ်တွင်မူ မိုးရပ်သည့် အချိန်တွင် ရော်ဘာစေးများခြစ်ပြီး မိုးပြန်ရွာသည့် အချိန်တွင် အစေးခြစ်ယူမှု ရပ်နားထားရခြင်းကြောင့် ခြံအားလုံးနီးပါး ပြန်မဖွင့်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုများကို မန္တလေးနှင့် မကွေးတိုင်းဒေသကြီးမှအပ ကျန်ပြည်နယ်နှင့် တိုင်းများအားလုံးတွင် စိုက်ပျိုးထုတ်လုပ်မှုရှိကြောင်း သိရသည်။
အဓိကအားဖြင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအလိုက် စိုက်ပျိုးထားသည့် ရော်ဘာစိုက်ဧကမှာ တစ်သန်းလေးသိန်းသုံးသောင်း ဧကရှိနေပြီဖြစ်ကြောင်း သိရသည်။
ရော်ဘာစိုက်ဧကများကို နှစ်စဉ်တိုးချဲ့ စိုက်ဧက စီမံကိန်းအရ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ အဆိုပါ စိုက်ကွက်များမှ ထွက်ရှိသည့် ရော်ဘာအထွက်နှုန်းများ နှစ်စဉ်တိုးတက်နေကြောင်း သိရသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှုတန်ချိန် ၁၂၀၀၀၀ ကျော်ရှိပြီး တန် ၉၁၃၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၂ သန်းကျော် ရရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ရော်ဘာကုန်ကြမ်းတန်ချိန် ၁၂၈၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး တန်ချိန် ၇၈၀၀၀ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁၁ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ